မတ်လ ၁၅ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ဖားအံခရိုင်၊ ပိုင်ကျုံမြိုနယ် ကစိုနှင့်ရသေ့ကုန်းကျေးရွာအနီးတွင် မတ်လ ၉ ရက်နေ့က ဖြစ်ပွားခဲ့သော နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင် ဗိုလ်ချုပ်ဖားနွီးသားဖြစ်သူ၏ ယာဉ်မိုင်းဆွဲခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA အရာရှိတစ်ဦးအပါအဝင် ၄ ဦးသံသယဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရကြောင်း သိရှိရသည်။
၎င်းမိုင်းဆွဲခံရမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် အနီးအနားရှိ ရော်ဘာခြံတွင် နေထိုင်သူ စစ်မှုထမ်းဟောင်း တစ်ဦးနှင့် လမ်းမပေါ်ရှိသော ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးပြီး ယောက္ခမဖြစ်သူ နေမကောင်းသဖြင့် လာရောက်ကြည့်ရှုသော KNLA တပ်ရင်း ၁၉မှ အရာရှိတစ်ဦးကိုလည်း BGF အဖွဲမှ ဗိုလ်ကျော်ရဲထွဋ်ဆိုသူက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု KNLA အရာရှိတစ်ဦးက ပြောသည်။
၎င်းက “အခု ဖမ်းဆီးခံရတဲ့သူက ၎င်းဆွဲမိုင်းနဲ့ပတ်သတ်ပြီးဘာမှ မသိဘူး။ သူ့ရဲ့တပ်အရာရှိကိုခွင့်တောင်းတယ်။ ယောက္ခမနေမကောင်းလို့ ခွင့်သုံးရက်လေးရက်လောက်လိုချင်တယ်။ အဲ့လိုခွင့် တောင်းပြီးပြန်တာ နောက်ပြီးသူက ပြည်သူ့အတွက်ပဲ အလုပ်လုပ်ချင်တာ၊ အဲ့လိုတွေလျှောက်မလုပ်ဘူး ။ ဆွဲမိုင်းကို မလုပ်တာသေချာတယ်။ သူကအဲ့လိုလူလည်းမဟုတ်ပါဘူး။ ”ဟု ကေအိုင်စီသို့ ပြောသည်။
ဖောက်ခွဲမှုအနီးအနားရှိ ဒေသခံပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းက သံသယဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်ပြီး BGF များ စိုးမိုးရာဒေသတွင် ယခုလိုဖောက်ခွဲခြင်းလုပ်ဆောင်နိုင်ခြင်းသည် ၎င်းတို့အချင်းချင်းသာဖြစ်နိုင်သည်ဟု ဒေသဆိုင်ရာတာဝန်ရှိသူများက သုံးသပ်ပြောဆိုကြသည်။
“ဖမ်းဆီးခံရတဲ့သူတွေက ဘာမှလုပ်ခဲ့တဲ့သူတွေမဟုတ်ဘူး။ ရော်ဘာခြံမှာနေတဲ့သူကလည်း သူ့အလုပ်ကိုလုပ်နေတာ အဲ့နေရာကပြည်သူတွေနေတဲ့နေရာလေ၊ ပြည်သူတွေရှိမှာပေါ့။ ဖောက်ခွဲမှုဖြစ်တိုင်းသာ အနီးနားကသူတွေကိုဖမ်းနေမယ်ဆိုရင် အပြစ်မရှိသူတွေရဲ့ တရားမျှတမှုက ဘယ်မှာလဲလိုမေးရတော့မှာပေါ့”ဟု ပိုင်ကျုံဒေသခံတစ်ဦးက ပြောသည်။
၎င်းဖမ်းဆီးခေါ်ဆောင်သွားခံရသော KNLA အရာရှိနှင့် အရပ်သား ၃ ဦးတို့ကို BGF စစ်သားများက ၎င်းတို့တပ်စခန်းရှိရာ မဲသိမ်ရွာ(မဲသိမ်ကုန်း)သို ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိန်းသိမ်းထားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် အတိအကျအတည်ပြုနိုင်ခြင်းမရှိသေးပေ။
စစ်တပ်အာဏာသိမ်းပြီးနောက် ကေအဲန်ယူ တပ်မဟာ ၇ နယ်မြေတွင် BGF ကားမိုင်းဆွဲခံရခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး BGF များ စိုးမိုးရာဒေသအတွင်း ယခုလို မိုင်းဆွဲခံရမှုဖြစ်စဉ်ကြောင့် BGF ခေါင်းဆောင်များအနေဖြင့် ၎င်းတို့၏လုံခြုံရေးကို စိုးရိမ်နေကြသည်ဟု တပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။