Home သတင်း မယ်ခါးထာ့ စစ်ကောင်စီတပ်စခန်းကို KNLA တပ်မဟာ(၅) တိုက်ခိုက်သိမ်းပိုက်

မယ်ခါးထာ့ စစ်ကောင်စီတပ်စခန်းကို KNLA တပ်မဟာ(၅) တိုက်ခိုက်သိမ်းပိုက်

941

မတ် ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် ၊ တပ်မဟာ (၅)နယ်မြေ၊ သံလွင်မြစ်ဘေးတွင်တည်ရှိသည့် မယ်ခါးထာ့ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ယနေ့ မတ်လ ၂၈ရက်နေ့နံနက် အစောပိုင်းအချိန်တွင် နယ်မြေခံ KNLA တပ်မဟာ(၅)က တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု သိရသည်။

စစ်ရေးအတွက် အရေးပါသည့် အဆိုပါ နယ်စပ်ခံစစ် စခန်းကို ယနေ့နံနက် ၅နာရီအချိန်ခန့်တွင် တက်ရောက် တိုက်ခိုက်ကာ နံနက် ၇ နာရီဝန်းကျင်အချိန်တွင် အပြီးရှင်းလင်းနိုင်ခဲ့သည်ဟု KNLA အရာရှိတစ်ဦးက ယခုလို ပြောသည်။

“ စခန်းသိမ်းပြီးကုန်ပြီးလို့ သူတို့ အသိပေးလာတယ်။ အဲဒီစခန်းက နယ်စပ်ထဲမှာဆိုတော့ ဟိုဘက်ကမ်းက ထိုင်းစစ်တပ်စခန်း ဒီဘက်ကမ်းက သူတို့စခန်းချနေတယ်။ ဒီစခန်းက တပ်ရင်းမှူးထိုင်တယ်ဆိုတော့ စစ်ကြောင်း တစ်ကြောင်းစာ အင်အား ၅၀နဲ့ ၆၀ ကြားလောက်မှာရှိမှာတော့ အနည်းဆုံးပဲ။ ခလရ -၁၉ နေတယ်” ဟု ကေအိုင်စီသို့ပြောသည်။

Photo: Crd.

မယ်ခါးထာ့စစ်ကောင်စီတပ်စခန်း သိမ်းပိတ်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်ဘက်မှ နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှု ပြန်လည်ပစ်ခတ်တိုက်ခိုက်နိုင်သည့်အတွက် ဒေသခံအချို့သည် ကြိုတင်ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း နယ်မြေခံ ကူညီကယ်ဆေးရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။

မယ်ခါးထာ့ စစ်ကောင်စီတပ်စခန်းသည် သံလွင်မြစ်အတွင်း ဖြတ်သန်းသွားလာနေသည့် ဒေသခံ စက်လှေများကို မကြာခဏ ပစ်ခတ်တိုက်ခိုက်သည့် စခန်းတစ်ခုဖြစ်သည်ဟု သိရပြီး သံလွင်မြစ်တစ်လျှောက်တွင် လက်ရှိအချိန်တွင် စစ်ကောင်စီ တပ်စခန်းအချို့ကျန်ရှိသေးကြောင်း သိရသည်။