Home သတင်း ယာဉ်ထိန်းရဲများ လက်နက်ကိုင်ဆောင်လာခြင်းကြောင့် ဒေသခံများ စိုးရိမ်မှုများရှိနေ

ယာဉ်ထိန်းရဲများ လက်နက်ကိုင်ဆောင်လာခြင်းကြောင့် ဒေသခံများ စိုးရိမ်မှုများရှိနေ

474
Photo: CJ

မတ်လ ၁၅ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှာစတင်ကာ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲများသည် သေနတ်များကို ပေါ်ပေါ်ထင်ထင် ကိုင်ဆောင်လာ သောကြောင့် မြို့နေဒေသခံများအနေဖြင့် စိုးရိမ်မှုများရှိနေကြောင်း မြို့ခံများက ပြောသည်။

မြို့နေဒေသခံတစ်ဦးက “အရင်ကသူတို့ထဲမှာ သေနတ်ရှိတာတစ်ခါမှ မမြင်ဖူးဘူး။ သူတို့က ဖမ်းရင် လည်း စစ်သားတွေ ရဲတွေနဲ့ပေါင်းပြီးဖမ်းတာများတယ်။ ကျမလည်း ခဏခဏ ဖမ်းခံထိတယ်။ ဖမ်းခံ ထိရင် သူတို့တောင်းသလောက်ပေးရတယ်။ အခုနောက်ပိုင်း သတိထားမိလာတာက သူတို့ခါးကြား တွေမှာ သေနတ်တစ်လက်အမြဲ ချိတ်ချိတ်ထားတယ်။ အရင်ကထက် ပိုပြီးကြောက်နေရတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

ယခင် ကာလများက အဆိုပါယာဉ်ထိန်းရဲများသည် နံပါတ်တုတ်များကိုသာ ကိုင်ဆောင်လေ့ရှိပြီး စစ်ကောင်စီ၏ ကာကွယ်ရေးနှင့် လုံခြုံရေးအစည်းအဝေးပြီးနောက် ထုတ်ပြန်လာသည့် စစ်အုပ်ချုပ်ရေး ဒေသတွင် တနင်္သာရီတိုင်း ဒေသတချို့ပါဝင်လာသလို သေနတ်ကိုင်ဆောင်ခွင့် ဥပဒေ ပြဌာန်းချက်များလည်း ပေါ်ပေါက်လာပြီးနောက်ပိုင်း ယခုလို သေနတ်များ ကိုင်ဆောင်လာ ကြခြင်းဖြစ်သည်။

ယာဉ်ထိန်းရဲများ သေနတ်များကိုင်ဆောင်လာခြင်းသည် ပြည်သူများအပေါ် အာဏာသိမ်းစစ်ကောင်စီက အကြောက်တရားနှင့်အုပ်ချုပ်လိုသောကြောင့် ဖြစ်ကြောင်း CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) ပြုလုပ်ထားသည့် ယခင်ယာဉ်ထိန်းရဲတစ်ဦးက ယခုလို မှတ်ချက်ပြုသည်။

“မြန်မာပြည်မှာက တုတ်ပဲကိုင်ရတာ အရင်က။ အခုနောက်ပိုင်းပေးကိုင်တာက သူတို့ရဲ့လုံခြုံရေး အတွက် ပေးကိုင်တာ။ အဓိကကတော့ ပြည်သူတွေကို အကြောက်တရားတွေနဲ့အုပ်ချုပ်ချင်တာ။ ပြီးတော့ ဟောက်ပြီးတော့ လုပ်စားလို့ရတာပေါ့။ ယာဉ်ထိန်းရဲတွေက ပြည်သူတွေထဲမှာ နေရတာဆို တော့ သေနတ်က ကိုင်ဆောင်လို့မရဘူးလေ။”ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ယခုလို သေနတ်ကိုင်ဆောင်ခြင်းများ မပြုလုပ်ခင်ကာလများက အဆိုပါ ယာဉ်ထိန်းရဲများသည်လည်း တော်လှန်ရေးမြေအောက်လှုပ်ရှားသူများ၏ ထောက်တိုင် ရှင်းလင်းရေး ပစ်မှတ်များတွင် ပါဝင်ပြီး ပစ်သတ်ရှင်းလင်းခံရမှုဖြစ်စဉ်များ ရှိခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ရက်နေ့က လူတစ်ဦးကို သေနတ် ၃ လက်အထိ လိုင်စင်နှင့် ကိုင်ဆောင်ခွင့်ကို ပြဌာန်းလိုက်သည်မှစ၍ အခုလို သေနတ်များ ကိုင်ဆောင်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။

တနင်္သာရီတိုင်း ဒေသအတွင်းရှိ မြို့များနှင့်ကျေးနယ်များတွင် အာဏာသိမ်းမှု(၂)နှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီမှ အကြမ်းဖတ်လုပ်ရပ်များကို အဆက်မပြတ်လုပ်ဆောင်နေပြီး စစ်ဆေးရေးဂိတ်များကိုမြို့တွင်း၊ မြို့ပြင်အထိုင်ချကာ ပြည်သူများအပေါ် ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေသလို အကြောင်းမဲ့ဖမ်းဆီးမှုများလည်း ပြုလုပ်လျက်ရှိနေကြောင်း ဒေသတွင်းပြည်သူများက ပြောသည်။