Home သတင်း ဘုရားသုံးဆူဒေသ စစ်ရှောင်ဒေသခံများ ထိုင်းဘက်ခြမ်းတွင်နေထိုင်ကြရဆဲ

ဘုရားသုံးဆူဒေသ စစ်ရှောင်ဒေသခံများ ထိုင်းဘက်ခြမ်းတွင်နေထိုင်ကြရဆဲ

1115
Photo: Crd.

ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူဒေသတွင် စစ်ကောင်စီစစ်တပ်မှ စစ်ကူနှင့် လက်နက်ခဲယမ်းဖြည့် တင်းကာ စစ်ဆေးတင်းကြပ်မှုများပိုမိုလုပ်ဆောင်နေမှုအခြေအနေများကြောင့် ထိုင်းဘက်အခြမ်းတွင် တိမ်းရှောင်နေကြရသော စစ်ရှောင်ဒေသခံများ နေထိုင်နေကြရဆဲဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်တုန်းက စစ်ကောင်စီ ဌာနဆိုင်ရာရုံးများတိုက်ခိုက်ခံရပြီးနောက်ပိုင်းမှ ယခုအချိန်ထိ စစ်ကောင်စီတပ်က ဘုရားသုံးဆူမြို့ အုပ်ချုပ်ရေးဌာနများရှိရာ ရုံးကုန်းရပ်ကွက်အား လုံခြုံရေးတိုးမြှင့်ချထားကာဒေသမြို့ပေါ်ရပ်ကွက်များအတွင်း စစ်ကြောင်းပုံစံဖြင့် စစ်ဆေးမှုများ လုပ်ဆောင်နေသည့်အတွက် မြို့ပေါ်ရပ်ကွက်နေထိုင်သူများ ထိုင်းနိုင်ငံဘက်အခြမ်း ရှမ်းကုန်းရပ် ကွက်ဘက် စစ်ရှောင်နေကြရသည့်အခြေအနေမှ နေရပ်ပြန်လည်နေထိုင်ခြင်း မပြုရဲသေးကြောင်း မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“မြို့ပေါ် မှာက ခဏခဏ ဗုံးပေါက်မိုင်းပေါက်တွေ၊ ခဏခဏ ဖြစ်နေတာရယ်၊ စစ်တပ်က လက်နက်ကြီး ပစ်ထုတ်တာရယ်၊ သေနတ်ရမ်းပစ်တာရယ်ကြောင့် ကိုယ်အိမ်ကိုယ်ပြန်မနေရဲသေးဘူး။ ရပ်ကွက်ထဲ ကျန်နေသူရပ်ကွက်သားတွေ ဆက်သွယ်မေးကြည့်တော့ စစ်တပ်က စစ်ကြောင်းပတ်ပြီး ရပ်ကွက် အိမ်တွေ ၀င်စစ်တယ်၊ ဖုန်းတွေ စစ်တယ်၊ သူတို့ ဥဒေါင်းကန်ဘက်၊ ရုံးကုန်းဘက်၊ အမှတ်၃ ရပ်ကွက် ဘက်ကလမ်းတွေ ကို စစ်ဆေးရေးဂိတ်တွေချထားပြီးပိတ်တယ်။ ဖြတ်သွားဖို့ မရဲကြဘူး” ဟု ထိုင်းနိုင်ငံဘက်ခြမ်းသို့ စစ်ဘေးရှောင် ပြောင်းရွှေ့ နေထိုင်သူက ပြောသည်။

ဘုရားသုံးဆူမြို့ စစ်ကောင်စီဌာနဆိုင်ရာရုံးနှင့် စစ်တပ်စခန်းများအား ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်တုန်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ဦးဆောင်သည့် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များ ၀င်ရောက်တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း စစ်ကောင်စီဌာနဆိုင်ရာ ရုံးများ မီးလောင် ပျက်စီးခဲ့သည်။

Photo: Crd.

ထိုဖြစ်စဉ်နောက်ပိုင်းမှစတင်ကာ စစ်ကောင်စီ စခန်းများဖြစ်သော နဂါးတောင် အမြောက်ကုန်း၊ ဥဒေါင်း ကန်အနီး စစ်တပ်ဗျူဟာ၀င်း၊ ဘုရားသုံးဆူ ထိုင်း-မြန်မာ နယ်စပ်ဂိတ်တို့အား အရှေ့တောင်တိုင်း စစ်ဌာ နချုပ်မှ စစ်ကူစစ်သား၊ လက်နက်ခဲယမ်းများအား ရဟတ်ယာဉ်များဖြည့် အင်အားဖြည့်တင်းထားပြီး မြို့တွင်းမြို့ပြင် ဂိတ်ချစစ်ဆေးခြင်း၊ လူနေအိမ်များရပ်ကွက်များမှ ဒေသခံများသွားလာမှုအား စစ်ကောင်စီ စခန်းချ နေရာများဘက်သို့ ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း သိရသည်။

သုံးဆူမြို့ခံ လူမှု ကူညီရေးအသင်းသားတစ်ဦးက “သုံးဆူက မော်လမြိုင်၊ သံဖြူဇရပ်၊ ကြာအင်း ဆိပ်ကြီးဘက်နဲ့ အဆက်အသွယ်ပြတ်တောက်နေတယ်၊ စစ်တပ်က သုံးဆူကသူတို့ စစ်စခန်းတွေကနေ ကရင်ကျေးရွာ ဒေသခံကျေးရွာတွေဘက် လက်နက်ကြီးတွေ ရမ်းသမ်းပစ်ထုတ်တယ်။ ညဘက်ဆို သေနတ်ဖောက်တယ်၊ မြို့ထဲတော့ စစ်တပ်နဲ့ ပတ်သက်သူတွေကတော့ ရှောင်နေတာကြာပြီ။ မြို့က လူတွေလည်း အိမ်စောင့်၊ ခြံစောင့် လောက်ပဲနေနေကြတာရှိတယ်။”ဟု ပြောသည်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များနေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေပြီး ယမန်နေ့ ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းအထိ ကော့ကရိတ်၊ ဘုရားသုံးဆူ၊ ကျုံဒိုး၊ ဝေါလေ၊ ထီးကပလယ်၊ သံတောင် ၁၃ မိုင်ကွက်သစ်၊ ဖာပွန် ကမမောင်း ဒေသများဘက်တွင် နှစ်ဖက်စစ်ရေး တင်းမာနေပြီး အချို့နေရာများတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်းဒေသတွင်း စစ်ရေး သတင်းအရင်းအမြစ်များ ပြောစကားအရ သိရသည်။