Home သတင်း တိုက်ပွဲကြောင့် တိမ်းရှောင်ရသည့် ကမ်းနီဒေသခံအချို့ နေရပ်ပြန်နေထိုင်သော်လည်း စိုးရိမ်ကြောက်ရွံ့ မှုများရှိနေဆဲ

တိုက်ပွဲကြောင့် တိမ်းရှောင်ရသည့် ကမ်းနီဒေသခံအချို့ နေရပ်ပြန်နေထိုင်သော်လည်း စိုးရိမ်ကြောက်ရွံ့ မှုများရှိနေဆဲ

983

ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးကျေးနယ် ကမ်းနီကျေးရွာတွင် ဇန်နဝါရီ(၂၂)ရက်မှ (၂၇)ရက်နေ့အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် အချို့ဒေသခံပြည် သူများသည် လက်ရှိတွင် နေရပ်ပြန်နေထိုင်မှုများရှိနေသော်လည်း စိုးရိမ်ကြောက်ရွံ့မှုများရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲကြောင့် ကျုံဒိုးမြို့နယ်ခွဲ တစ်ဖက်ကမ်းရှိ မွန်တိုင်းရင်းသားကျေးရွာများဖြစ်သော ကမ်းနီ၊ ညောင်ရိပ်သာ၊ သရက်တော၊ ကော့ လျှမ်း၊ ကော့ခိုက်၊ ကော့ကျိုက်၊ တံတားဦး၊ မိဂလုံနှင့် ကျောက်ဖျာကျေးရွာများမှ ဒေသခံ ၅,၀၀၀ ခန့်သည် နီးစပ်ရာ ကျေးရွာများနှင့် မြို့ပေါ်များသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ယမန်နေ့မှစ၍ ဒေသခံ ပြည်သူအချို့သည် နေရပ်ပြန်နေထိုင်လာကြပြီဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “အခုငြိမ်သွားပြီး။ ပြီးခဲ့တဲ့ ရက်တွေကတော့ နီးစပ်ရာရွာတွေကိုပြေးလိုက်ရတယ်။ အခုတော့ လည်းတစ်ချို့ကျတော့လည်း ပြန်နေပြီးပေါ့။ တစ်ချို့ကျတော့လည်း ကလေးငယ်တွေများတော့ ရွာထဲပြန်မဝင်သေးဘူးပေါ့။ အစ်ကိုတောင်မှ အခုမှ မုဒုံကပြန်လာတယ်။ ကိုယ်တွေက အသံကြားပြီး တော့ လက်နက်ကြီးကျမှာစိုးလို့ ရှောင်လိုက်တာ။ စစ်ကြောင်းဘယ်တော့ထိုးမလဲဆိုတာ စိုးရိမ်နေတာပေါ့။ ရွာသားတွေတော့ ပြန်တော့လည်ပတ်နေပြီး”ဟု ပြောသည်။

တပတ်နီးပါးကြာ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ကျုံဒိုး-ကမ်းနီဒေသတိုက်ပွဲတွင် လူနေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရသလို အရပ်သား ထိခိုက်ဒဏ်ရာရရှိခဲ့မှုများရှိခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ယမန်နေ့က ထုတ်ပြန်ခဲ့သည့် သထုံခရိုင်၊ မွန်ပြည်သစ်ပါတီ၏ သတင်းထုတ်ပြန်ချက်အရ ဇန်နဝါရီလ(၂၄)ရက်နေ့တွင် Lion Battalion Commando ပူးပေါင်း စစ်ကြောင်းမှ ကမ်းနီးကျေးရွာအတွင်းရှိ ပြည်သူ့စစ်အဖွဲ့ဝင်များ နေထိုင်ရာနေအိမ်များအား စတင်မီးရှို့ရာမှတဆင့် ကျေးရွာအတွင်းရှိ နေအိမ် ၂၁ လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ရကြောင်း၊ တိုက်ပွဲဖြစ်စဉ်ကြောင့် ညောင်ရိပ်ကျေးရွာတွင် နေအိမ် ၁၈ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ကမ်းနီကျေး ရွာတွင် နေအိမ် ၃ လုံး၊ ညောင်ရိပ်ကျေးရွာတွင် နေအိမ် ၁လုံး၊ သရက်တောကျေးရွာတွင် နေအိမ် ၇လုံး ထိမှန်ပျက်စီးခဲ့ပြီး တိုက်ပွဲဖြစ်စဉ်ကြောင့် ကျေးရွာသား ၂ ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့သည်ဟု သထုံ ခရိုင် မွန်ပြည်သစ်ပါတီ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

လက်ရှိ ကမ်းနီဒေသတွင် ပစ်ခတ်မှုများမရှိသော်လည်း ကျုံဒိုးအခြေစိုက်စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း -ခလရ ၅၄၅/၅၄၆ များမှ ကျုံဒိုး-ဂျိုင်းမြစ် တစ်ဖက်ကမ်းရှိ ကျေးရွာဘက်သို့ လက်နက်ကြီးများ ပြန်လည်ပစ်ခတ်မည်ကို စိုးရိမ်လျက်ရှိနေသည့်အတွက်ကြောင့် ကမ်းနီ၊ ညောင်ရိပ်သာ၊ သရက်တော၊ ကော့လျှမ်း၊ ကော့ခိုက်၊ ကော့ကျိုက်၊ တံတားဦး၊ မိဂလုံ၊ ကျောက်ဖျာကျေးရွာများမှ တစ်ချို့ဒေသခံအများစုမှာ ယခုအချိန်အထိနေရပ်မပြန်နိုင်ကြသေးကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ကျုံဒိုး-ကမ်းနီဒေသအပြင် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ ဘုရားသုံးဆူ မြို့နယ်များ အစရှိသည့် ဒေသများတွင်လည်း စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ အသုံးပြုလုပ်ဆောင်နေခြင်း ကြောင့် သောင်းနှင့်ချီသော အရပ်သားပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ကြရသည့် ကြာအင်းဆိပ်ကြီးမြို့နှင့်အနီးအနားကျေးရွာရှိ ဒေသခံပြည်သူအချို့လည်း ယခုရက်ပိုင်းတွင် နေရပ်ပြန်နေထိုင်လျက်ရှိနေကြသော်လည်း စိုးရိမ်ကြောက်လန့်မှုများဖြင့်သာ နေထိုင်ကြရကြောင်း ဒေသခံများက ပြောဆိုကြသည်။