Home ဆောင်းပါး ရွှေကုက္ကိုလ်က ပေးသော သင်ခန်းစာ

ရွှေကုက္ကိုလ်က ပေးသော သင်ခန်းစာ

2335
Photo: Internet

ရွှေကုက္ကိုလ်က ပေးသော သင်ခန်းစာ

မောင်ကျော်စွာ

(၂၀၂၃ခုနှစ်၊ ဧပြီလ ၁၇ရက်)

ကံမကောင်း၊ အကြောင်းမလှမှုဟာ တစ်ကိုယ်တည်း၊ တစ်ယောက်တည်း မလာတတ်။ အပေါင်းအဖော်တွေနဲ့ လာတတ်တယ်လို့ ပြောလေ့ဆိုလေ့ရှိကြ ပါတယ်။ ထို့အတူပါပဲ လောင်းကစားမှုဟာလည်း သူ့ရဲ့ခွဲခြားလို့မရတဲ့ မိုက်ဖော်ဆိုးဖက်တွေဖြစ်တဲ့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ဖြန့်ဖြူးမှု၊ အကျင့် ပျက်လာဘ်စားမှု၊ လက်နက်ကိုင်အကြမ်းဖက်မှု စတဲ့ တသီတတန်းတည်းသော ရာဇဝတ်မှုခင်းတွေနဲ့ အမြီးပြန်ခေါင်းပြန် စပ်ယှက်ဆက်နွယ်နေပါတယ်။ ပြီးတော့ နိုင်ငံတစ်ခုတည်းမှာ ဖြစ်ပျက်နေတာ မဟုတ်ဘဲ နိုင်ငံအများနဲ့ ဆက်နွယ်နေတတ်တဲ့ နိုင်ငံဘောင်ကျော် ရာဇဝတ်မှုခင်း အမျိုးအစားလည်း ဖြစ်ပါ တယ်။

ကရင်ပြည်နယ်၊ သောင်ရင်းမြစ်ကမ်းက “ရွှေကုက္ကိုလ်”လို့ အမည်လှလှ ပေးထားတဲ့နေရာက ကာစီနိုလောင်းကစားရိပ်မြုံတွေကလည်း အထက်စာပိုဒ် မှာ တင်ပြထားသလို သူ့ရဲ့မိုက်ဖော်ဆိုးဖက် အပေါင်းအပါတွေကို ခေါ်ဆောင်လာပြီး လှပတဲ့၊ သာယာတဲ့ သောင်ရင်းမြစ်ကမ်းနဲ့ ကရင်ပြည်နယ်ရဲ့ ဂုဏ်သတင်း ကို အကျည်းတန်စေပါတယ်။ ရွှေကုက္ကိုလ်က ကာစီနိုရုံတွေ၊ ပျော်ပွဲစားရုံတွေဟာ ပုန်းလျှိုးကွယ်လျှိုး ဖွင့်ထားတာ မဟုတ်ပါဘူး။ အုံနဲ့ကျင်းနဲ့ ဆောက်လုပ်ဖွင့် လှစ်ထားတာတွေပါ။

ရွှေကုက္ကိုလ်ဟာ ကရင်အမျိုးသား အကျိုးစီးပွား ဟုတ်ပါရဲ့လား။ ကရင်ပြည်သူတွေရဲ့ လက်တွေ့အကျိုးစီးပွားရော ဟုတ်ပါရဲ့လား။ လုံး၀ မဟုတ်ပါဘူး။ ကရင်လူမျိုးဖြစ်တဲ့ ဗိုလ်ချစ်သူတို့ မိသားစု၊ ဗိုလ်ချစ်သူတို့ အုပ်စုတစ်စုပိုင်ဆိုင်တဲ့၊ ထိန်းချုပ်ထားတဲ့ အကျိုးစီးပွားတော့ ဖြစ်ပါလိမ့်မယ်။

ရွှေကုက္ကိုလ်က ရရှိလာတဲ့ ကာစီနိုလောင်းကစား အကျိုးအမြတ်တွေဟာ ဗိုလ်ချစ်သူတို့ မိသားစု၊ ဗိုလ်ချစ်သူတို့အုပ်စုနဲ့ သက်ဆိုင်ရာ စစ်တိုင်းမှူး၊ ဒေသ ဆိုင်ရာ အာဏာပိုင်တွေရဲ့ အိတ်ကပ်တွေထဲသို့ နေ့စဉ်နဲ့အမျှ စီးဝင်နေတာပါ။ နယ်စပ်ဒေသဆိုတော့ ထုံးစံအတိုင်း ဟိုဖက် ဒီဖက် မကင်းရာမကင်းကြောင်းတွေနဲ့ လည်း ပတ်သက်နေမှာပါ။ ဒေသခံ ကရင်ပြည်သူများ၊ မျိုးဆက်သစ် ကရင်လူငယ်များအတွက်တော့ ထိခိုက်နစ်မွန်းစရာတွေပဲ တစ်ပါတည်း သယ်ဆောင်လာ တာ ဖြစ်ပါတယ်။

