Home သတင်း ပြည်သူများ၏ သတင်းများကို ရပ်ကွက်/ကျေးရွာများတွင် နေထိုင်ကြသည့် တပ်မိသားစုများမှတစ်ဆင့် စစ်တပ်သို့ ပေးပို့နေရ

ပြည်သူများ၏ သတင်းများကို ရပ်ကွက်/ကျေးရွာများတွင် နေထိုင်ကြသည့် တပ်မိသားစုများမှတစ်ဆင့် စစ်တပ်သို့ ပေးပို့နေရ

936

ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်အတွင်းရှိ မြို့တွင်းလူနေရပ်ကွက်နှင့်ကျေးရွာအတွင်း ပြည်သူများအကြား နေ့စဉ်ဖြစ်ပေါ်နေသည့် သတင်းများကို ရပ်ကွက်ကျေးရွာများတွင် နေထိုင်ကြသည့် တပ်မိသားစုများမှတစ်ဆင့်စစ်တပ်သို့ ပုံမှန်ပြန်လည်သတင်းပေးပို့နေသည်ဟု တပ်မိသားစုများနှင့် နီးစပ်များက ပြောသည်။

အဆိုပါ တပ်မိသားစုဝင်များသည် မိမိတို့ ဆန္ဒသဘောတူညီမှုအရ ပြည်သူများ၏ သတင်းများ ရရှိရန် ပုံစံအမျိုးမျိုးဖြင့်ရယူပြီး မိမိတို့ တပ်မှူးများထံသို့ ပုံမှန်ပြန်လည်ပေးပို့နေသူများရှိနေသလို အချို့တပ်မိသားစုများသည် အေးဆေးစွာနေလိုကြသော်လည်း မိမိတို့တပ်မှူးမှအတင်းမတရား အမိန့်ပေးစေခိုင်းမှုမျိုးလည်းရှိနေသည်ဟု ဖားအံမြို့ခံ တပ်မိသားစုနှင့် နီးစပ်သူတစ်ဉီးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “သူတို့ တပ်မိသားစုတွေလည်း အခက်ကြုံနေကြတယ်။ သူတို့ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ပေးရတယ်၊ အထူးသဖြင့် သူတို့အပြင်နေသူတွေက ရပ်ကွက်ဆိုရပ်ကွက်၊ ကျေးရွာဆိုကျေး ရွာအလိုက် ပုံမှန်ပြည်သူတွေရဲ့ အခြေအနေတွေကို တပ်ရင်းတပ်မှူးတွေဆီကို ပုံမှန် သတင်းပြန်ပေး နေရကြရတယ်။ မရရင်ရအောင်လိုက်ရှာ ပေးနေကြရတယ်။ ဒါက ကျမသူငယ်ချင်း တပ်မိသားစုက သူတို့ကိုယ်တိုင် ပြောပြလို့သိရတာ”ဟု ပြောသည်။

ယင်းသို့ ပြည်သူလူထုကြားမှ ပုံစံအမျိုးမျိုး သတင်းရယူရာတွင် ကျေးရွာရပ်ကွက်ကြားမှ တစ်လမ်းဝင်တစ်လမ်းထွက်ဖြင့် မုန့်ပဲသွားရည်စာနှင့် အအေးစုံများ လိုက်လံရောင်းချခြင်း၊ ဆံပင်များ လိုက်လံဝယ်ယူခြင်းနှင့် အိမ်သုံးပစ္စည်းများလိုက်လံရောင်းချခြင်း၊ နေ့စားအလုပ်သမားများ အနေဖြင့် လုပ်ကိုင်ခြင်းစသည့်ပုံစံများဖြင့် လုပ်ဆောင်နေကြသည်ဟု စစ်အာဏာသိမ်းခြင်း လက်မခံသူအငြိမ်းစား တပ်ကြပ်ကြီးတစ်ဉီးက ပြောသည်။

“ဒါတွေက စစ်တပ် လုပ်လေ့ရှိတဲ့ အကျင့်ပါပဲ၊ အခုလိုအဖြစ်မျိုးက အမှန်တွေပါပဲ၊ အချို့ ဆိုရင် စစ်တပ်မကောင်းကြောင်း ရှုပ်ချပြောဆိုပြီး သတင်းနှိုက်ယူတတ်လေ့ရှိတယ်၊ အချို့ကတော့ စစ်တပ်ကောင်းကြောင်း ပြောပြီး လူတွေရဲ့တုန့်ပြန်လာတာကို ယူတယ်၊ အချို့တပ်မိသားစုကျတော့လည်း ရိုးရိုးသားသား လူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုတွေက သတိနဲ့ နေထိုင်ကြပေါ့”ဟု ၎င်းအငြိမ်းစား တပ်ကြပ်ကြီးက ကေအိုင်စီသို့ ပြောသည်။

စစ်အာဏာမသိမ်းခင်အချိန်တွင် တပ်မိသားစုများသည် တပ်မှူးများနှင့် နားလည်မှုယူပြီး စစ်တပ်ဝင်း အပြင်မှထွက်၍ ရပ်ကွက်ကျေးရွာထဲတွင် နေထိုင်လုပ်ကိုင်စားသောက်ကြသူများရှိခဲ့ကြသော်လည်း စစ်အာဏာသိမ်းပြီးအချိန်တွင် တပ်မိသားစုအများစုသည် တပ်ရင်းတပ်မဝင်းတွင် နေထိုင်ကြရာ၌ မလုံခြုံရမှုများ ခံစားလာရဖြစ်နိုင်သည်ဟု အဆိုပါ အငြိမ်းစားတပ်ကြပ်ကြီးက ထပ်လောင်း ပြောသည်။

ထိုသို့ လူနေရပ်ကွက်ကျေးရွာအတွင်းသို့ တပ်မိသားစုများသည် နေထိုင်ရန်တပ်မှူးများက တရားဝင် ခွင့်ပြုထားသဖြင့် ပြည်သူလူထုများအနေဖြင့် တပ်မိသားစုများအပေါ် စိုးရိမ်မကင်း ဖြစ်နေကြသည်ဟု ဖားအံဒေသခံများက ပြောသည်။