ဧပြီလ၂၈ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားအချို့ လွတ်မြောက်ပြီးနောက် မြို့ပေါ် ရပ်ကွက်များနှင့် လူမြင်ကွင်း(Public Area) နေရာများတွင် ဆိုင်ကယ်ပျောက်ဆုံးမှုများ ယခင်ကထက် ပိုမို ဆိုးရွားလာကြောင်း ဖားအံမြို့ခံများကပြောသည်။
ယခင်က မြို့တွင်း ဆိုင်ကယ်ပျောက်ဆုံးမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသော်လည်း အဆိုပါ အကျဉ်းသားများ ပြန်လည် လွတ်မြောက်ချိန်က စ၍ ညအချိန်အပြင် နေ့ဘက် လူမြင်ကွင်း နေရာများအထိ တစ်ရက်အတွင်း ဆိုင်ကယ် ၃ စီးခန့် ပျောက်ဆုံးသည်အထိ ဆိုးရွားနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများနှင့် နီးစပ်သည့် ဖားအံမြို့ခံ တစ်ဦးက ယခုလို ပြောသည်။
၎င်းက “အခုရက်ပိုင်းမှာဆိုင်ကယ်တွေက တစ်ရက်ထဲကို နှစ်စီးသုံးစီးပျောက်နေတာ။အခုဘဲ အိမ်ရှေ့ မှာ ခဏ ရပ်ပြီး အိမ်ထဲဝင်သွားတာ ပြန်ထွက်လာတော့ မရှိတော့ဘူး။ ပြန်ရမလားထင်ပြီး လိုင်းပေါ်တင်တာတွေလုပ် လည်း ဘာမှ မထူးဘူး။CCTVတပ်ထားလည်း မီးကတစ်ရက်ကိုမှ နှစ်နာရီအများဆုံးဘဲလာတာ ဘယ်လိုမှ အဆင် မပြေဘူး။ ပြီးတော့ ဆိုင်ကယ်ကလည်း လူမြင်ကွင်းကြီးမှာလေး။ အရင်ကတောင်ညဘက်တွေဘဲ ပျောက်တာ များတယ်။အခုကနေ့ဘက်တွေမှာရောဘဲ။” ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် ဆိုင်ကယ်ပျောက်ဆုံးပြီးနောက် ရဲစခန်းသို့တိုင်ချက်ဖွင့်ရာတွင်လည်း ရဲစခန်းမှ တာဝန်ယူ ဖြေရှင်းပေး ခြင်းမျိုး မရှိသလို မြို့တွင်း လုံခြုံရေး တင်းကြပ်ထားသည့်ကြားက ယခုလို ဆိုင်ကယ်ပျောက်ဆုံးမှု ပိုများ လာရခြင်းအပေါ် သံသယဖြစ်မိကြောင်းလည်း ကိုယ်တိုင်ကြုံတွေ့ရသူများနှင့် ဒေသခံများက ဝေဖန်ပြောဆို ကြသည်။
ကိုယ်တွေ့ကြုံခဲ့ရသူ ဖားအံမြို့ခံ တစ်ဦးက “ရပ်ကွက်ထဲမှာ ဆိုင်ကယ်ပျောက်သွားတော့ ဖားအံမြို့မ ရဲစခန်းကို ဖုန်းဆက်ပြီးတိုင်တော့ အင်အင် ဘာညာဘဲပြောပြီး ဖုန်းချသွားတယ်။ ပြီးတော့ရပ်ကွက်ထဲမှာ သူတို့လာတဲ့အချိန် သူခိုးကိုမိထားတော့ ရဲတွေက ပြောတယ် ကြိုက်သလိုလုပ်လိုက်တဲ့ပြောတာ။ ပြီးတော့ အကျဉ်းထောင်က လွတ် လာတဲ့ သူတွေထဲမှာလည်း နိုင်/ကျဉ်းတစ်ယောက်မှ မပါဘူးလေး။ အဲ့တာသူတို့လူဘဲဖြစ်ရမယ်။ ဒီလောက်မြို့ ထဲမှာ လုံခြုံရေး တင်းကြပ်တယ် ဘာညာနဲ့။ သူခိုးက ဘာလို့အဲ့လောက်ခိုးရဲတာလဲ ဟုတ်တယ်မလား။ ”ဟု ကေအိုင်စီ သို့ပြောသည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့က အာဏာသိမ်းစစ်ကောင်စီမှ နိုင်ငံတဝှမ်း အကျဉ်းသား တစ်ထောင်ကျော် လွတ် ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်ပေးရာတွင် ကရင်ပြည် နယ် တောင်ကလေး အကျဉ်းထောင်မှ အကျဉ်းသား ၃၀ ခန့် ပြန်လွတ်လာခဲ့ပြီး နိုင်ငံရေး အကျဉ်းသား ၂ဦးကလွဲ၍ ကျန်အကျဉ်းသားများမှာ နိုင်ငံခြားသား အကျဉ်း သားများအပြင် မူးယစ်ဆေးဝါးမှု၊ ရာဇ၀တ်မှုတို့ဖြင့် လွတ်ရက်နီး အကျဉ်းသားများကို လွှတ်ပေးခဲ့ခြင်းကြောင့် ယခုလို ဆိုင်ကယ်ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ၎င်းတို့ကို သံသယ ရှိနေကြခြင်းဖြစ်သည်။
ထို့အပြင် ကရင်ပြည်နယ် ဖားအံမြို့တွင်းနှင့်မြို့ပြင်များ တွင် အာဏာသိမ်းစစ်ကောင်စီမှ လုံခြုံရေး တင်းကြပ် စွာချထားသော်လည်း ဆိုင်ကယ်ပျောက်ဆုံးများသည် တစ်နေ့ထက် တစ်နေ့ ပိုမိုဆိုးရွားလားလျက်ရှိသလို အုပ်စုဖွဲ့ အနုကြမ်းစီးမှုများလည်း ရံဖန်ရံခါ ဖြစ်ပွားလေ့ရှိပြီး လက်ရှိ စစ်ကောင်စီ အုပ်ချုပ်မှုအောက်တွင် ဒေသခံများ အနေဖြင့် လုံခြုံမှု မရှိကြကြောင်း ဝေဖန် ပြောဆိုမှုများလည်းရှိသည်။
အလားတူ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ဆိုင်ကယ် ခိုယူသူများ ကို ဖမ်းဆီး နိုင်ခြင်းမရှိသော်လည်း ညအချိန် အပြင်ထွက်သည့် လူငယ် များအား ဖမ်းဆီး ခြိမ်းခြောက် ငွေညှစ် တောင်းခံမှုများကို မကြာခဏ လုပ်ဆောင်လေ့ရှိကြောင်း မြို့ခံ လူငယ်များ၏ ပြောဆိုမှုအရသိရသည်။