ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ဆောထိ(ရွှေကျင်) မြို့နယ် ညောင်ပင်ကြီးကျေးရွာ၌ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ကရင်အမျိုးသားနေ့တွင် စစ်ကောင်စီတပ်က ပစ်ခတ် လိုက်သော လက်နက်ကြီးကြောင့် အမျိုးသမီး (၃)ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံထံမှ သိရသည်။
ပုဇွန်မြောင်းကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီခြေမြန်တပ်ရင်း-ခမရ-၂၀ တပ်ဖွဲ့သည် ဖေဖော် ဝါရီလ (၁၁)ရက်နေ့၊ နံနက် ၄ နာရီဝန်းကျင်အချိန်တွင် ညောင်ပင်ကြီးကျေးရွာထဲသို့ လက်နက်ကြီး (၃)လုံးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ညောင်ပင်ကြီးရွာတွင်နေထိုင်သူ အမျိုးသမီး(၃)ဦးကို ကျဉ်ထိမှန်ဒဏ်ရာရရှိ သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထိုထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသမီး(၃)ဦးမှာ အသက်(၄၀)အရွယ် ညားဇူလိုင်နှင့် ၎င်း၏သမီး အသက် (၂၀)အရွယ် မဖြူစိုးအေးနှင့် အသက် (၃၆)နှစ်အရွယ် မသန်းသန်းစိုးတို့ဖြစ်ကြပြီး စပါးကျည်တစ်လုံးလည်း လက်နက်ကြီးကျည်ထိမှန်ကာ မီးလောင်ပျက်စီးသွားခဲ့သည်ဟု ကေအဲန်ယူ၏ ဗဟိုသတင်းနှင့်ပြန်ကြား ရေးဌာနက ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသည့် ဒေသခံအမျိုးသမီး(၃)ဦးအား ညောင်လေးပင်မြို့ ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူစေကာ ထိုအထဲမှ ဒဏ်ရာပြင်းထန်သည့် မသန်းသန်းစိုးမှာ စိုးရိမ်ရသဖြင့် ပဲခူးဆေးရုံသို့ ဆက်လက်ဆေးကုသမှုခံနေရသည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
ယခုတလော ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ ပိုမိုလုပ် ဆောင်လာသဖြင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများလာသည်ဟု ဒေသအတွင်း ကရင်လူမှုရေးရာအဖွဲ့ ဝင်တစ်ဦးက ယခုလို ပြောသည်။
၎င်းက “ကျနော်တို့ တပ်မဟာ(၃)မှာ အခုနည်းနည်းပြန်ပြင်းထန်လာတဲ့အခြေအနေမှာရှိတယ်။ လက်နက်ကြီး တွေလည်း ညတိုင်းပစ်တယ်။ ဆောထိမြို့နယ်ဘက်မှာလည်း လက်နက်ကြီးတွေပစ်ခတ်မှုညတိုင်းရှိတယ်။ မုန်းမြို့နယ်ဘက်မှာလည်း အဲဒီလိုပဲ။ ထိခိုက်တဲ့လူလည်းရှိတယ်။ ပြီးတော့ ဒဏ်ရာရရှိတဲ့လူတွေလည်းများတယ်။ ပြီးတော့ လက်နက်ကြီးကြောင့် စစ်ရှောင်လည်း ပိုပိုပြီးများလာတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၅)ရက်နေ့တွင်လည်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် အသက် (၅) နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် (၁၅)နှစ်အောက် မိန်းကလေး (၃)ဦးနှင့် သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်း အမျိုးသမီး (၂) ဦးတို့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သေးသည်ဟု ကေအဲန်ယူ၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။
ယခု ၂၀၂၃ ခုနှစ်ဆန်းပိုင်းမှစ၍ ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်တွင် အရပ်သားပြည်သူ များအပေါ် စစ်ကောင်စီတပ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများပိုမိုလုပ်ဆောင်လာပြီး လက်ရှိတွင် ကျေးရွာ (၆)ရွာမှ ထပ်မံထွက်ပြေးတိမ်းရှောင်နေရသည့် အရပ်သားပြည်သူ ၅, ၀၀၀ ကျော်ရှိသည်ဟု ကေအဲန်ယူ က ထုတ်ပြန်ထားသည်။



















