ဖေဖော်ဝါရီ ၁ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီ၏ ဝေါလေရဲစခန်းကို တိုက်ခိုက်စဥ်က ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၅ ဦးနှင့် ၎င်းတို့၏မိသားစုဝင်များအပါအဝင် စုစုပေါင်း (၁၁) ဦးအား ဆင်ဖြူစစ်ကြောင်းနှင့် ကော်သူးလေအာမီ(KTLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီလ (၃၁)ရက်နေ့ ကရင့်တော်လှန်ရေးနေ့တွင် လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရသည်။
လွတ်ငြိမ်းခွင့်ပေးခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၅ ဦး၏ မိသားစုဝင်များတွင် အမျိုးသမီး(၃)ဦးနှင့် ကလေး ငယ်(၃)ဦးလည်းပါဝင်ပြီး ၎င်းတို့ဆန္ဒရှိသည့်အတိုင်း ဆုံးဖြတ်ခွင့်ပေးခဲ့ရာ ထိုင်းနိုင်ငံတွင် အလုပ်လုပ် လိုကြောင်း ဆိုလာသဖြင့် ကော်သူးလေအာမီ စစ်ဦးစီးချုပ် ဗိုလ်ချုပ်နယ်ဒါးမြ၏ ချိတ်ဆက်မှုဖြင့် NUG ခေါင်းဆောင်များမှ ထိုင်းနိုင်ငံတွင် အလုပ်ရှာပေးကာ ပို့ဆောင်ခဲ့သည်ဟု ဆင်ဖြူစစ်ကြောင်း၏ စစ်ကြောင်းမှူး၊ ကော်သူးလေအာမီ အထူးကွန်မန်ဒို၏တပ်ရင်းမှူး ဖြစ်သူ ဒုတိယဗိုလ်မှူးကြီး စောစလုံးက ပြောသည်။
၎င်းက “သူတို့လည်း ကျနော်တို့ကိုတော်လှန်ဖို့ မစဥ်းစားထားဘူးပေါ့နော်၊ ကျနော်တို့ကလည်း သူတို့ကို နောင်တရဖို့အချိန်တွေပေးတယ်။ နောင်တရလား၊ မရလားတော့မသိပေမဲ့ သူတို့ကိုသတ် မယ်ဆိုရင် ကျနော်တို့လည်း နိဗ္ဗာန်မရောက်ဘူးလေ။ အဲ့ဒါနဲ့ပဲ (၇၄)နှစ်မြောက် ကရင့်တော်လှန်ရေး နေ့မှာ သူတို့ကို အိမ်ပြန်ချင်လား၊ အလုပ်လုပ်ချင်လား၊ ပူးပေါင်းတိုက်မလားပေါ့ မေးတယ်။ သူတို့က အိမ်လည်းမပြန်ရဲဘူး၊ ပူးပေါင်းဖို့ကလည်း စိတ်မရှိတော့ဘူး၊ အလုပ်လုပ်မယ် ထိုင်းဘက်ကိုသွား မယ်ဆိုလို့ NUG ခေါင်းဆောင်တွေနဲ့ချိတ်တော့ NUG ခေါင်းဆောင်တွေက အလုပ်ရှာပေးတယ်။ အဲ့လိုနဲ့ပဲ လွတ်မြောက်တဲ့နေရာကို ပို့လိုက်တာပါ” ဟု ပြောသည်။
ထိုကဲ့သို့ အလုပ်လုပ်ရန်ပို့ဆောင်ပေးလိုက်ခြင်းမှာ ၎င်းတို့၏လိုအပ်ချက်အရဖြစ်ပြီး ကော်သူးလေ အာမီနှင့်မသက်ဆိုင်တော့ဘဲ ကာယကံရှင်များ၏သဘောဆန္ဒအတိုင်း ဆုံးဖြတ်၍ ချိတ်ဆက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ကော်သူးလေအာမီနှင့် ဆင်ဖြူစစ်ကြောင်းတွင် ဖမ်းဆီးထား သည့်သူများ မကျန်ရှိတော့ကြောင်း ဒုတိယဗိုလ်မှူးကြီး စောစလုံးက ဆက်ပြောသည်။
“အခုလွှတ်ပေးလိုက်တဲ့သူက အကုန်ပါပဲ။ ဒီလောက်ပဲရှိလို့ ဒီလောက်ပဲလွှတ်ပေးတာပါ။ သူတို့လည်း ဒီကိုရောက်လာတာ ခံစားချက်ရှိမှာပဲ၊ တစ်ယောက်နဲ့တစ်ယောက် ထမင်းစားကြတဲ့ လူချင်းအတူတူပဲဆိုတော့ ကျနော်တို့လည်း သူတို့အပေါ်ကို သင်ခန်းစာလည်း ပေးတယ်။ နောင်တမရရင်လည်း သူတို့လမ်းပဲ သူတို့သွားလိမ့်မယ်။ ကျနော်တို့နဲ့မဆိုင်တော့ဘူး၊ ကျနော်တို့ကတော့ ဘုရားနဲ့တိုင်တည်ပြီး သစ္စာဆိုထားတော့ ကျနော်တို့တာဝန်ကျေနေပြီပေါ့။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။
ယမန်နေ့ လွတ်ငြိမ်းခွင့်ပေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ် ဇွန်လ(၁၃)ရက်နေ့က ဝေါလေ စခန်းသိမ်းတိုက်ပွဲတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုစခန်းသိမ်းတိုက်ပွဲတွင် KNLA/KNDO ပူးပေါင်းစစ်ကြောင်းဘက်မှ ဝေါလေရဲ စခန်း၏အချုပ်ခန်းအတွင်းတွင် ဖမ်းဆီးခံထားရသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၉)ဦးနှင့်တကွ လက်နက်ခဲယမ်းအချို့ပါ သိမ်းဆည်းရမိခဲ့ကာ တိုက်ပွဲဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင် အချို့နှင့် ၎င်းတို့၏မိသားစုများမှာ စခန်းမှစွန့်ခွာထွက်ပြေးကြကြောင်း သိရသည်။



















