Home သတင်း မယ်ခါးထာ့ စခန်းကို ပြန်လည်ရရှိရန် စစ်ကောင်စီ အပြင်းအထန် ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်ထိ မရသေး

မယ်ခါးထာ့ စခန်းကို ပြန်လည်ရရှိရန် စစ်ကောင်စီ အပြင်းအထန် ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်ထိ မရသေး

972

ဧပြီလ ၂၈ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ပြီးခဲ့သည့် မတ်လကုန်ပိုင်းက ကရင်အမျိုးသားအစည်းအရုံး-KNU၊တပ်မဟာ (၅) က တိုက်ခိုက်သိမ်းယူထား သည့် သံလွင် မြစ်ကမ်းနံဘေးရှိ စစ်ကောင်စီ၏ အရေးပါသော မယ်ခါးထာ့ စခန်းကို ပြန်လည် ရယူရန် စစ် ကောင်စီဘက်က အပြင်းအထန် ကြိုးပမ်းနေပြီး လက်ရှိအချိန်ထိ ပြန်လည်ရယူနိုင်ခြင်းမရှိသေးကြောင်း KNU ဘက်ကပြောသည်။

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းနံဘေး တောင်ကုန်းပေါ်တွင်ရှိသော စစ်ကောင်စီ အတွက် အရေးပါသည့် မယ်ခါးထာ့ စခန်းကို KNU တပ်မဟာ(၅)တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပြီး ၎င်းစခန်းကို ပြန်လည်ရယူရန် စစ်ကောင်စီက စစ်အင်အားအလုံးအရင်းဖြင့် မြေပြင် ထိုးစစ် အပြင် လေကြောင်းပစ်ကူများဖြင့် ယခုလအတွင်း အပြင်းအထန် တိုက်ခိုက်နေပြီး စခန်းကို ယာယီပြန်လည်ရရှိသော်လည်း တိုက်ပွဲအတွင်း အထိအခိုက် အကျအဆုံးများသော ကြောင့် ပြန်ဆုတ် ခွာသွားရကြောင်း KNU တပ်မဟာ (၅) ၏ ပြောခွင့် ဗိုလ်မှူးကြီး စောကလယ်ဒို့က ယခုလို ပြောသည်။

၎င်းက “စကစ ဘက်က စခန်းကို ခဏလေး ပြန်ရောက်ပြီး မိုင်းထိပြီး ဒဏ်ရာ ရတာ နဲ့ရော တိုက်ပွဲ ဖြစ်လို့ ထိခိုက် ဒဏ်ရာ ရရှိတာနဲ့ သူတို့ ပြန်ဆုတ်သွားတယ်။ ဒါပေမဲ့ အဝေးကြီးတော့ ပြန်မဆုတ်သေးဘူး။ မလှမ်း မကမ်းမှာပဲ ပြန်နေသေးတယ်။ လေယာဉ်တော့ နေ့တိုင်းလိုလို လာပစ်ကူပေးတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် KNU တပ်မဟာ (၅) အနေဖြင့်လည်း အဆိုပါ စခန်းကို လက်မလွတ်ရစေရေးအတွက် အတတ်နိုင်ဆုံး ခုခံ ကာကွယ်နေကြောင်း စစ်ကောင်စီ၏ လေကြောင်း ပစ်ကူများကြောင့် စစ်ကောင်စီ၏ ထိခိုက် ကျဆုံးမှု အရေအတွက် အတိအကျကို မသိရသေးသော်လည်း မယ်ခါးထာ့ စခန်းကို ပြန်ရရန် စစ်ကောင်စီ အတွက် ခက်ခဲ နိုင်ကြောင်းလည်း ဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်ပြောသည်။

မယ်ခါးထာ့ စစ်ကောင်စီတပ်စခန်းသည် သံလွင်မြစ်အတွင်း ဖြတ်သန်းသွားလာနေသည့် ဒေသခံ စက်လှေများကို မကြာခဏ ပစ်ခတ်တိုက်ခိုက်သည့် စခန်းတစ်ခုဖြစ်သည်ဟု သိရပြီး လတ်တလောတွင်လည်း နှစ်ဖက် တိုက်ပွဲ များ ပြင်းထန်နေသောကြောင့် သံလွင်မြစ်အတွင်း စက်လှေများ ဖြတ်သန်း သွားလာမှုကို KNU ဘက်က ပိတ်ထားပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နိုင်သည့် အနေအထားတွင်ရှိနေသေးကြောင်းလည်း ဒေသခံ များက ဆိုသည်။

KNU တပ်မဟာ (၅)အနေဖြင့် စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ နောက်ပိုင်း မတ်လ ၂၇ ရက်နေ့က စ၍ နယ်မြေအတွင်းရှိ စစ်ကောင်စီ ၏ သီးမူထာ စခန်းကြီးကို ပထမဦးဆုံးအကြိမ် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ကျန်အရေးပါသည့် စစ်ကောင်စီ တပ်စခန်းများကိုလည်း ထပ်မံ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်းတချို့ကို ထိန်းချုပ်ထားနိုင်သလို ကျန်စခန်းတချို့မှာ စစ်ကောင်စီမှ ပြန်လည် ဝင်ရောက် အခြေစိုက် တပ်စွဲ ထားကြောင်းလည်း စစ်ရေး သတင်းအရင်းများထံမှ သိရသည်။