ကျန်းမာရေးမကောင်းတဲ့ မိအိုဖအိုနဲ့ မောင်အငယ်လေး ကျောင်းစရိတ်အတွက် ပြည့်တန်ဆာလုပ်ရတာပါလို့ ဆိုခဲ့ရင် အဲဒီမိန်းကလေးရဲ့ပြောစကားဟာ သနားဂရုဏာသက်စရာ ဖြစ်ချင်ဖြစ်မှာပါ။ သို့ပါသော်လည်း ကရင်အမျိုးသား အကျိုးစီးပွားအလို့ငှာ ဖဲဝိုင်ဒိုင်ခံရတာပါ။ အကောက် ကောက်ရတာပါ။ လေးကောင်ဂျင်ဝိုင်း ဖွင့်လှစ်ရတာပါလို့ ပြောဆိုလာမယ်ဆိုရင်တော့ လူအများရဲ့ ပြက်ရယ်ပြု လှောင်ပြောင်စရာပဲ ဖြစ်နေပါလိမ့်မယ်။

မွန်မြတ်တဲ့ ကရင်အမျိုးသားအကျိုးစီးပွား၊ ကရင်ပြည်သူ့အကျိုးစီးပွားကို နည်းကောင်း၊ လမ်းမှန်များနဲ့သာ လက်တွေ့ကျကျ ဖော်ဆောင်ရမှာပါ။ ဖြတ် လမ်းနည်း၊ တစ်ပွဲတိုးတည်း၊ တစ်နှပ်စားနည်း၊ အညှီအဟောက်လွှမ်းတဲ့ နည်းတွေနဲ့ မရှာဖွေသင့်ပါဘူး။ မဖော်ဆောင်သင့်ပါဘူး။

ရွှေကုက္ကိုလ်နဲ့ ရွှေကုက္ကိုလ်က ကာစီနိုလောင်းကစားရိပ်မြုံတွေရဲ့ အညှီအဟောက်သတင်းတွေကို စကစ(စစ်အုပ်စု)ထိပ်သီးတွေ၊ မသိတာ မကြားတာ မဟုတ်ပါဘူး။ ကောင်းကောင်း သိပါတယ်။ ကောင်းကောင်း ကြားပါတယ်။ တမင်တကာ မသိဟန်ဆောင်ပြီး တစ်ဖက်လှည့်နဲ့ ခွင့်ပြုထားတာပါ။ လိုအပ်လာတဲ့ အချိန်အခါရောက်လာရင်တော့ လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှု၊ အကြမ်းဖက်မှု၊ လက်နက်ကိုင်ဆောင်မှု စတဲ့ ရာဇဝတ်ပြစ်မှုတွေ တသီတတန်းကြီးတပ်ပြီး ဖမ်းဆီးအရေးယူပြပါလိမ့်မယ်။ အခုတော့ အချိန်မတန်သေး၊ မလိုအပ်သေးတော့ ကြိုးရှည်ရှည်နဲ့လှန်ထားပြီး စောင့်ကြည့်နေတာပါ။

အဲဒီလို ကြိုးရှည်ရှည်နဲ့လှန်ထား၊ မသိချင်ဟန်ဆောင်ထားခြင်းဖြင့် အောက်ပါအကျိုးဆက်တွေကို ရရှိဖြစ်ပေါ်စေပါတယ်။
ပထမအချက်က မျိုးဆက်သစ် ကရင်လူငယ်တွေကို လောင်းကစားနဲ့ မူးယစ်ဆေးဝါး နွံထဲ နစ်မွန်းစေပါတယ်။ အဲဒီလိုနွံထဲ နစ်နေတဲ့အတွက် ကရင်လူ ငယ်မျိုးဆက်တွေကို ကရင်လွတ်မြောက်ရေး၊ ကရင်တော်လှန်ရေး၊ ကရင်နိုင်ငံရေးနဲ့ အလှမ်းဝေး၊ အဆက်ပြတ်စေပါတယ်။

