Home သတင်း စာသင် ဆရာ/ဆရာမများကို ကရင်ပညာရေးဌာနက ကျပ်သန်းပေါင်း ၂,ဝဝဝ ကျော် ထောက်ပံ့

စာသင် ဆရာ/ဆရာမများကို ကရင်ပညာရေးဌာနက ကျပ်သန်းပေါင်း ၂,ဝဝဝ ကျော် ထောက်ပံ့

1623

ဒီဇင်ဘာ ၁၂ ရက်၊ ၂ဝ၂၂ ခုနှစ် ။ ကေအိုင်စီ

KNU -ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် မြို့နယ်အသီးသီးရှိ ကျောင်းများတွင် စာသင်ကြားပေးနေသည့် ဆရာ/ဆရာမများအား ယခုနှစ် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်အတွက် ကရင်ပညာရေး နှင့် ယဉ်ကျေး မှုဌာန (KECD) က ကျပ်သန်းပေါင်း (၂,ဝဝဝ) ကျော်( သိန်းပေါင်းနှစ်သောင်းကျော်)ကို ထောက်ပံ့ပေးသွားကြောင်း ခရိုင်ပညာရေးဌာန တာဝန်ရှိသူများထံမှ သိရသည်။

ဝင်းရေး၊ နို့တကော၊ ကျုံဒိုးနှင့် ကော့ကရိတ်မြို့နယ်ရှိ KECD ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိနေသည့် ကရင့်ပညာရေး ဌာနကျောင်းနှင့် ကိုယ်ထူကိုယ်ထကျောင်းများတွင် စာသင်ကြားပေးနေသည့် ဆရာ/ဆရာမဦးရေ (၂,၅ဝဝ) ကျော်အား ပညာရေးကဏ္ဍ ဆက်လက်ဆောင်ရွက်နိုင်ရန် ကူညီထောက်ပံ့ပေးခြင်းဖြစ်သည်ဟု ဒူးပလာယာ ခရိုင် ပညာရေးမှူး ပဒိုမန်းကနေဒီက ကေအိုင်စီ သို့ပြောသည်။

“ ကျောင်းသားမိဘတွေရဲ့ ဝန်ထုပ်ဝန်ပိုးလျော့နည်းသွားအောင်ရယ် ပညာရေးကဏ္ဍမှာ ဆရာ/ဆရာမတွေ ပိုပြီး အကောင်ထည်ဖော် ဆောင်ရွက်လာနိုင်အောင် ကူညီ ထောက်ပံ့ပေးခြင်းဖြစ်ပါတယ်။ ယခုနိုင်ငံရေးအခြေအနေ ကြောင့် ကုန်စျေးနှုန်း တွေလည်း ကြီးလာတော့ ယခင်နှစ်တွေထက် ထောက်ပံ့မှုတွေ တိုးပေးထားတယ်ပေါ့ နော်။ ပညာရေးခါးပြတ်မှု မရှိအောင် တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်သွားမယ်” ဟု ပညာရေးမှူး ပဒိုမန်းကနေဒီက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြောသည်။

ယခုနှစ် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်တွင် ဒူးပလာယာခရိုင်အနေဖြင့် သက်ဆိုင်ရာ ကျောင်းအသီးသီးမှ စာသင်ကြား ပေးနေသည့် ဆရာ/ဆရာမ ဦးရေ (၂,၅ဝဝ) ကျော်အတွက် ယခင်နှစ်များတွင် တစ်ဦးလျှင် တစ်နှစ်စာအတွက် ထိုင်းဘတ်ငွေ (၉,ဝဝဝ) မှ ယခုနှစ်တွင်မူ ဘတ်ငွေ (၁၁,ဝဝဝ)အထိ တိုးမြှင့်ထောက်ပံ့ပေးပြီး ကျောင်းသင် ထောက်ကူပစ္စည်းများလည်း နှစ်အလိုက်ကူညီထောက်ပံ့ပေးသည်ဟု မြို့နယ်အသီးသီးရှိ ကရင်ပညာရေးဌာန တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ KECD၏ ထောက်ပံ့ပေးမှုများတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ယခင်အစိုးရ လက်အောက်ခံ ကျောင်းများမှ လက်ရှိကိုယ်ထူကိုယ်ထကျောင်းအဖြစ် ပြန်လည်ရပ်တည်သင်ကြားပေးနေသည့် စာသင်ကျောင်းများကိုပါ ပံ့ပိုးကူညီပေးခဲ့ပြီး KECD အနေဖြင့်လည်း ယခင်နှစ်များထက် ထောက်ပံ့ငွေ ပိုမို သုံးစွဲ ထောက်ပံ့ကူညီပေးခဲ့ရသည်ဟု ပညာရေး တာဝန်ရှိသူများက ဆိုသည်။

“ကိုယ်ထူကိုယ်ထ ကျောင်းမှာ စာသင်ကြားနိုင်မှု ပုံမှန်လည်ပတ်နိုင်ဖို့ အရမ်းခက်ခဲပါတယ်။ ကျောင်းသားမိဘတွေနဲ့ ရွာသားတွေ အပေါ်မှာ အများကြီးမှီခိုရပါတယ်။ KECD က ခုလို အသိအမှတ်ပြုပြီး ကူညီထောက်ပံ့ပေးလာတော့ အများကြီး အထောက်အကူဖြစ်စေတာပေါ့ဗျာ။ ဌာနေကလေးတွေ ပညာရေးခါးမပြတ်အောင် ရှေ့ဆက်ဆောင်ရွက်ပေးနိုင် ဖို့ အများကြီးခွန်အားဖြစ်စေပါတယ်” ဟု ဝင်းရေးမြို့နယ် ကိုယ်ထူကိုယ်ထကျောင်းတွင် စာသင်ပေးနေသည့် ဆရာစောလဝန်းက ကေအိုင်စီသို့ပြောသည်။

ဒူးပလာခရိုင်အတွင်း KECD ပညာရေးဖြင့် ပညာသင်ကြားနေသည့် ကျောင်းနှင့် ကိုယ်ထူ ကိုယ်ထကျောင်းပေါင်း ၃၀၀ ကျော်ရှိနေပြီး ကျောင်းသူ၊ ကျောင်းသားပေါင်း (၃၈,၀၀၀) ကျော် ပညာသင်ယူနေကြောင်း KECD ၏ ထုတ်ပြန်ချက် အချက်အလက်အရ သိရသည်။

အလားတူ ဒူးပလာယာခရိုင်ရှိ မြို့နယ်အသီးသီးတွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် မကြာခဏ လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အပြင် ကျေးရွာများတွင်လည်း ထိုစစ်ဆင်လုပ်ဆောင်နေသည့်အတွက် စာသင်ကျောင်း အများစုမှာ စာသင်ကြားမှု ပုံမှန်လည်ပတ်နိုင်ရန် အခက်အခဲရှိနေပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့်လည်း အချို့စာသင်ကျောင်းများသည် တောတောင်နှင့် ကျောက်ဂူထဲတွင် သင်ကြားမှု လုပ်ဆောင်နေရသည်ဟု ကျောင်းဆရာ/ဆရာမ များထံမှ သိရသည်။