Home သတင်း လှာကမြင်ကွက်သစ်သင်္ကြန်ရေကစားမဏ္ဍပ်အနီးချိန်ကိုက်ဗုံး အထုပ်တစ်ထုပ်တွေ့ရှိဖယ်ရှားခဲ့ရ

လှာကမြင်ကွက်သစ်သင်္ကြန်ရေကစားမဏ္ဍပ်အနီးချိန်ကိုက်ဗုံး အထုပ်တစ်ထုပ်တွေ့ရှိဖယ်ရှားခဲ့ရ

426
Photo: CJ

ဧပြီ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့လှာကမြင်ရပ်ကွက်သစ် မဲဘောင်- နောက်ပလိန်ကျေးရွာချင်းဆက် လမ်းမနေရာအနီး သင်္ကြန်အချစ်လှာကမြင်ကွက်သစ်ရေကစားမဏ္ဍပ်နီး ယမန်နေ့ ဧပြီလ ၁၆ ရက်ည ၉နာရီခန့်အချိန်တွင် အချိန် ကိုက်ဗုံး အထုပ်တစ်ထုပ်ကို စစ်ကောင်စီတပ်က ဖယ်ရှားရှင်းလင်းခဲ့ကြောင်း စစ်တပ်ထောက်ခံသူများ နှင့် နီးစပ် သည့် သတင်းအရင်းအမြစ်ပြောဆိုချက်အရ သိရသည်။

“သင်္ကြန်အတက်နေ့ဆိုတော့ ရပ်ကွက်က ကလေးတွေ ညအထိရေဆော့နေကြတာ၊ ကနေကြတာမှာ အထုပ်တစ် ထုပ်တွေ့တယ် စစ်တပ်ချက်ခြင်းရောက်လာတယ်။ ပြီးတော့ အဲ့အထုပ်ကိုဖြေလိုက်ပြီးတော့ ဗုံးရှင်းတယ်ဆိုပြီး မြေကြီးမှာချတယ် ဓာတ်ပုံတွေ ရိုက်တယ်။ ပြီးတော့ ရေကစားမဏ္ဍပ်သိမ်းခိုင်းပြီး စစ်တာမေးတာလုပ်ပြီး ပြန် သွားတယ်။ နောက်ပြီး ညနေပိုင်းက မြိုင်ကလေးဘက်ကမ်းနားမှာလည်း ရှော့တိုက်ဗုံးဆိုလားတွေ့တယ် ပြော နေကြတယ်။”ဟု ၎င်းသတင်းအရင်း အမြစ်က ပြောသည်။

အဆိုပါ ရေကစားမဏ္ဍပ်အနီး ချိန်ကိုက်ဗုံးအထုပ်တွေ့ရှိမှုသည် တော်လှန်ရေးတပ်ဖွဲ့များကို ပြည်သူများ အထင် အမြင်စောင်းလာအောင် စစ်ကောင်စီ၏ ဝါဒဖြန် ပုံဖျက်လိုသည့် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်ဟု မြို့ခံတစ်ဦးက သုံးသပ်သည်။

၎င်းက “စစ်တပ်အုပ်ချုပ်နေတဲ့ ၃ နှစ်နီးပါးမှာ ဖားအံမှာဗုံးပေါက်တယ်၊ မိုင်းတွေ့တယ်၊ သေနတ်တွေ ဖောက်ခွဲရေး ပစ္စည်းတွေမိတယ်။ တော်လှန်ရေးအဖွဲ့တွေမိတယ်။

Photo: CJ

ခဏခဏပါပဲ၊ စစ်ရေးပစ်မှတ်တွေတစ်ခါမှ ထိခိုက်တာမျိုး ကြီးကြီးမားမား မရှိဘူး၊ မြို့ခံတွေကတော့ အေးဆေးပဲ၊ ကိုယ်ဟာကိုယ်ဝါဒဖြန့်ပုံဖျက်ချင်လို့ ဟိုနားဒီနား လိုက် လုပ်ပြီး တော်လှန်ရေးအဖွဲ့တွေကို အမြင်စောင်းလာအောင် လုပ်နေတာလို့ပဲ မြင်တယ်၊ ဗုံးပေါက်တိုင်းလည်း ကြည့်လိုက် ခြံစည်းရိုးအုပ်တံတိုင်းနားတွေမှာချည်း ဖြစ်နေတာ။ ”ဟု ပြောသည်။

ဖားအံစစ်ကောင်စီက ရပ်ကျေးနယ်အုပ်ချုပ်ရေးမှူး ပျူစောထီးအဖွဲ့၊ ကျေးရွာပြည်သူစစ်အဖွဲ့နှင့် အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေး (မဘသ)အဖွဲ့နှင့် ကြံ့ခိုင်ရေးပါတီဝင်များ၊ စစ်တပ်ထောက်ခံသူ အရပ်သား များအားသေနတ်ပစ်သင်တန်း၊ မိုင်းနှင့်ဗုံးအခြေခံသင်တန်း၊ သတင်းယူသတင်းပို့သင်တန်းများအား ဖားအံ တပ်နယ်အတွင်းရှိ စစ်တပ်ဝင်းများနှင့် သီရိကွင်းအတွင်း လက်တွေ့သရုပ်ပြသင်ကြားမှုများ ပြုလုပ်ကာ လက်နက် တပ်ဆင်ထားပေးကြောင်း နီးစပ်သူများက ပြောသည်။

ယနေ့ဧပြီလ ၁၇ရက်၊ သင်္ကြန်နှစ်ဆန်း ၁ ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်များနှင့် စစ်ကောင်စီတပ်များ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ယမန်နေ့က သင်္ကြန်အတက်နေ့ညပိုင်းက မြဝတီ မဲကနယ်၊ ကော့ကရိတ်တောင်ကြာအင်း ဒေသများဘက်တွင် နှစ်ဖက်တိုက်ပွဲမရှိဘဲ စစ်တပ်လက်နက်ကြီး ပစ်ခတ် မှုများဆက်ရှိနေသည့်အတွက် စစ်ဘေးရှောင်နေရသူများ နေရပ်ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။