Photo: Internet

ဒုတိယအချက်က ကရင်တွေအချင်းချင်းအကြား သပ်လျှို ရန်တိုက်ပေးနိုင်ပါတယ်။
တတိယအချက်က ဒီကာစီနိုလောင်းကစားကို ပိုင်ဆိုင်ချုပ်ကိုင်နေတဲ့ ကရင်မိသားစုကို ကျန်တဲ့ ကရင်အသိုင်းအဝိုင်းနဲ့ ထာ၀စဉ် ကင်းကွာစေပြီး လူမျိုး၊ နိုင်ငံရေးသိက္ခာ ရစရာမရှိအောင် ချပစ်နိုင်တယ်။

စတုတ္တအချက်က ထိုသို့သော ကာစီနိုလောင်းကစားကို အခြားသော ကရင်အဖွဲ့အစည်းများက ဝေဖန် ဆန့်ကျင် တိုက်ခိုက်လာတဲ့အခါမှာလည်း ဥသျှစ် သီးနှစ်လုံး ထုသကဲ့သို့ ထုတဲ့ဥသျှစ်သီးရော၊ အထုခံရတဲ့ ဥသျှစ်သီးရော နှစ်လုံးစလုံး ကွဲအက်ကြေမွဲစေသလိုပါပဲ။ ကရင်တွေ အချင်းချင်း သတ်ဖြတ်သွေးစွန်းကြ ရတာပဲ အဖတ်တင်ပါတယ်။ ထိခိုက်နစ်နာရပါတယ်။

ပဉ္စမအချက်က ရွှေကုက္ကိုလ်ကို တိုက်ခိုက်လာသူဟာ ကရင်တွေဖြစ်ပြီး ရွှေကုက္ကိုလ်အကျိုးစီးပွားကို အသေအလဲ ဖက်တွယ်ကာကွယ်နေသူဟာ အောက်ခြေက ကရင်တွေပဲ မဟုတ်ပါလား။ ကြည့်ပါ ဒီဖြစ်ရပ်ကနေ မဟာဗမာလူမျိုးကြီးဝါဒီ (ဝါ) ဘုံရန်သူ စစ်အုပ်စုဟာ ဘယ်လောက်တွက်ခြေကိုက်ပါသလဲ။ တော်လှန်သောကရင်၊ ဖောက်ပြန်သောကရင် စသဖြင့် ကရင်တွေဆီကနေ သွေးခွဲရန်တိုက်ပြီး အမြတ်ထုတ်နေတာကို ကြည်ကြည်လင်လင် မြင်အောင်ကြည့် ကြပါ။

ဆဌမအချက်က လွန်ခဲ့သောလတွေမှာ ရွှေကုက္ကိုလ်နဲ့ KNU ထဲက လူကြီးတချို့ရဲ့ ပတ်သက်မှုကို စာတတန်၊ ပေတတန် ဖော်ထုတ်ဖွင့်ချခဲ့ကြပြန်လို့ တိုင်းကျော်ပြည်ကျော် ဖြစ်ခဲ့ပြီ မဟုတ်ပါလား။ ရှင်းကြလင်းကြရတာတွေ ဖြစ်ခဲ့ရတယ် မဟုတ်ပါလား။ ကိုယ့်အထုပ် ကိုယ်ဖြည်ပြသလို ဖြစ်ခဲ့ကြရတယ် မဟုတ် ပါလား။ ကရင်အမျိုးသား အကျိုးစီးပွားနဲ့ ဂုဏ်သိက္ခာ ရှုထောင့်ကကြည့်ရင် သိက္ခာကျစရာပါ။

နောက်ဆုံး သတ္တမအချက်က ရွှေကုက္ကိုလ်မှာ တိုက်ကြခိုက်ကြဖြစ်လာတဲ့အခါမှာ ဒေသခံပြည်သူတစ်သောင်းခန့် တစ်ဖက်ကမ်း ထိုင်းနိုင်ငံသို့ ထွက်ပြေး ခိုလှုံကြရတယ်။ (အခုတော့ တချို့ နေရင်းနေရပ် ပြန်နေကြပြီလို့ မီဒီယာသတင်းတွေအရ သိရပါတယ်)
အထက်မှာ တင်ပြခဲ့တဲ့ အချက် ၇ချက်ကိုကြည့်ပါ။ ဒီအကျိုးဆက်တွေဟာ ကရင်ပြည်နယ်အတွက်၊ ကရင်ပြည်သူတွေအတွက် ဘယ်လိုအကျိုးများ ဖြစ်စေပါသလဲ။ မျိုးဆက်သစ် ကရင်လူငယ်များအတွက်လည်း ဘယ်အခွင့်ထူးတွေ ရရှိစေပါသလဲ။ ဖြစ်ထွန်းစေပါသလဲ။

