Home သတင်း တပ်မဟာ(၇)အပေါ် စွပ်စွဲပြောဆိုမှု ဆင်ခြင်သင့်ကြောင်း KNLA ဌာနချုပ် အသိပေးပြောဆို

တပ်မဟာ(၇)အပေါ် စွပ်စွဲပြောဆိုမှု ဆင်ခြင်သင့်ကြောင်း KNLA ဌာနချုပ် အသိပေးပြောဆို

1522

ဧပြီလ ၁၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

လူမှုကွန်ရက်သတင်းစာမျက်နှာတွင် ယခုရက်ပိုင်းအတွင်း ပေါ်ထွက်လာခဲ့သည့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ကို ကေအဲန်ယူ တပ်မဟာ(၇)က ထောင်ဖမ်းရန် စီစဉ်သည်ဟု စွပ်စွဲပြောဆိုမှုနှင့်ပတ်သက်၍ ဆင်ခြင်သင့်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဗဟိုစစ်ဌာနချုပ်က ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ဧပြီလ (၁၀)ရက် ယမန်နေ့က အသိပေးပြောဆို ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နှင့် ၆ ရက်နေ့တွင် မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်လောင်းကစားမြို့သစ် ဒေသဘက်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့တို့အကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် ကျဆုံးမှု ရှိခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ကြားညှပ် တိုက်ခိုက်ခံရသဖြင့် ထိခိုက်ကျဆုံးမှုနှင့် လက်နက်ခဲယမ်းပစ္စည်းများ ဆုံးရှုံးမှုရှိခဲ့သည်ဟု စစ်ရေးသတင်း အရင်းအမြစ်များက ပြောဆိုသည်။

ထိုတိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ ဧပြီလ(၉)ရက်နေ့က နွေဦးအသံ (The Voice of Spring) ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာက ရေးသားဖော်ပြခဲ့သော KNU တပ်မဟာ(၇) တပ်မဟာမှူးနှင့် ဗျူဟာမှူးတို့မှ Lion Battalion စစ်ကြောင်းပါဝင်သော တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအား နယ်ခြားစောင့်တပ် (BGF)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားရေးလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC) တို့နှင့်ပူးပေါင်း၍ ထောင်ဖမ်းရန်စီစဥ်ခဲ့သည်ဟူသော သတင်းအပေါ် KNLA ဗဟိုဌာနချုပ်က ယင်းသို့ အသိပေးစာထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုရှယ်မီဒီယာတွင် ပေါ်ထွက်နေသော အဆိုပါသတင်းဌာန၏ ရေးသားမှုများသည် KNU တပ်မဟာ(၇)နယ် မြေအတွင်း ဖြစ်ပွားခဲ့သော ရွှေကုက္ကိုလ်တိုက်ပွဲနှင့် ပတ်သက်ပြီး မြေပြင်ဖြစ်ရပ်များနှင့် စစ်ဆင်ရေးမဟာဗျူ ဟာများအား သေချာမစုံစမ်းဘဲ တပ်မဟာ(၇)အပေါ် တဖက်သတ်စွပ်စွဲချက်နှင့် ရမ်းသမ်းဝေဖန်မှုများ သာဖြစ်ကြောင်း KNLA ဗဟိုစစ်ဌာနချုပ်၏ အသိပေးချက်တွင် ဖော်ပြထားသည်။

၎င်းအသိပေးထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ KNLA ဗဟိုစစ်ဌာနချုပ်၏ တပ်ဖက်ဆိုင်ရာ အရာရှိတစ်ဦးက “မှားယွင်းနေတဲ့ စွပ်စွဲချက် တွေကို ထောက်ပြပြောဆိုချင်တာ အဓိကပါပဲ။ မှားတယ်ဆိုတာကလည်း ထုတ်ပြန်တဲ့သူရဲ့ တစ်ဖက်သတ်စွပ်စွဲချက်အပေါ်မှာ ကျနော်တို့ဘက်က ဒါကတော့ မဟုတ်ဘူးဆိုတာကို အသိပေးချင်လို့ပါ။”ဟု ကေအိုင်စီ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေဆိုသည်။

