Home သတင်း BGF တပ်ဖွဲ့က မီးပုံးရွာထဲကို ရမ်းသမ်းပစ်ခတ်မှုပြုလုပ်ပြီး လူနေအိမ်တစ်လုံးမီးရှို့ဖျက်ဆီးသွား

BGF တပ်ဖွဲ့က မီးပုံးရွာထဲကို ရမ်းသမ်းပစ်ခတ်မှုပြုလုပ်ပြီး လူနေအိမ်တစ်လုံးမီးရှို့ဖျက်ဆီးသွား

1227

ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ(၁)၊ ဖားအံမြို့နယ် တကောင်ဘိုးကျေးရွာအုပ်စု၊ မီးပုံးကျေးရွာတွင် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့မှ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ရက်နေ့တွင် စစ်ကြောင်းထိုးဝင်လာပြီး လက်နက်ကြီးလက်နက်ငယ်များနှင့် တစ်ရက်ကြာ ရမ်းသမ်း ပစ်ခတ်သည့်အပြင် လူနေအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဗိုလ်တင်ဝင်းဦးဆောင်သည့် အမှတ် (၁၀၁၄) BGF တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် မီးပုံးကျေးရွာ နှင့် အနီးအနားဝန်းကျင်တွင် တစ်ရက်ကြာ စစ်ကြောင်းထိုးဝင်ရောက်လာကာ ရမ်းသမ်းပစ်ခတ်မှုများ ဆက်တိုက် ပြုလုပ် ပြီးနောက် ယမန်နေ့ ဒီဇင်ဘာလ ၁၁ရက်နေ့ ညနေ ၂နာရီဝန်းကျင်အချိန်တွင် မီးပုံးကျေးရွာထဲရှိ ကုန်စုံဆိုင်နှင့် ရောဖွင့်ထားသည့် လူနေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက“ကုန်စုံဆိုင် အိမ်ကြီး တစ်လုံး ဒီလိုပဲ မီးရှို့ဖျက်ဆီးလိုက်တာ။ သူတို့ဝင်လာတာ အင်အား များတယ်။ ရွာလမ်းတစ်လျှောက်မှာနေပြီး လိုက်ပစ်တယ် ဘာတွေပစ်လဲတော့မသိဘူး။ နင်တို့ပစ်ရင် ငါတို့ရွာပဲထိ မယ်ပြောတော့ သူတို့က ရယ်(ရီ)လိုက်သေးတယ်။ ပြီးတော့လက်နက်ကြီးကျလို့ ထိသွားတဲ့နောက်ထပ် အိမ်တစ်လုံး လည်း သူတို့ဆိုင်ထဲကိုဝင်ပြီး ရေခဲပုံးမှာ ဘီယာတွေဖောက် သောက်တယ်။ ဆိုင်ထဲက ပိုက်ဆံဗူးကိုလည်း ယူလိုက်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ရမ်းသမ်းပစ်ခတ်မှုများကြောင့် လူနေအိမ်အချို့လက်နက်ကြီးထိမှန် ပျက်စီးသွားခြင်းရှိသည့်အပြင် ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး အိမ်မွေးတိရစ္ဆာန်နွားအချို့လည်း ထိခိုက်သေဆုံးမှုရှိကာ မီးပုံးကျေးရွာရှိ ဒေသခံအားလုံးနီးပါးဘေးလွတ်ရာ အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

အမှတ် BGF-၁၀၁၄ မှ တပ်ခွဲ(၂) တပ်ခွဲမှူး ဗိုလ်တင်ဝင်း ကိုယ်တိုင်ဦးဆောင်ပြီး အင်အား (၅၀)ခန့်ရှိသည့် BGF တပ်ဖွဲ့ဝင်များဖြင့် မီးပုံး ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်လာခြင်းဖြစ်ကာ စစ်ကြောင်း ထိုးချိန်တွင် ဆိုင်ကယ်နှင့် ဖြတ်သန်းသွားလာသည့် လူငယ်များကိုလည်း ခြိမ်းခြောက်ပစ်ခတ်မှုရှိကြောင်း ဒေသခံဘက်က ဆိုသည်။

အဆိုပါဒေသတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုမရှိဘဲ BGF တပ်ဘက်မှ ကေအဲန်ယူ တပ်မဟာ ၇ နယ်မြေ ရွှေဂွန်းကျေးရွာမှတစ်ဆင့် တပ်မဟာ(၁) နယ်မြေထဲကို စစ်ကြောင်းထိုးဝင်လာခြင်းဖြစ်ကာ မီးပုံးကျေး ရွာထဲတွင် တစ်ရက်နှင့် တစ်ညကြာ ရမ်းသမ်းပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟု နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA တပ်မှူးတစ်ဦးက အတည်ပြုပြောဆိုသည်။

၎င်းက “ သက်သက်ရွာထဲကိုဝင်လာပြီး လိုက်ရမ်းပစ်တာ။ KNLA နဲ့လည်း ပစ်ခတ်မှုမရှိဘူး။ မနေ့က တော့ ညနေစောင်းမှာ အဲဒီရွာထဲက အိမ်တစ်လုံး မီးရှို့ပြီးတဲ့အချိန်မှာကျနော်တို့လူဘက်က သွားပြီး ပြန်ပစ်တာရှိတယ်။ ပစ်တာကလည်း အဲဒီအိမ်နားမဟုတ်ဘူး၊ စာသင်ကျောင်းနားဘက်က သွားပစ်တာ အဝေးကြီး။ ဒီနေ့တော့ သူတို့အဖွဲ့ကမမောင်းဘက် ပြန်တက်သွားတယ်လို့ကြားတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

BGF တပ်မှ ဗိုလ်တင်ဝင်းဦးဆောင်သည့် တပ်ဖွဲ့သည် ကေအဲန်ယူ တပ်မဟာ(၁)ရှိ ဖားအံမြို့နယ်ထဲတွင် သွားလာလှုပ်ရှားနေသည့်အဖွဲ့ဖြစ်ပြီး အလားတူ မကြာခဏ နှစ်ဖက်ပစ်ခတ်မှုရှိသည့်အပြင် ၎င်း၏ တပ်စခန်းဖြစ်သည့် မိထ္ထီလာကျေးရွာအနီးရှိ ဘုရားကုန်းစခန်းကိုလည်း တပ်မိသားစုများနေထိုင်ရန် အနီးအနား ကျေးရွာမှ ဒေသခံ ရွာသားများကို ပြီးခဲ့သည့် နိုဝင်ဘာလက အတင်းအဓမ္မ ခေါ်ယူ ခိုင်းစေခြင်းရှိကြောင်းလည်း ကေအဲန်ယူ ဘက်မှ သတင်းထုတ်ပြန်ထားသေးသည်။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ (၁၇)ရက်နေ့တွင်လည်း BGF (၁၀၁၁) တပ်ရင်း တပ်ခွဲ(၂) တပ်ခွဲမှူး ဗိုလ်မောင်ငြိမ်း ဦးဆောင်သည့် တပ်ဖွဲ့သည်လည်း ဖားအံမြို့နယ် မိကရင်ကျေးရွာထဲကို ဝင်ရောက် ရမ်းသမ်း ပစ်ခတ်မှုကြောင့် အရပ်သား (၂) ဦးသေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ခြင်းရှိကြောင်းလည်း သိရသည်။