Home သတင်း ရွှေကုက္ကိုလ်မြို့သစ်အနီးအထိ တိုက်ပွဲဖြစ်ပွားလာ၍ ဒေသခံရွာသားများ သောင်ရင်းမြစ်ကမ်းနားသို့ တိမ်းရှောင်

ရွှေကုက္ကိုလ်မြို့သစ်အနီးအထိ တိုက်ပွဲဖြစ်ပွားလာ၍ ဒေသခံရွာသားများ သောင်ရင်းမြစ်ကမ်းနားသို့ တိမ်းရှောင်

1486
Photo: CJ

ဧပြီလ ၅ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်း ရွှေကုက္ကိုလ်မြို့သစ်အနီး ထိကော်ထောကျေးရွာရှိ စစ်ကောင်စီ၊ နယ်ခြားစောင့်တပ် -BGF ပူးပေါင်းတပ်ဖွဲ့များ နေထိုင်ရာစစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ (ဧပြီလ ၅ ရက်) နံနက်တွင် ဝင်ရောက်တိုက်ခိုက်မှုကြောင့် အနီးအနားရှိ ဒေသခံအရပ်သားများမှာ သောင်ရင်းမြစ်ကမ်းဘေးနေရာများတွင် တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။

ရွှေကုက္ကိုလ်မြို့သစ်အနီး တိုက်ပွဲဖြစ်ပွားနေ၍ လက်ရှိတွင် ၎င်းမြို့သစ်အတွင်းအပြင်များကို အသွား အလာပိတ်ပင်ထားပြီး လက်နက်ကြီးပစ်ခတ်သံများကြောင့် ရာနှင့်ချီသည့် ဒေသခံပြည်သူများမှာ သောင်ရင်းမြစ် ကမ်းဘေးနေရာများသို့ တိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ရွာထိပ်မှာတော့ ရောက်နေပြီး။ အိမ်ကလူတွေတော့ အထုပ်အပိုးတွေထုတ်နေပြီး။ မနက်တုန်းကနေ လက်နက်ကြီးသံတွေညံနေတယ်။ ရွာထဲက BGF ရော စကစနဲ့ ပေါင်းပြီးပစ်နေတယ်။ တော်လှန်ရေးတပ်ဖွဲ့က ထိကော်ထောရွာက BGF စခန်းတွေကိုလာပစ်လို့တဲ့။ ခုသောင်ရင်းမြစ်ဘေးမှာ ပြေးနေရပြီး အခြေအနေ မကောင်းဘူး။ တရုတ်ဆိုက်က လူတွေလည်းပြေးနေရတယ်။ နှစ်သစ်ကူးကွင်းထဲကို လက်နက်ကြီးတွေ ကျတယ်။”ဟု ပြောသည်။

Photo: Moejoe news

ထို့အပြင် တိုက်ပွဲဖြစ်စဉ်ကြောင့် ရွှေကုက္ကိုလ်မြို့သစ် ရပ်ကွက်ထဲမှ ပြည်သူများအနေဖြင့် မိမိအိမ်ထဲ၌သာနေထိုင်ပြီး အပြင်ထွက်ခြင်းမပြုကြရန် BGF တပ်ဖွဲ့ဝင်များက လိုက်လံသတိပေးပြောဆိုမှုများရှိနေကြောင်းလည်း ဒေသခံများထံမှ သိရှိရသည်။

ရွှေကုက္ကိုလ်မြို့သစ်အနီးရှိ ထိကော်ထောကျေးရွာများဘက် တိုက်ပွဲဖြစ်ပွားသကဲ့သို့ မြဝတီ− ကော့ကရိတ်အာရှလမ်းတောနော်ရေတံခွန်အနီးတွင်လည်း ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားသောကြောင့် ကားသမားအနေဖြင့် ပြန်လှည့်ပြန်လာရကြောင်း ယာဉ်မောင်းတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ရွှေကုက္ကိုလ်မြို့သစ်အနီး တိုက်ပွဲဖြစ်စဉ်တွင် နှစ်ဖက်အထိအခိုက်၊ အကျအဆုံးရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ကေအိုင်စီ-ကရင်သတင်းဌာန အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။