Home သတင်း နယ်မြေအတွင်းရှိ စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ထွက်ခွာပေးရန် နောက်ဆုံးသတိပေးချက် KNU တပ်မဟာ(၅) ထုတ်ပြန်

နယ်မြေအတွင်းရှိ စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ထွက်ခွာပေးရန် နောက်ဆုံးသတိပေးချက် KNU တပ်မဟာ(၅) ထုတ်ပြန်

1133

ဇန်နဝါရီလ ၂ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ရာထူးနှင့် တာဝန်များမှ အမြန်ဆုံးနုတ်ထွက်ပေးရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်မဟာ(၅) ဌာနချုပ် စစ်ရေးချုပ်ရုံးက ယမန်နေ့ ဇန်နဝါရီလ ၁ ရက်နေ့တွင် နောက်ဆုံးသတိပေးစာ ထုတ်ပြန်လိုက်သည်။

ဖာပွန်၊ ကမမောင်းမြို့နှင့် ရပ်ကွက်၊ ကျေးရွာနေ ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် အခြားဒေသခံမှ လာရောက်တာဝန်ထမ်းဆောင်သည့် စစ်ကောင်စီဝန်ထမ်းများအားလုံးအနေဖြင့် စစ်ကောင်စီ၏ အုပ်ချုပ် ရေးယန္တရားများတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုလုပ်ရန်အတွက် သတ်မှတ်ရက် ဇန်နဝါရီလ ၁ရက်နေ့မှစတင်၍ ၁၀ရက်နေ့အတွင်း နောက်ဆုံးထား နုတ်ထွက်စွန့်ခွာပေးရန် KNLA တပ်မဟာ(၅) သတိပေးပြောဆိုထားခြင်းဖြစ် သည်။

အဆိုပါ ထုတ်ပြန်ချက်သည် မူတြော်(ဖာပွန်) ခရိုင်တစ်ခုလုံးတွင် စစ်ကောင်စီ၏ ယန္တရားများကို အထောက်အကူပြုပေးသည့် ဝန်ထမ်းများအတွက်အဓိကထား သတိပေးထုတ်ပြန်ထားခြင်းဖြစ်သည်ဟု ကေအဲန်ယူ တပ်မဟာ(၅) ပြောခွင့်ရ ပဒိုမန်းမန်းမန်းက ကေအိုင်စီသို့ပြောသည်။

“အခုက ကျနော်တို့ မူတြော်ခရိုင်တစ်ခုလုံးကို လွှမ်းခြုံတဲ့အနေနဲ့ထုတ်ပြန်တာဖြစ်တယ်။ တကယ်တမ်းတော့ သိပ်ပြီးတော့လည်း မရှိတော့ပါဘူး ။ မရှိပေမယ့်လည်း ဖာပွန်မြို့မှာက နစက ထောင့်တိုင်အထောက် အကူပြုနေတဲ့ ဝန်ထမ်း တွေပေါ့နော် ဖာပွန်မြို့မှာတချို့ဝင်လာတာရှိသလို ကမမောင်းတို့ တစ်ခြားသော ကျေးရွာဒေသနယ် မြေထဲမှာလည်းပဲ ရှိနေသေးတယ်။”ဟု ပဒိုမန်းမန်းမန်းက ကေအိုင်စီသို့ ပြောသည်။

စစ်အာဏာရှင်အမြန်ဆုံးကျဆုံးစေရေးအတွက် KNLA တပ်မဟာ(၅)သည် အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အတူ လက်တွဲလျက်ရှိကြောင်း၊ ၎င်းတို့၏ ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းများအားလုံး ရုပ်သိမ်းရန် အတွက်ကိုလည်း ဖိအားပေးလုပ်ဆောင်သည့်အပြင် အုပ်ချုပ်ရေးယန္တရားများအားလုံး ထွက်သွားရန်အတွက် နည်းမျိုးစုံဖြင့် ဖိအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ချက်ထဲတွင် ဖော်ပြထားသည်။

“အခုအချိန်ထိတော့ မြို့မှာ အစိုးရရုံးတွေ လည်ပတ်တာတော့ရှိသေးတာပဲ။ ပြီးတော့ အစိုးရ စာသင်ကျောင်း တွေလည်း ပုံမှန် ဖွင့်တာရှိတာပဲ။ တိုက်ပွဲအသံသိပ်မကြားတဲ့အချိန်ပဲ ပိတ်တယ်။ အဓိက မြို့ထဲမှာပေါ့၊ ရွာတွေမှာတော့ အဲလောက်မရှိဘူး၊ အုပ်ချုပ်ရေးမှူးတွေဆိုတာကလည်း အစိုးရဘက်ကော ကေအဲန်ယူဘက်ကောတချို့ဆိုရင်တစ်ယောက်ပဲ တွဲကိုင်ရတာတွေလည်းရှိတယ်”ဟုကေအိုင်စီသို့ပြောသည်။

ထို့အပြင် စစ်ကောင်စီ ကျင်းပပြုလုပ်ရန်စီစဉ်နေသည့် ၂၀၂၃ အထွေထွေရွေးကောက်ပွဲတွင် KNLA တပ်မဟာ(၅)နယ်မြေအတွင်းရှိ မည်သူမဆို စစ်အာဏာရှင်အုပ်စု စစ်ကောင်စီအဖွဲ့နှင့် လုံးဝပူးပေါင်း ပါဝင်ပတ်သက်မှု မပြုလုပ်ကြရန်ကိုလည်း သတိပေးထုတ်ပြန်သည်။

ယခုထုတ်ပြန်လိုက်သော နောက်ဆုံးသတိပေးစာအား လေးစားလိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ အရေးမယူနိုင်သည့် ပုဂ္ဂိုလ်များအတွက်လည်း နောက်ဆက် တွဲဖြစ်ပေါ်လာသည့် ဆိုးကျိုးများနှင့်ပတ်သက်၍ ၎င်းတို့အပေါ်သာမူတည်ကြောင်းလည်း KNLA တပ်မဟာ ၅က သတိပေးပြောဆိုထားသည်။

မူတြော်ခရိုင် ဖာပွန်မြို့အတွင်းရှိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ ထွက်ခွာပေးရန် ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၂၉ရက်နေ့တွင် KNLA က သတိပေးစာထုတ်ပြန်ခဲ့ပြီးနောက် ဝန်ထမ်းပေါင်း ၁၀၀ ကျော်ထွက်ခွာသွားခဲ့ကြောင်းလည်း နယ်မြေခံ KNLA တာဝန်ရှိသူဘက်က ပြောသည်။

အလားတူ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ(၁) ဖားအံမြို့နယ်တွင်လည်း စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအပြင် နယ်မြေအတွင်းရှိ နယ်ခြားစောင့်တပ် -BGFတပ်စခန်းထဲတွင် နေထိုင်သည့် တပ်ဖွဲ့ဝင်မိသားစုများအနေဖြင့် ပြန်လည်ထွက်ခွာပေးရန် ကေအဲန်ယူ တပ်မဟာ(၁)က သတိပေးထုတ်ပြန်ထားသည်။