ကံမကောင်း အကြောင်းမလှမှုဟာ တစ်ကိုယ်တည်းမလာ၊ တစ်ယောက်တည်းမလာ၊ အပေါင်းအဖော်တွေနဲ့သာ လာတတ်စမြဲဆိုတဲ့ စကားလိုပါပဲ။ ရွှေကုက္ကိုလ်၊ ကာစီနိုလောင်းကစားရိပ်မြုံတွေကနေလည်း ကရင်ပြည်သူများ၊ မျိုးဆက်သစ် ကရင်လူငယ်မောင်မယ်များအတွက် အတိဒုက္ခမျိုးစုံ၊ ဘေးအန္တရာယ် မျိုးစုံ၊ ရာဇဝတ်ပြစ်မှုမျိုးစုံကိုသာ သယ်ဆောင်လာပါတယ်။

အရင်းစစ်လိုက်ရင် ရွှေကုက္ကိုလ်က အကျိုးစီးပွားနဲ့ ပိုင်ဆိုင်မှုဟာ လက်ရှိ အကြမ်းဖက်(စကစ)စစ်အုပ်စုက လက်ဝေခံအဖြစ်၊ လက်ပါးစေအဖြစ် သူကောင်းပြု မြှောက်စားထားတဲ့ ကရင်တစ်ဦးတစ်ယောက်၊ ကရင်မိသားစုတစ်စု၊ ကရင်အုပ်စုတစ်စုရဲ့ အကျိုးစီးပွားနဲ့ ပိုင်ဆိုင်မှုသာလျှင် ဖြစ်ပါတယ်။

ဒီလိုရာဇဝတ်မကင်းတဲ့ အညှီအဟောက် စီးပွားရေးလုပ်ငန်းကို တိုက်ခိုက်ကြတဲ့အခါမှာ လက်တွေ့အရ ကရင်အချင်းချင်းပဲ စစ်ခင်းကြရတာပါ။ သူသေ ငါရှင် တိုက်ခိုက်ကြရတာပါ။ ကရင်ပြည်သူတွေဟာ ကျီးလန့်စာစား ပြေးရလွှားရပါတယ်။ အဖွဲ့နာမည်နဲ့ ယူနီဖောင်းပေါ်ကတံဆိပ်သာ ခြားနားတာပါ။ သွေးသား အရတော့ ကရင်အချင်းချင်းပဲ မဟုတ်ပါလား။

Photo: Internet

အကြမ်းဖက် (စကစ)စစ်အုပ်စုဆိုတဲ့ ဘုံရန်သူကို တည့်တည့်တန်းတန်း ထိုးနှက်တိုက်ခိုက်ကြမယ့်အစား ကရင်ချင်း စစ်ခင်းနေကြရတာဟာ ခံပြင်းနာ ကျည်းစရာလည်းကောင်း၊ ကြေကွဲစရာလည်း ကောင်းပါတယ်။

ဒီအဖြစ်ဆိုးကို ကျော်လွှားလွန်မြောက်နိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ငါတို့အားလုံးရဲ့ ဘုံရန်သူဟာ အကြမ်းဖက် (စကစ)စစ်အုပ်စုဖြစ်တယ်ဆိုတဲ့အချက် ကို နိုင်ငံရေးအရ အင်အားစုအားလုံး၊ ကရင်အဖွဲ့အစည်းအားလုံးက ကြည်ကြည်လင်လင်၊ ရှင်းရှင်းလင်းလင်း မြင်နိုင်ကြပြီး မြင်တဲ့အတိုင်း ပြုမူဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ မြင်ပေမယ့်၊ သိပေမယ့် လေးနက်ကြပုံချင်း လက်တွေ့ကျင့်သုံးကြပုံချင်းမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်။ အကန့်အသတ်တွေကို မကျော် လွှားနိုင်ကြသေးတာ ဖြစ်မယ်လို့ ထင်ရပါတယ်။

