ဧပြီလ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြန်မာနှင့်ထိုင်းနှစ်နိုင်ငံကုန်သွယ်ရေးသွယ်ရေးအတွက် အဓိက အားထားရသည့် မြဝတီကုန်သွယ်ရေးဇုန်ကို ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် လက်ရှိ အဆိုပါ ကုန်သွယ်ရေးဇုန်တွင် စစ်ကောင်စီတပ်နှင့်ရဲအစောင့်အကြပ်များနည်းပါးလျက်ရှိနေကြောင်း ယာဉ်မောင်းများက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၅ရက် နှင့် ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မြို့မရဲစခန်း၊ ဂျိုင်းတံတား လုံခြုံရေး ကင်းတပ်ဖွဲ့စခန်း၊ ငါးတိုင်ရွာ အလယ်တန်းစာသင်ကျောင်းဝင်းရှိ တပ်စွဲထားသည့် နယ်ခြားစောင့်တပ် (BGF) စခန်းနှင့် ကုန်သွယ်ရေးဇုန်တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ဦးစီးသည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ခိုက်မှုအတွင်း ကုန်သွယ်ရေးဇုန်ရှိ နေရာအချို့ကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် လက်ရှိတွင် စစ်ကောင်စီဘက်မှ ပြန်လည်ဝင်ရောက်တပ်စွဲလာသော်လည်း BGF တပ်ဖွဲ့များနှင့် ယာဉ်ထိန်းရဲများကိုသာ ထားရှိတော့ကြောင်း မျက်မြင်ယာဉ်မောင်းတစ်ဦးက ယခုလိုပြောသည်။
“အရင်ကတော့ ရဲရော၊ စစ်သားရော၊ BGFတွေရောများတာပေါ့။ ဇုန်တိုက်ခံရပြီးတော့ အဲ့ဒီမှာရဲတွေတောင် တစ် ယောက်မှ မတွေ့တော့ဘူး။ တိုက်ပွဲမဖြစ်ခင်ကတော့ ကုန်သွယ်ရေးဇုန်ထဲမှာ ရဲတွေရှိတယ်။ လာသမျှ ကားတွေကို ပိုက်ဆံထွက်တောင်းတာပေါ့။ အခုက ဂိတ်မှာဘယ်သူမှ ထိုင်မရဲတော့ဘူးဖြစ်မှာပေါ့။ လှိုင်ဝ (ကော့ကရိတ်)ဂိတ်မှာကတော့ BGFနဲ့ မော်တော်ပီကယ်လောက်ပဲရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ မြဝတီကုန်သွယ်ရေးဇုန်တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ သတင်းပြန် ကြားရေးအဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက KNU ခွဲထက် PDF အကြမ်းဖက်အဖွဲ့များက မြဝတီကုန်သွယ်ရေးဇုန်ကို တိုက်ခိုက်ခဲ့ကြောင်းနှင့် ၎င်းဖြစ်စဉ်သည် မိုက်မဲသည့် လုပ်ရပ်ဖြစ်ကြောင်း ၎င်းတို့ထိန်းချုပ်ထားသည့် သတင်းဌာနများတွင် ပြောဆိုခဲ့သည်။
ထို့အပြင် မြဝတီ−ကော့ကရိတ်အာရှလမ်းမကြီးနှင့် ထို့ကော်ကိုးလမ်းပိုင်းတွင်ဘက်တွင်လည်း စစ်ဆေးရေးဂိတ်များကို လျှော့ချစစ်ဆေးနေပြီး တိုက်ပွဲများကြောင့် ကားအသွားအလာ နည်းပါးနေသည်ဟု အမည်မဖော်လိုသူ အခြားယာဉ်မောင်းတစ်ဦးကလည်း ကေအိုင်စီသို့ ပြောသည်။

“ကားကတော့ အသွားပါတယ်။ လမ်းမှာကားကြီးတွေလည်း သိပ်မရှိတော့ဘူး။ အခုက အစစ်အဆေးတွေလည်း မစစ်တော့ဘူး။ ပြီးတော့ ဇုန်တွေမှာ တံတားကြီးမှာတွေ အစစ်အဆေးသိပ်မလုပ်တော့ဘူး။ အစစ်အဆေးသိပ် မလုပ်ဘူးဆိုတာက အဲ့ဒီဂိတ်မှာထိုင်တဲ့အကြီးအကဲတွေက မရှိတော့ဘူးလေ။ သူတို့လက်အောက် ငယ်သား တွေပဲလာထိုင်တယ်။ ခရီးသည်တင်တဲ့ကားလည်းပါးတယ်။ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတော့ ခရီးသည်တွေ လည်းသွားမရဲဘူး”ဟု ၎င်းယာဉ်မောင်းက ပြောသည်။
လက်ရှိတွင် KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲမကြာခဏ ဖြစ်ပွား နေသေးသောကြောင့် ကုန်ရောင်းကုန်ဝယ်စျေးရောင်းသူများအနေဖြင့် လမ်းခရီးကြန့်ကြာမှုများနှင့်ကုန်ပစ္စည်း ပျက်စီးမှုများကိုပါ ကြုံတွေ့နေရကြောင်း အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “အာရှလမ်းမှာဆို မနက်ပိုင်းလေးတစ်ချက်ပဲကားရှိတယ်။ နေ့လည်ပိုင်းဆို ကားအသွားအလာမရှိဘဲ ရှင်း လင်းနေတာပဲ။ ဟို့အရင်ကလို များများစားစားမရှိတော့ဘူး။ ကားကြန့်ကြာတာလည်းပါတယ်။ တိုက်ပွဲဖြစ် နေတော့ သွားမရဲကြတာလည်းပါမှာပေါ့။ ခရီးလည်းမရောက်ဘူးပေါ့။ လမ်းမှာ ၅ ရက်လောက်ကြာနေတော့ ငါးတို့၊ ကြက်သွန်တို့ အကုန်လုံးပုပ်ကုန်တာပေါ့။ ယိုးဒယားဘက်ကလည်း ပစ္စည်းတွေ ဝင်တော့ဝင်တယ် ပါတယ်”ဟု ပြောသည်။
ယမန့်နေ့ ဧပြီလ ၃ ရက်နေ့တွင်လည်း သင်္ဃန်းညီနောင်မှ မြဝတီသို့ပြန်လာသည့် စစ်ကောင်စီတပ်အင်အား ၄၀ ခန့် လိုက်ပါသည့် ဖောကားတစ်စီးကို KNLA ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများရှိနိုင်ကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
ယနေ့ဧပြီလ ၄ ရက်နေ့တွင်လည်း မြဝတီသင်္ဃန်းညီနောင် စစ်ကောင်စီ ဗျူဟာကုန်းဘက်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိနေသည်ဟုလည်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရှိရသည်။



















