ဖေဖော်ဝါရီလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် နှစ်ကုန်စာမေးပွဲ မေးခွန်းပါသည့်အတိုင်း စာကျက်ဖြေဆိုခိုင်းမည့်အတန်းတင် စာမေးပွဲစစ်မည့်သတင်းကြောင့် အတန်းတက်ပြီး စာမတတ်ဖြစ်မည်ကို ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးဒေသတွင်းရှိ ကျောင်းသားမိဘများက စိုးရိမ်လျက်ရှိသည်ဟု သိရသည်။
ကော့ကရိတ်၊ ကျုံဒိုးဒေသတွင်း စစ်ကောင်စီဖွင့်လှစ်သည့် ပညာရေးကျောင်းများတွင် တက်ရောက်နေကြသည့် ကျောင်းသားများအား အတန်းတင် နှစ်ကုန်စာမေးပွဲကြီး ဖြေဆိုရန် မေးခွန်းပါမည့်စာများကိုသာ သင်ကြားပြသ ကျက်မှတ်ခိုင်းပြီး စာမေးပွဲတွင် လာရောက်ဖြေဆိုကြရန် ပြောဆိုမှုများကြောင့် ကျောင်းသားမိဘများအနေဖြင့် စာမတတ်ဘဲအတန်းအောင်ခြင်းမျိုး မလိုချင်ကြကြောင်း ကျောင်းသားမိဘများက ပြောသည်။
ကျုံဒိုးကျောင်းသားမိဘတစ်ဦးက “တစ်နှစ်လုံး စာသင်ရက်က သိပ်မရှိထားကြဘူး၊ အခုက ကျောင်းက ဆရာ/ဆရာမတွေက အတန်းတင်စာမေးပွဲကို ဖြစ်သလို လုပ်မယ့်သဘောကြားနေရတယ်။ သူတို့မေးခွန်း မှာပါမယ့် စာတွေပေးမယ်၊ အဲ့ဒါပဲကျက်မှတ်ပြီးလာဖြေကြလို့ ကျောင်းတွေမှာ ပြောနေကြတယ်။ ပညာရေးက ရွေးချယ်စရာမရှိတော့ စစ်တပ်က အုပ်ချုပ်တဲ့ ကျောင်းပဲ ထားနေရတယ်၊ အဆင်မပြေဘူး။ စာမတတ်ဘဲ အတန်းအောင်တာမျိုးတော့ မလိုချင်ဘူး ”ဟု ပြောသည်။
ကော့ကရိတ်၊ ကျုံဒိုးဒေသတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေ သည့်အတွက် မြို့ပေါ်စာသင်ကျောင်းများ ကျောင်းဖွင့်ရက် ပုံမှန်မဟုတ်ဘဲ ပိတ်လိုက်၊ ဖွင့်လိုက်၊ စာသင်လိုက် အနေအထားဖြင့် ကျောင်းများလည်ပတ်သင်ကြားနေကြရာမှ ယခု ၂၀၂၂/ ၂၀၂၃ ခုနှစ် နှစ်ကုန်အ တန်းတင်စာ မေးပွဲကျင်းပရန် ပညာရေးဌာန ညွှန်ကြားချက်အရ စာမေးပွဲများ ကျင်းပပေးရန် စီစဉ်နေကြရကြောင်း စစ်ကောင်စီ ပညာရေးဌာနနှင့် နီးစပ်သူများ ပြောစကားအရ သိရသည်။
“ကော့ကရိတ်ရော၊ ကျုံဒိုးရော၊ တောင်ကြာအင်းဘက်ရော၊ စစ်ကောင်စီကျောင်းတွေ ဖွင့်လိုက် မဖွင့်လိုက်နဲ့ စာသင်၊ ကျောင်းဖွင့် လုပ်နေတာ အခုနှစ်ကုန် စာမေးပွဲ ဖြေချိန်ရောက်နေပြီ၊ စာသင်တာသင်ရိုးမကုန်ဘူး၊ ဖတ်စာတွေ၊ လေ့ကျင့်ခန်းတွေ၊ အခန်းမစုံဘူး။ ကျောင်းသားလည်း ရာနှုန်းပြည့် လာမတက်သလို၊ ဆရာ/ ဆရာမကလည်း မလုံလောက်တော့ အခန်းစေ့စာမသင်နိုင်ကြဘူး၊ အဲ့ဒါကို စာမေးပွဲကြီး စစ်ဆိုတော့၊ အခုက ကျောင်းတွေက ဒါကျက်၊ ဒါပဲဖြေတစ်ပွဲထိုးစားမေးပွဲ စစ်ပြီး အတန်းတင်ဖြေရမယ့် ပုံစံဖြစ်နေတယ် ”ဟု ကော့ကရိတ် ပညာရေးဌာန နီးစပ်သူတစ်ဦးက ပြောသည်။
ကရင်ပြည်နယ်အတွင်း မြို့နယ် ၇ ခု ရှိပြီး စစ်ကောင်စီ ပညာရေးဌာနမှ မြို့ပေါ် ရပ်ကွက်များရှိ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများနှင့် KNU-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင်အတွင်း ကျေးရွာကျောင်းအချို့သာ ကျောင်းဖွင့်လှစ် စာသင်ကြားမှုရှိသည့် အခြေအနေရှိနေကြောင်း ဒေသတွင်း သတင်းအရင်းများထံမှ သိရသည်။
ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပွားနေသည့် ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကော့ကရိတ်၊ မြ၀တီ၊ သံတောင်၊ ဖာပွန် စသည့်မြို့နယ်များရှိ ဒေသကျေးရွာ ပညာရေးကျောင်းများအနေဖြင့် ကျောင်းပိတ်ထားကြရသည်ဟု သိရသည်။
အဆိုပါ ပိတ်ထားရသည့် စာသင်ကျောင်းများကို KNU ၏ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန -KECD မှ ပညာရေး သင်ရိုးသင်ကြားရေးစနစ်ဖြင့် စစ်ဘေးရှောင်ရာ နေရာဒေသများတွင် ယာယီစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြား ပေးနေပြီး ယာယီရွှေ့ပြောင်း စစ်ဘေးရှောင် အစုအဖွဲ့နေရာများတွင် စားမေးပွဲများ ဖြေဆိုစစ်ဆေးသင်ကြား ပေးနေရကြောင်း သိရှိရသည်။



