ဒီလိုမှမဟုတ်ဘဲ မိမိသစ္စာခံသူ အစုအဖွဲ့၊ အုပ်စုတစ်ခုရဲ့ အကျိုးစီးပွားကို မျက်စိစုံပိတ်ပြီး ကြည့်နေမယ်၊ မျက်နှာမူနေမယ်ဆိုရင်တော့ အထက်မှာ တင်ပြခဲ့သလို ခံပြင်းစရာ၊ နာကျည်းစရာ၊ ကြေကွဲဝမ်းနည်းစရာ အဖြစ်ဆိုး သံသရာဝဲကတော့ကြီးထဲမှာ စတေးခံ၊ အသုံးချခံတွေအဖြစ် တဝဲလည်လည် ဖြစ်နေ ပါလိမ့်မယ်။

BGF ဆိုတာ ဘယ်နေရာ၊ ဘယ်ဒေသက BGF ပဲဖြစ်ဖြစ် စစ်အုပ်စုရဲ့ အကျိုးစီးပွားကို ကာကွယ်နေရတဲ့၊ စစ်အုပ်စုကပေးတဲ့ အမိန့်နဲ့ညွှန်ကြားချက်ကို နာခံနေကြရသူတွေသာ ဖြစ်ပါတယ်။ ဒီဘ၀ဆိုးကနေ ရုန်းထွက်ကြရမှာပါ။ BGF တွေသာ သေချာကြည့်မြင်တတ်ရင် မိမိတို့အထက်က မိသားစုနဲ့ လူတစ်စုက သာ ချမ်းသာကြွယ်၀နေကြပြီး မိမိတို့ဘ၀ကတော့ ဘာမှမထူးခြားဘဲ နေဆိုနေ၊ သေဆိုသေကြရတဲ့ ဘ၀ပဲမဟုတ်ပါလား။

ကာစီနိုလောင်းကစားကနေ ရတဲ့ငွေမည်း၊ ငွေညစ်တွေနဲ့ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်း၊ ဘာသာရေးဆိုင်ရာ ဘုရားကျောင်းကန်တွေ ဆောက် မယ်ဆိုရင် ဘယ်လိုလိပ်ပြာသန့်နိုင်ကြမလဲ။ ဘယ်လိုကုသိုလ်စိတ်နဲ့ သာဓုခေါ်ကြမလဲ။ ရာဇဝတ်မှု အညှီနံ့တွေ နံစော်စွန်းထင်းနေတဲ့ မသန့်ရှင်းတဲ့၊ မစင်ကြယ် တဲ့ ငွေတွေနဲ့လည်း ကရင်လူငယ်တွေရဲ့ အနာဂတ်လမ်းကို ခင်းဖို့ မဖြစ်စေသင့်ပါဘူး။

ကရင်ပြည်သူများ၊ ကရင်မျိုးဆက်သစ် လူငယ်မောင်မယ်များရဲ့ သန့်စင်တဲ့ အကျိုးစီးပွားကို အကောင်အထည်ဖော်မယ်၊ ထိန်းသိမ်းကာကွယ် စောင့် ရှောက်မယ်ဆိုရင်တော့ ရာဇဝတ်မကင်းတဲ့၊ အညှီအဟောက်မကင်းတဲ့ မည်သည့်လုပ်ရပ် လုပ်ငန်းကိုမဆို မိမိအဖွဲ့အစည်း၊ ပါတီရဲ့ဂုဏ်သိက္ခာကို အစဉ်လေးစား တန်ဘိုးထားတဲ့ မည်သည့် ကရင်အဖွဲ့အစည်းကမျှ မပြုလုပ်ကြဘဲ၊ မပါဝင် မပတ်သက်ကြဘဲ ကရင်ပြည်သူများအကျိုးနဲ့ ကရင်လူငယ် မျိုးဆက်သစ်များအကျိုး ကိုသာ တည့်တည့်မတ်မတ် မျက်နှာမူကြပါ။ ဘုံရန်သူ – အကြမ်းဖက် (စကစ)စစ်အုပ်စု တိုက်ဖျက်ရေးကိုသာ ပြတ်ပြတ်သားသား ဦးတည်ကြပါ။ ကရင်အဖွဲ့အ စည်းချင်း သွေးချင်းကြပါ၊ နားလည်မှုရှိကြပါလို့ အလေးအနက် ပန်ကြားတိုက်တွန်းလိုက်ပါတယ်။

မှတ်ချက် # ဤဆောင်းပါးပါ အာဘော်များသည် ဆောင်းပါးရှင်၏ သုံးသပ်ချက်အာဘော်သာ ဖြစ်ပါသည်။