Home သတင်း ထားဝယ်ခရိုင်ရှိ နယ်မြေခံ ကေဝိုင်အိုနှင့် ကစယ်ဒိုကျားတပ်ဖွဲ့တို့ ၇၅နှစ်ပြည့် ကရင်အမျိုးသားနေ့ ပူးပေါင်းကျင်းပ

ထားဝယ်ခရိုင်ရှိ နယ်မြေခံ ကေဝိုင်အိုနှင့် ကစယ်ဒိုကျားတပ်ဖွဲ့တို့ ၇၅နှစ်ပြည့် ကရင်အမျိုးသားနေ့ ပူးပေါင်းကျင်းပ

1036
Photo: K-PDF

ဖေဖော်ဝါရီ ၁၁ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ကရင်တောင်ပျောက်ကျေးရွာတွင် ကျေးရွာ ကရင်လူငယ်အစည်းအရုံး-KYO နှင့် နယ်မြေကာကွယ်ရေးအဖွဲ့ဖြစ်သည့် ကစယ်ဒို ကျားတပ်ဖွဲ့(K-PDF)တို့က ဖေဖော်ဝါရီလ ၁၁ရက်တွင် ကျရောက်သည့် ၇၅နှစ်ပြည့် ကရင်အမျိုးသားနေ့ အခမ်းအနားကို ကျေးရွာလူထုအင်အား ဖြင့် ယနေ့ ပူးပေါင်း ကျင်းပပြုလုပ်ခဲ့ကြသည်။

ကစယ်ဒိုကျားတပ်ဖွဲ့ခေါင်းဆောင် ဖိုးသောကြာက “အမျိုးသားရေး လှုပ်ရှားမှု အခန်းကဏ္ဍမှာ အမှန်တကယ်လည်း ကျနော်တို့ တနင်္သာရီတိုင်းမှာ အားနည်းချက် အဖက် ဖက် ဖြစ်နေတဲ့ကြားမှာ စိန်ခေါ်မှု အခက်အခဲကြားထဲက နေပြီး ကျနော်တို့ အမျိုးသားရေးလုပ်ငန်းမှာ မျိုးဆက်သစ်လူငယ်တွေ၊ နယ်မြေခံ ကာကွယ်ရေးတပ်တွေဟာ ကိုယ်နိုင်တဲ့ဖက်ကနေပြီး ကိုယ်လုပ်တယ်ဆိုတာတော့ ကျနော်တို့ ခေါင်းဆောင်ပိုင်းတွေမှာရော၊ ကျနော်တို့ပြည်သူတွေသိစေချင်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါအခမ်းအနားကို ကရင်တောင်ပျောက်ရွာနှင့် ရေပူကျေးရွာမှ ကရင်လူငယ်အစည်းအရုံးဝင်များနှင့် နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် ကစယ်ဒိုကျားတပ်ဖွဲ့တို့ က တောင်ပျောက်ကျေးရွာ ရွာလယ်ရုံးခန်းရှေ့တွင် တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းကျင်းပခဲ့ကြပြီး ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ကစယ်ဒိုကျား တပ်ဖွဲ့ခေါင်းဆောင်က မျိုးဆက်သစ်လူငယ်တွေကို ရှင်းပြပြောဆိုခြင်း၊ ကရင်အမျိုးသားသီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု ပါဝင်သူများက ပြောဆိုသည်။

အချိန်တစ်နာရီကျော်ကြာ ကျင်းပသည့် ၎င်းအခမ်းအနားတွင် ဒေသခံ ကရင်တောင်ပျောက်ကျေးရွာနှင့် ရေပူကျေးရွာ ကရင်လူငယ်အစည်းအရုံး(KYO) လူငယ်များ၊ နယ်မြေခံ K-PDF ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာလူထု စုစုပေါင်း ပရိဿတ် ၁၀၀ကျော် ပူးပေါင်းပါဝင်ခဲ့ကြသည်ဟု သိရသည်။

Photo: K-PDF