ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီနှင့် ကော်သူးလေအာမီ-KTLA တို့အကြား ဖြစ်ပွားနေသည့် ကရင်ပြည်နယ် ကျုံဒိုးမြို့ အနီး တစ်ဝိုက် တိုက်ပွဲအတွင်း ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)မှ စစ်ကောင်စီဘက် ပါဝင်တိုက်ခိုက်နေခြင်းမရှိကြောင်း ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ ရက်စွဲဖြင့် ရှင်းလင်းချက်ထုတ်ပြန်ခဲ့သည်။
ကျုံဒိုးမြို့အနီးတစ်ဝိုက်တိုက်ပွဲအတွင်း တပ်မတော်နှင့်ပူးပေါင်း၍ တိုက်ခိုက်နေကြောင်း ဆိုရှယ် မီဒီယာတချို့၏ မှားယွင်းဖော်ပြချက်များနှင့်ပတ်သက်ပြီး KNU/KNLA-PC အနေဖြင့် ဗဟိုကော်မတီ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ယခုလို ရှင်းလင်းချက်ပါရှိသည့် သဘောထား ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
KNU/KNLA-PC ၏ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က“ ပွင့်ပွင့်လင်းလင်းပြောရရင် ပူးပေါင်း တိုက်ခိုက်ဖို့ဆိုတာ တခါမှစိတ်ကူး မရှိခဲ့ဖူးဘူး။ ဒီလိုပူးပေါင်း တိုက်ခိုက်ဖို့ ဗဟိုရဲ့ ဆုံးဖြတ်ချက်တွေ ညွှန်ကြားချက်တွေ ဘာတစ်ခုမှ မရှိဘူး။ ဒီသတင်းထွက်ပေါ်လာတာက ဘယ်လိုမှား ယွင်းမှုကြောင့် လည်းတော့မသိဘူး။ ဒါပေမဲ့ PC အနေနဲ့ ဒီလို ပူးပေါင်းဖို့ဆိုတာက ဘာဆုံးဖြတ်ချက်မှ မရှိဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျုံဒိုးမြို့ အနီးတစ်ဝိုက်တွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(ခမရ-၅၄၅) နှင့် ဗိုလ်စောအယ်စေးဝါး ဦးဆောင်သည့် KTLA ပူးပေါင်းတပ်ဖွဲ့အကြားတိုက်ပွဲများတွင် KTLA တပ်ဖွဲ့ဝင် များဘက်မှ သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကျောပိုးအိတ်များတွင် KNU/KNLA-PC လက်မောင်းတံဆိပ်ပါဝင်သည့် ယူနီဖောင်များတွေ့ရှိပြီး လူမျိုးရေးအရ အချင်းချင်း သစ္စာဖောက်သူများအဖြစ် သုံးနှုန်းပြောဆို ကျိန်းမောင်းမှုပြုသည့် ရုပ်သံများလူမှုကွန်ရက် စာမျက်နှာ များတွင် ပျံ့နှံ့ခဲ့ပြီးနောက် ယခုလို ရှင်းလင်းထုတ်ပြန်ချက် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

ထိုသို့ အဖွဲ့အစည်း လက်မောင်းတံဆိပ် ပါဝင်သည့် စစ်အင်္ကျီ တွေ့ရှိရုံဖြင့် လူမျိုးအချင်းချင်း ပြန်လည် တိုက်ခိုက်သတ်ဖြတ်သည်ဆိုသည့် စွပ်စွဲချက်များသည် ၎င်းတို့ အဖွဲ့အစည်းပေါ် ကရင်လူထုများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း KNU/KNLA- PC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် လက်ရှိ နိုင်ငံရေးအကြပ်အတည်း ကာလအတွင်း နည်းလမ်းပေါင်းစုံဖြင့် ထိုးဖောက်ဝင်ရောက် လာသော သပ်လျှိုထိုးဖောက်ဝင်ရောက်မှုများကို သတိထားစေလိုကြောင်းနှင့် ကရင်လူထုများ စစ်ဘေး ဒဏ်မှ ကင်းဝေးစေလိုသည့် ၎င်းတို့၏ ကြိုးပမ်းမှုများအပေါ် ဖျက်လိုဖျက်ဆီးသည့် လုပ်ရပ်များအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်းလည်း KNU/KNLA- PC က ဆိုသည်။
အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ KTLA ခေါင်းဆောင်များကို ဆက်သွယ်မေးမြန်း သော်လည်းလက်ရှိ အချိန်အထိ အဆက်အသွယ်မရရှိသေးဘဲ ၎င်းတို့အနေဖြင့်လည်း သီးခြား သဘောထားထုတ်ပြန်ခြင်းမရှိသေးကြောင်း တွေ့ရသည်။



















