Home သတင်း သောက်သုံးရေ သွယ်တန်းရာလမ်းကြောင်းတွင် သစ်သယ်ကားများ ဖြတ်သန်းမှုကြောင့် ဒေသခံများ ရေအခက် အခဲဖြစ်နေ

သောက်သုံးရေ သွယ်တန်းရာလမ်းကြောင်းတွင် သစ်သယ်ကားများ ဖြတ်သန်းမှုကြောင့် ဒေသခံများ ရေအခက် အခဲဖြစ်နေ

1180

ဒီဇင်ဘာလ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ဖားအံခရိုင် ပိုင်ကျုံမြို့နယ်ရှိ မိကြောင်ရွာအုပ်စု တမိုလားခီးရွာအတွက် သောက်သုံးရေသယ်ဆောင်ရာ ရေပိုက်နေရာတွင် သစ်သယ်ကားများ မကြာခဏ ဖြတ်သန်းသွားလာမှုကြောင့် ရေနှောက်ကျိမှုဖြစ်လာပြီး ရေမသန့်ရှင်းတော့ဘဲ ရွာသူရွာသားများ သောက်သုံးရေခက်ခဲမှုရှိလာသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ သစ်တင်ကားများ သွားလာနေသည့်လမ်းဘေးတွင် တောင်ကျရေမှရွာသို့ ပို့ပေးနေသည့် ရေပိုက်အနီးနား ရှိနေသဖြင့် ယခုလို ရေနှောက်လာရခြင်းဖြစ်သည်ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

၎င်းဒေသခံရွာသားက “အခုတလောသစ်ကားတွေ ခဏခဏသစ်သယ်နေတော့ ဖုန်ထပြီး ရေကနှောက်လာပြီးရွာတစ်ရွာလုံး ရေအသုံးပြုလို့ မရတော့ဘူး” ဟု ကေအိုင်စီသို့ ပြောသည်

အိမ်ထောင်စု ၅၀ ကျော်ရှိ တမိုလားခီးရွာသည် အဆိုပါ တောင်ကျရေ ပေးဆောင်ရာ ရေပိုက်မှသုံးရေသောက်ရေ အဖြစ် မှီခိုအားထားနေရပြီး ယခုလို ရေမသန့်ရှင်းမှု ဖြစ်ပေါ်သောကြောင့် သောက်သုံးရေအတွက် ရွာနှင့်ဝေးသည့် စမ်းချောင်းများသို့ သွားရောက်ခပ်ယူနေကြရကြောင်း ဒေသခံများက ပြောသည်။

“ရေတစ်ခါခပ်ဖို့အတွက်နာရီဝက်လောက်သွားရတယ်။ ထော်လာဂျီရှိတဲ့ အိမ်တွေက ရေသယ်ရတာ အဆင် ပြေတယ်။ ဘာမှမရှိတဲ့ သူတွေကျတော့ခြေထောက်နဲ့ပဲ သယ်ရတယ်။ လူကိုယ်တိုင်သယ်ရတာဆိုတော့ သောက်ရေအတွက်လောက်ပဲ အဆင်ပြေတယ်။ သုံးရေအတွက်ကတော့ နည်းနည်းစီသယ်ရတယ်။ ရေအတွက် တစ်နေ့တစ်နေ့အချိန်အများကြီးပေးရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးကလည်း ပြောသည်။

တမိုလားခီးရွာနှင့် အနီးဝန်းကျင်ရှိ ဒေါနတောင်ခြေမှ ကျေးရွာအများစုသည် သောက်ရေသုံးရေအတွက် တောင် ကျရေကိုသာ အဓိက အားထားနေရပြီး ထိုသဘာဝတောင်ကျရေမှတစ်ဆင့် ဒေသခံများက စုပေါင်းကာ ပိုက်များ ဖြင့် သွယ်ယူကာ နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး အသုံးပြုကြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အဆိုပါဒေသတွင် သစ်ခုတ်ယူမှုများ၊ သစ်ကားများဖြင့် သစ်သယ်ယူမှုပို မိုများပြားနေပြီး ထိုရွာနှင့် မနီးမဝေးရှိ မိကြောင်ရွာအုပ်စုတောနယ်ရွာတွင်လည်း အလားတူ သောက်ရေအခက် အခဲဖြစ်နေ၍ သောက်သုံးရေအတွက် ရေလုံလောက်မှုများမရှိတော့ကြောာင်းလည်း ဒေသခံများက ပြောသည်။