မတ်လ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့နယ်ခွဲရှိ စစ်ကောင်စီတပ်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များလာရောက်ဒရုန်းဗုံးကြဲချတိုက်ခိုက်မှုမရှိစေရေး ကျုံဒိုးတောင်ပိုင်းကျေးရွာများဘက်သို့ လက်နက်ကြီးများ ပစ်ခတ်မှုမကြာခဏ လုပ်ဆောင်ပစ်ခတ်သည့်အတွက် ဒေသခံစစ်ဘေးရှောင်နေရသူများ နေရပ်ပြန်လည်နေထိုင်မရဲကြသေးဘဲ ရှောင်ပုန်းနေထိုင် စစ်ဘေးရှောင်နေကြရဆဲဖြစ်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ ယခုအချိန်ထိ ကျုံဒိုးအခြေစိုက် ခလရ ၅၄၅/၅၄၆ တပ်ရင်းသည် ကျုံဒိုး တောင်ပိုင်းကျေးရွာများဖြစ်သော ကော့ကာ၊ ကမ်းမရိုက်၊ မိဂလုံ၊ ကမ်းနီကျေးရွာများဘက်သို့ လက်နက်ကြီး မကြာခဏ ပစ်ခတ်မှုလုပ်ဆောင်သည့်အတွက် လူနေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
“အခုရက်ပိုင်းက ကျုံဒိုးစစ်တပ် ၅၄၅/၅၄၆ က လက်နက်ကြီးတွေ ပစ်ပစ်ထုတ်တယ်၊ ဖေဖော်ဝါရီ ၂၈ရက်က ကော့ ကာရွာဘက် လက်နက်ကြီးပစ်ထည့်တာမှာ အိမ်တွေပျက်စီးတယ်၊ လူတွေက စစ်ရှောင်နေတာကနေ ကိုယ့်အိမ် ကိုယ်ပြန်လာနေဖို့ မရဲကြသေးဘူး ဖြစ်နေတယ်။ အဲ့လိုပဲ အရင်ရှေ့ရက်တွေကလည်း တောင်ကမ်းမရိုက်ဘက်၊ မိဂလုံရွာဘက်၊ ကမ်းနီရွာဘက်တွေ လက်နက်ကြီးပစ်ထုတ်တယ်။ ကရင်အဖွဲ့တွေက ရွာလယ်ကွင်းတွေ ဘက် ကနေ ဒရုန်းနဲ့သူတို့ စစ်တပ်ကို ဒရုန်းနဲ့ ဗုံးကြဲမှာ ကြောက်ကြတယ်လေ” ဟု ကျုံဒိုးစစ်ကောင်စီတပ်နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ကော့ကရိတ်ဒေသအတွင်း စစ်ကောင်စီတပ်မှ နယ်ခြားစောင့်တပ်-BGF တပ်များနှင့်အတူ ကျေးရွာများဘက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းအဖွဲ့များစစ်ရေးလှုပ်ရှားသည့် နေရာများအား စစ်ကြောင်းထိုးနယ်မြေရှင်းလင်းစစ်စခန်းချစစ်ဆေးရှာဖွေဖမ်းဆီးတိုက်ခိုက်မှုများ နေ့စဉ်လုပ်ဆောင်နေသည့် အတွက် ကော့ကရိတ်-ကျုံဒိုးဒေသကျေးရွာ ၃၀ခန့်မှာ မိမိကျေးရွာ၊ မိမိနေအိမ်များတွင် ပြန်လည်နေ ထိုင်နိုင်ခြင်းမရှိသေးကြောင်း စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး လုပ်ဆောင်နေသူများက ပြောသည်။

ကျုံဒိုး ဒေသစစ်ရှောင်အရေးကူညီပေးသူတစ်ဦးက “အခု ကော့ကရိတ် တစ်နယ်လုံး၊ တစ်ဂွင်လုံးအနေနဲ့ပြောရင် ရွာပေါင်း ၃၀ လောက်က လူမနေရဲကြဘူး။ စစ်တပ်၊ BGF က ရှိနေတယ်၊ သူတို့ကိုထောက်ခံတဲ့သူတို့ ရွာဘုန်းကြီး တို့လောက်တော့ ဆက်နေနေကြတာတွေ ရှိတယ်။ ရွာသားအများစုကတော့ တိုက်ပွဲနဲ့ ဝေးမယ့် ရွာတွေ၊ မြို့နီး နားက ရပ်ကွက်တွေဘက်ပြောင်းနေနေကြတာ များပါတယ်။ တချို့ ရွာသားတွေကတော့ သူတို့တောင်ယာ ခြံကုန်းတွေက တဲတွေ၊ လျှိုတွေ၊ တောင်ကုန်းအကာအကွယ်ရှိတဲ့ နေရာတွေမှာ ပုန်းခိုပြီးနေနေကြတာလည်း ရှိတယ်၊ စားသောက်စရာ ရိက္ခာဝေဖို့ကတော့ လက်လှမ်းမှီတဲ့သူအချို့ကိုတော့ ဝေပေးနိုင်တယ်၊ အဝေးရောက်နေသူတွေကိုတော့ ဝေမပေးနိုင်ဘူး” ဟု ပြောသည်။
အဆိုပါ ကော့ကရိတ်-ကျုံဒိုး ဒေသအတွင်း စစ်ဘေးရှောင် နေထိုင်နေရသည့် စစ်ရှောင်မိသားစုဦးရေမှာ စာရင်းအ တည်တကျမရှိဘဲ ပြန့်ကျဲနေထိုင်နေကြရသည့်အတွက် စစ်ရှောင်မိသားစု အချက်အလက်များကို ကျေးရွာလူဦး ရေ စာရင်းအား အခြေခံ၍ စာရင်းပြုစုချက်များအရ လူဦးရေ ၅,၀၀၀ ၀န်းကျင်နေရပ် မပြန်လည်၀င်ရောက် နေထိုင်နိုင်မှုမရှိသေးကြောင်း စစ်ဘေးရှောင်ကူညီနေသည့် ကော့ကရိတ်-ကျုံဒိုးဒေသတွင်း အကူအညီပေးနေသူ များ၏ အချက်အလက်များအရ သိရသည်။
ကော့ကရိတ်-ကျုံဒိုးဒေသအတွင်း အခြေချစစ်ကောင်စီတပ်စခန်းများဖြစ်သည့် ခလရ ၅၄၅/၅၄၆ ၊ ကော့ကရိတ် ၉၇ တပ်ရင်း၊ လှိုင်၀အမြှောက်တပ်၊ တောင်ကြာအင်း အထက်တမ်းကျောင်း၀င်းတပ်စွဲထားသည့် လက်နက်ကြီး တပ်ဖွဲ့များမှ ဒေသတွင်းကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏ ပစ်ခတ်တိုက်ခိုက် သည့် အတွက် ဒေသခံနေအိမ်အဆောက်အုံ၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရား ကျောင်း၊ စေတီပုထိုးများ ထိခိုက်ပျက်စီးမှုနှင့် အရပ်သားကလေးသူငယ် အပါအ၀င် ရဟန်းသံဃာများပါ ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု သိရသည်။



















