Home သတင်း ကေအဲန်ယူ တပ်မဟာ(၅)နှင့် (၆)တွင် တစ်လအတွင်း (၅၇)ကြိမ် လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၁၃ ဦး သေဆုံးခဲ့

ကေအဲန်ယူ တပ်မဟာ(၅)နှင့် (၆)တွင် တစ်လအတွင်း (၅၇)ကြိမ် လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၁၃ ဦး သေဆုံးခဲ့

545

ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေနှင့် ဒူးပလာယာခရိုင် ၊ တပ်မဟာ(၆)နယ်မြေတွင် ပြီးခဲ့သည့် ဇန်နဝါရီလ တစ်လတာအတွင်း စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုပေါင်း (၅၇)ကြိမ်ရှိပြီး အရပ်သားပြည်သူ (၁၃) ဦးသေဆုံးခဲ့ရသည်ဟု ကေအဲန်ယူက ယမန်နေ့ ဖေဖော်ဝါရီ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပြည်သူလူထုများနေထိုင်သည့် ကျေးရွာထဲတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁၃) ဦးသေဆုံးပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို ထိခိုက်ဒဏ်ရာရသူထဲတွင် အသက်(၂)အရွယ်ကလေး တစ်ဦး၊ အသက်(၄)နှစ်အရွယ်ကလေးတစ်ဦးနှင့် ခရစ်ယာန်ဘာသာရေးဆရာ၂ ဦး ပါဝင်ကြောင်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

၎င်းအပြင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထု နေအိမ် (၃၃) လုံးမီးလောင်ပြာကျ သွားပြီး (၂၄)လုံးမှာ ထိခိုက်ပျက်စီးခဲ့သည့်အပြင် စာသင်ကျောင်း၂ ကျောင်း၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း (၄)ကျောင်း၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ၂ ကျောင်း၊ ဆေးရုံ(၁)လုံးနှင့် ပြည်သူပိုင်အဆောက်အဦး (၈)လုံး ပျက်စီးသွားခဲ့ရသည်ဟု ဖော်ပြထားသည်။

ထို့အတူ ကေအဲန်ယူ ညောင်လေးပင်ခရိုင် တပ်မဟာ(၃) နယ်မြေ၊ ကျောက်ကြီးမြို့နယ်တွင်လည်း ပြီးခဲ့သည့်ဇန်နဝါရီလ ၂၉ ရက်နေ့က ဒေသတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မူသယ်ကျေးရွာရှိ ဒေသခံ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ကေအဲန်ယူတပ်မဟာ(၄) ဘိတ်ထားဝယ်ခရိုင် လယ်ဒိုစိုးမြို့နယ် ဝါကူကျေးရွာရှိ ဒေသခံ လူနေအိမ်(၁၀)လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ကေအဲန်ယူထိန်းချုပ်သည့်နယ်မြေထဲတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA၊ ကရင်အမျိုးသားကွယ်ရေးတပ်မတော်-KNDO ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ် (BGF)ပူးပေါင်းတပ်ဖွဲ့ကြား တစ်လအတွင်း တိုက်ပွဲပေါင်း (၄၃၆) ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဘက်မှ (၄၆၉)ဦးသေဆုံးပြီး (၃၆၈)ဦး ဒဏ်ရာရရှိသည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေများထဲတွင် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ခုနှစ်မှစတင်၍ ၂၀၂၃ခုနှစ် အထိ စစ်ကောင်စီတပ် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အိုးအိမ်စွန့်ခွာကာ ထွက်ပြေးတိမ်း ရှောင်နေရသည့် ဒေသခံ (၄)သိန်းနီးပါးရှိပြီး ၎င်းထွက်ပြေးရှောင်တိမ်းနေရသည့်ဒေသခံ ပြည်သူလူထုများသည် စားနပ်ရိက္ခာအကူညီလိုအပ်ချက်များရှိကြောင်း ကေအဲန်ယူ၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။