Home သတင်း ပိုင်ကျုံမြို့နယ် ကျေးရွာဒေသများတွင် စပါးစျေးတက်သဖြင့် အခြေခံပြည်သူများ စပါးဝယ်ယူရန် အခက်အခဲဖြစ်နေ

ပိုင်ကျုံမြို့နယ် ကျေးရွာဒေသများတွင် စပါးစျေးတက်သဖြင့် အခြေခံပြည်သူများ စပါးဝယ်ယူရန် အခက်အခဲဖြစ်နေ

965

ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ဖားအံခရိုင် ပိုင်ကျုံမြို့နယ်ရှိ လှကမန်းကျေးနယ်အုပ်စု ကြိမ်ကုန်းရွာ၊ အပလံကုန်းရွာ၊ လှကမန်းရွာနှင့် ကျိုက်ပေါင်ရွာ အစရှိသည့် ကျေးရွာဒေသများတွင် ယခုနှစ် စပါးပေါ်ချိန် စပါးစျေးတက်ခြင်းကြောင့် ဒေသတွင်းအခြေခံပြည်သူများ စပါးဝယ်ယူစုဆောင်းရန် အခက်ကြုံတွေ့နေကြသည်ဟု ဒေသခံများက ပြောသည်။

၎င်းကျေးရွာဒေသများတွင် ယခင်နှစ်က စပါးတစ်တင်းကို ၉,၀၀၀(ကိုးထောင်)ကျပ်မှ ၁၀,၀၀၀ (တစ်သောင်း)ကျပ်သာရှိပြီး ယခုနှစ်တွင် စပါးတစ်တင်းကို ၂၂,၀၀၀(တစ်သောင်းနှစ်ထောင် ) ကျော်အထိ စျေးရှိနေသည့်အတွက် ဝယ်ယူသိုလှောင်ရန် အဆင်မပြေတော့ဟု လယ်ဒါရွာနေ ဘဲကော့မိုးက ပြောသည်။

၎င်းက “လုပ်အားခက အရင်ကနဲ့ အခုကတော့ အတူတူပါပဲ။ ဒါပေမဲ့ အခုစပါးစျေးနှုန်းတက်နေတော့ ရတဲ့ နေ့စားခနဲ့ စပါးပြန်ဝယ်စားလို့မရတော့ဘူး။ အရင်တုန်းကဆိုရင်တော့ ရတယ်၊ စပါးတစ်တင်းက အခုလိုစျေးမများဘူးလေ အခုဆိုရင် ကြက်ဥတစ်ကဒ်တောင် မရတော့ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုဒေသတွင်းရှိ ဒေသခံအများစုသည် မိုးတွင်းကာလ အလုပ်ပါးချိန်တွင် ၎င်းတို့စုဆောင်းထားသည့် ပစ္စည်းများကို ထုခွဲရောင်းချပြီး မိသားစု စားသုံးရန်အတွက် သီးနှံပေါ်ချိန်များတွင် ဝယ်ယူစုဆောင်းထားကြသည်ဟု ပြောဆိုကြသည်။

“မိုးတွင်းပိုင်းက အလုပ်မရှိဘူး၊ အခုစပါးစျေးနှုန်းနဲ့ဝယ်ချန်စုဆောင်းထားဖို့က မဖြစ်နိုင်ဘူး၊ ဒီနေ့ လုပ်ရတဲ့ ငွေကို ဒီနေ့ပဲ ကုန်တယ်ဆိုတော့ ဘယ်လိုစုဆောင်းပြီး ဝယ်မလဲ၊ ဒီအတိုင်းဆို ရှေ့ဆက်ပြီး မိသားစုနဲ့ဒုက္ခရောက်မှာပဲ”ဟု အမည်မဖော်လိုသူဒေသခံ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ယခုနှစ်တွင် စပါးစျေးတက်သောကြောင့် ဒေသခံ ပြည်သူများက စပါးများ ဝယ်ယူစုဆောင်း ထားနိုင်ခြင်းမရှိတော့သည့်အတွက် လယ်သမားများသည် စပါးကုန်သည်များထံ ပြန်လည်ရောင်းချနေရသဖြင့် လာမည့်နှစ်များတွင် စပါးစျေး ယခုထက်မက ပိုမိုဈေးမြှင့်တက်လာ နိုင်သည်ဟု ယင်းဒေသအတွင်းရှိ ရပ်မိရပ်ဖများက ပြောဆိုသည်။

ထိုဒေသအတွင်းရှိ ကျေးနယ်ကျေးရွာဒေသများတွင် စပါးအပါအဝင် အခြားသီးနှံများဖြစ်ကြသည့် နှမ်း၊ ပဲ၊ ပြောင်းများ ရာသီပေါ်ချိန်တွင် နှစ်စဉ်ပုံမှန် ဝယ်ယူသိုလှောင်လျက်ရှိသည်။

ပိုင်ကျုံမြို့နယ် ကျေးရွာဒေသများတွင် စပါးနှင့်ပဲကို အဓိက စိုက်ပျိုးနေကြပြီး ယခုနှစ် စပါးရိတ် သိမ်းချိန်တွင် အခါလွန်မိုးကြောင့် စပါးများ ပျက်စီးခြင်း၊ စပါးပေါ်ချိန်တွင် စျေးတက်ခြင်းတို့ဖြစ်‌နေ သော်လည်း ပဲဈေးနှုန်းကမူ အနည်းငယ်သာတက်သည်ဟု ဒေသခံ စိုက်ပျိုးရေး လုပ်ကိုင်သူများက ပြောသည်။