Home သတင်း ပိုင်ကျုံမြို့နယ်ရှိ ကျေးရွာများတွင် အိမ်မွေးကြက်များ ကြက်နာကျရောဂါ ဖြစ်ပွားနေ

ပိုင်ကျုံမြို့နယ်ရှိ ကျေးရွာများတွင် အိမ်မွေးကြက်များ ကြက်နာကျရောဂါ ဖြစ်ပွားနေ

1078

ဇန်နဝါရီလ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်အတွင်း တာကရားကျေးနယ်နှင့် ပတကျေးနယ်ရှိ ကျေးရွာများတွင် ယခုတလော အိမွေးကြက်များ ရောဂါကျရောက်ဖြစ်ပွားနေသဖြင့် ဒေသခံများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည်ဟု သိရှိရသည်။

ထိုမြို့နယ်ရှိ ကျေးရွာများအတွင်း ဒေသခံ (၈၀) ရာခိုင်နှုန်းခန့်သည် မိသားစုအပိုဝင်ငွေအဖြစ် ၎င်းတို့ အိမ်ခြံ၌ အိမ်ကြက်များကို တစ်ပိုင်တစ်နိုင်မွေးမြူကြပြီး ယခုဇန်နဝါရီလတွင် ကြက်များ ဆက်တိုက် ဆိုသလို ရောဂါကျ၍ အမြောက်အမြား သေဆုံးလျက်ရှိသည်။

ဒေသခံကျေးရွာသားများသည် မွေးမြူးထားသည့် ကြက်များသေးဆုံးနေကြသဖြင့် သားသမီးများ၏ ကျောင်းစရိတ်၊ ကျန်းမာရေးစရိတ်နှင့် လူမှုရေး အသုံးစရိတ်များအတွက် ထိခိုက်ဆုံးရှုံးနေသည်ဟု တာကရားကျေးရွာ နော်အဲဆန်မိုးက ကေအိုင်စီသို့ပြောသည်။

“အိမ်မှာကြက်မွေးရင် တစ်နှစ်ကိုနှစ်ခါလောက်တော့ ရောင်းရတယ်၊ ရောင်းလို့ရတဲ့ငွေက အပိုဝင်ငွေ အဖြစ် စုထားတယ်၊ လိုတဲ့ကလေးကျောင်းသုံးပစ္စည်းတွေ၊ ရွာမှာ အလှူလုပ်ဖို့အတွက်နဲ့ အသိမိတ်ဆွေတွေ အလည်လာရင် ကျွေးမွေးဖို့အတွက် အဒေါ်တို့အိမ်မှာ ကြက်မွေးထားတာ”ဟု ၎င်းက ပြောသည်။

ကရင်ပြည်နယ်တွင် များသောအားဖြင့် မိုးတွင်းကာလနှင့် ရာသီအကူးအပြောင်း ကာလများတွင် အိမ်မွေး ကြက်များသည် အနာရောဂါကျရောက်လေ့ရှိပြီး ယခုလို ဆောင်းတွင်းကာလတွင် ကြက်နာကျရောဂါများ ပုံမှန်ဖြစ်လေ့ဖြစ်ထမရှိသည့်အတွက် ဒေသခံများက သတိမထားမိကြသဖြင့် ယခုလို ကြက်များ အများအပြားသေဆုံးမှုဖြစ်ပွားသည်ဟု တစ်ပိုင်တစ်နိုင် အိမ်ကြက်မွေးသူ စောတာအဲက ပြောသည်။

“အစက အကောင်ကိုက်လို့သေတယ်ထင်တာ၊ နောက်မှ ကြက်တွေကမသွားနိုင်ဘဲ ချိနေတာတွေ့ရတော့ အနာဖြစ်ပြီးလို့ သိရတာ၊ ရွာထဲကအိမ်တွေမှာလည်း ကြက်တွေ အကုန်သေးကုန်ပြီး အောက်ပိုင်းချိတယ် မသွားနိုင်တော့ဘဲ သေကုန်တယ်”သူက ပြောသည်။

ယင်းသို့ အောက်ပိုင်းချိပြီးနာသည့်ကြက်များသည် အချို့ဒေသခံများက ရဲယိုရွက်အရည်ဖျော်ပြီး တိုက်ကျွေးကြသော်လည်း ကြက်များ ဆက်လက်သေဆုံးနေကြသည်။

ထိုကြောင့် အနီးအနားရှိ ကျေးရွာများသည် အိမ်ကြက်နာရောဂါပိုးများ ကူစက်မည်ကို စိုးရိမ်လာသည့်အတွက် ယခုရက်လပိုင်းတွင် အိမ်ကြက်များဝယ်ယူစားသုံးမှုကို ရှောင်ရှားလာကြသဖြင့် ကြက်ဈေးကွက်မရှိတော့ဟု တာကရား ဒေသခံများက ပြောသည်။

ပိုင်ကျုံမြို့နယ်အတွင်းရှိ တာကရားကျေးနယ်အုပ်စုနှင့် ပတကျေးနယ်အုပ်စုရှိ ကျေးရွာ(၁၈)ရွာမှ အိမ်ကြက်များကို တစ်ပိုင်တစ်နိုင် မွေးမြူကြရာတွင် ဇန်နဝါရီလ(၃)ရက်နေ့မှစ၍ ကြက်များအနာကျပြီး သေဆုံးလာမှုကြောင့် ထိခိုက်ဆုံးရှုံးမှုများ ကြီးမားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။