KNLA ဗဟိုဌာနချုပ်၏ အသိပေးထုတ်ပြန်ချက်တွင် ရွှေကုက္ကိုလ်တိုက်ပွဲနှင့်စပ်လျဥ်း၍ စစ်ရေးမဟာဗျုဟာ မှားယွင်းနေမှုအား အချက်နှစ်ချက်ဖြင့် ထောက်ပြပြောဆိုထားပြီး ပထမအချက်တွင် ကရင်လက်နက်ကိုင်များ ပေါင်းစည်းနိုင်ရေးအတွက် KNU ကွန်ဂရက်မှ ချမှတ်ထားသော မူဝါဒအောင်မြင်ရန် အကောင်အ ထည်မဖော်နိုင်မီကာလ၌ KNU လက်အောက်မှ ခွဲထွက်သွားသော ကရင်လက်နက်ကိုင်တပ်ဖွဲ့ များကို ပြန်လည်စုစည်းခဲ့ရာ တပ်မဟာ(၇)နယ်မြေအတွင်းမှ BGF များက တက်ကြွစွာပါဝင်ပြီး ပံ့ပိုးကူညီမှု များရှိခဲ့သလို ထိုမူဝါဒအရ ကရင်လက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်းကြား ပဋိပက္ခများ ကြီးထွားမလာစေရန် ပါးနပ် စွာ ကိုင်တွယ်နေရသော အချိန်ဖြစ်ကြောင်း ပြောဆိုထားသည်။

ထို့အပြင် စစ်ဆင်ရေးဖော်ဆောင်ရာ၌ တပ်မဟာမှူးမသိရှိဘဲ လုပ်ပိုင်ခွင့်ကျူးလွန်ခြင်းသည် စစ်ရေးအမှားတစ်ခုဖြစ်သလို တစ်ဖက်ရန်သူကိုလျှော့တွက်ကာ ကြိုတင်ပြင်ဆင်မှုမပြုဘဲ စစ်ဦးကျွံ၍ ပိတ်မိခံရကာမှ တပ်မဟာ(၇)အား ပြစ်တင်ပြောဆိုမှု မပြုသင့်ကြောင်း အဆိုပါအသိပေးချက်တွင် ထပ်မံထောက်ပြပြောဆို ထားသည်။

သို့သော် ရွှေကုက္ကိုလ်မြို့သစ်အနီး တိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ပါဝင်တိုက်ခိုက် ပေးခဲ့သည့် KNU/KNLA-PC အဖွဲ့မှ တပ်မှူးတစ်ဦးက “တပ်မဟာ ၇ အခြေအနေက BGF အသံကို နားထောင်နေရတဲ့ အခြေအနေမှာရှိတယ်။ အခြေအနေက အရမ်းရှုပ်ထွေးနေသေးတော့ ဘာမှမပြောချင်သေးဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

ရွှေကုက္ကိုလ်မြို့သစ်အနီးတိုက်ပွဲတွင် KNLA တပ်မဟာ ၇ အနေဖြင့် မည်သည့်အဖွဲ့ဘက်မှ ပူးပေါင်း ပါဝင်ခြင်းမရှိဘဲ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ထွက်ပေါ်လာသည့် BGF နှင့် ပူးပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့ကို တိုက်ခိုက်မှုလုပ်ဆောင်ဆိုသော သတင်းမှာ မဟုတ်မမှန်ကြောင်း KNLA တပ်မဟာ ၇ စစ်ဖက်ဆိုင်ရာ အရာရှိတစ်ဦးကလည်း ပြောဆိုသည်။

လက်ရှိ ဆိုရှယ်မီဒီယာတွင် ထွက်ပေါ်လာသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကို ကေအဲန်ယူ တပ်မဟာ(၇)က ထောင်ဖမ်းသည့်ကိစ္စအပေါ် ဝေဖန်ပြောဆိုမှုများ အမျိုးမျိုးပေါ်ထွက်လာသလို ကရင်ပြည်သူလူထုများသည် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ အချင်းချင်းကြား၊ တော်လှန်ရေးအင်အားစုများအကြား သွေးကွဲကာ ပဋိပက္ခများ ပိုမိုကြီးထွားလာမည်ကို စိုးရိမ်မှုများရှိနေကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။