Home သတင်း လောင်းလုံးမြို့နယ် လူထုစည်းရုံးရေးနှင့်အသိပညာပေးလှုပ်ရှားမှု သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခံရ

လောင်းလုံးမြို့နယ် လူထုစည်းရုံးရေးနှင့်အသိပညာပေးလှုပ်ရှားမှု သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခံရ

872
Photo: Crd.

ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၏အထက်ဘက် ကျေးရွာများတွင် ယမန်နေ့ ဖေဖော်ဝါရီလ(၁၀)ရက်နေ့က ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ် ကော်မတီ၏ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီမှ ဦးဆောင်၍ လူထုစည်းရုံးရေး နှင့်အသိပညာပေး လှုပ်ရှားမှုပြုလုပ်နေစဥ် သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခံခဲ့ရကြောင်း ထိုဆပ်ကော်မတီထံမှ သိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် ကော်မတီမှရေးသားထုတ်ဝေသော “ဖက်ဒရယ်စနစ်နှင့်နိုင်ငံရေးပြဿနာ” ဆောင်းပါးများဖြန့်ဝေခြင်း၊ ဒေသခံများအနေဖြင့် စစ်ကောင်စီထုတ်ကုန်ပစ္စည်းများအား ဝယ်ယူရောင်းချသုံးစွဲခြင်း မပြုကြရန် ရွာဈေးတွင် စည်းရုံးဟောပြောကြပြီး တော်လှန်ရေးသီချင်း များဟစ်ကြွေးနေစဥ် ဆိုင်ကယ်စီးနင်းမောင်းနှင်လာသော လူနှစ်ဦးမှ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခြင်းခံခဲ့ရကြောင်း ဆပ်ကော်မတီတာဝန်ခံ ဦးမင်းလွင်ဦးက ယခုလိုပြောသည်။

၎င်းက “ကျနော်တို့ တော်လှန်ရေးသီချင်းတွေဖွင့်ပြီး စည်းရုံးဟောပြောတာတွေလုပ်နေတဲ့အချိန် ဈေးရှေ့လမ်းသွယ်ထဲကနေ ဆိုင်ကယ်တစ်စီးနဲ့လူနှစ်ယောက်ထွက်လာတယ်။ ပြီးတော့ သေနတ်(၃) ချက်ဖောက်ပြီး မောင်းပြေးသွားတဲ့အတွက် ကျနော်တို့ရဲဘော်တွေလည်း ဘယ်သူ ဘယ်ဝါဆိုတာ တိတိကျကျပြောလို့မရဘူး ဖြစ်သွားတယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ သူက “ပြီးခဲ့တဲ့ဒီဇင်ဘာတုန်းကလည်း လောင်းလုံးမြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့မှာ ကျနော်တို့ကြွေးကြော်သံအော်နေကြတဲ့အချိန် မြို့ပေါ်ကပျူစောထီးလို့ပြောလို့ရတဲ့သူက သေနတ်တစ်ချက်ဖောက်ပြီး ကျနော်တို့ကို ခြောက်ခဲ့ဖူးတယ်။” ဟု ဖြည့်စွက်ပြောသည်။

ထို့အပြင် ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီထုတ်ကုန်ပစ္စည်းများအား သေချာမသိရှိကြ သည့်အတွက် အဆိုပါပစ္စည်းများအားသုံးစွဲပါက တော်လှန်ရေးအတွက် မည်မျှဆုတ်ယုတ်နိုင် ကြောင်းကို ရှင်းပြလို၍ အသိပညာပေးခြင်းဖြင့် လူထုစည်းရုံးရေးနှင့်အသိပညာပေး လှုပ်ရှားမှုများပြု လုပ်ရခြင်းဖြစ်ကြောင်းလည်း ဆပ်ကော်မတီတာဝန်ခံ ဦးမင်းလွင်ဦးက ပြောသည်။

Photo: Crd.

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၉)ရက်နေ့ကလည်း လောင်းလုံးမြို့နယ်၊ ကျေးရွာပေါင်း(၅)ရွာအတွင်းရှိ လမ်းဘေးဓာတ်တိုင်များနှင့် လူစည်ကားသောနေရာများတွင် စစ်တပ်ထုတ် ကုန်ပစ္စည်း စာရင်း များအား လိုက်လံကြေငြာခြင်းဖြင့် လှုပ်ရှားမှုများပြုလုပ်ခဲ့သေးကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအ ရေးလှုပ်ရှားမှု သပိတ်ကော်မတီ၏ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီ တာဝန်ခံက ပြောသည်။

“ဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ပြည်သူတွေ သေချာသိလာပြီဆိုရင် လူထုက အဲ့ဒီထုတ်ကုန်တွေကို အသုံးပြုမှာမဟုတ်တော့ဘူးဆိုတာ သေချာပါတယ်။ ကျနော်တို့လှုပ်ရှားမှုသွားလုပ်တဲ့ ရွာတွေ ဆိုရင်လည်း စစ်တပ်ထုတ်ကုန်တွေကို ကလေးတွေကအစ သိလာကြတယ်ဆိုတော့ လှုပ်ရှားမှုက ထိရောက်တယ်လို့တော့ ပြောလို့ရတယ်။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ထို့အတူ တော်လှန်ရေးတွင် စစ်ကောင်စီ၏ အခြေခံစီးပွားရေးထောက်တိုင်များအား ဖြိုချရန်မှာ အရေးကြီး၍ ၎င်းတို့ကော်မတီအနေဖြင့်လည်း ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း လောင်းလုံးမြို့ အောက်ဘက်ရှိ ကျေးရွာပေါင်း(၁၇)ရွာသို့ သွားရောက်၍ လှုပ်ရှားမှုများပြုလုပ်ခဲ့ရုံသာမက Black Money Campaign နှင့်ပူးတွဲ၍ စစ်ကောင်စီ၏ဝင်ငွေလမ်းကြောင်းကောင်းမွန်စေသော စီးပွားရေးလုပ်ငန်းများအား နိုင်ငံတကာမှ တားမြစ်ပိတ်ဆို့ပေးရန် လှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီထံမှ သိရသည်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကို ထားဝယ်လူထုသပိတ်အား ဦးဆောင်ခဲ့သောလူငယ်များ၊ ဒေသအလိုက်သပိတ်ကော်မတီများနှင့် တော်လှန်ရေးအင်အားစု (၁၁)စုဖြင့် လူထုသပိတ်ဦးဆောင်နိုင်ရန်ရည်ရွယ်၍ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။