Home သတင်း မြဝတီ အမှတ် (၁) ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်မည်ဟု သတင်းများထွက်ပေါ်နေ

မြဝတီ အမှတ် (၁) ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်မည်ဟု သတင်းများထွက်ပေါ်နေ

1669
Photo: Kitimasak Aek Seeduan Facebook

ဒီဇင်ဘာလ ၁၄ ရက်၊၂၀၂၂ ခုနှစ်။ ကေအိုင်စီ

၂ နှစ်ကျော်ကြာပိတ်ထားသည့် ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီ-မဲဆောက် ချစ်ကြည် ရေးတံတား အမှတ်(၁)ကို ယခုလကုန်တွင် ပြန်လည်ဖွင့်လှစ်သွားနိုင်ရန် ပြင်ဆင်ဆွေးနွေး မှုများပြုလုပ်နေကြောင်း နီးစပ်သည့် မြဝတီမြို့ခံများက ပြောသည်။

ပြီးခဲ့သည့်(၂၀၂၀)ခုနှစ်၊ မတ်လ(၂၃)ရက်နေ့မှစပြီး ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားရ သည့် အဆိုပါ အမှတ်(၁) ချစ်ကြည်ရေးတံတားကို ပြန်ဖွင့်နိုင်ရန် နှစ်နိုင်ငံနယ်ခြား တာဝန်ရှိသူများမှ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်းနှင့် ထိုင်းဘက်ခြမ်းမှ တံတားသန့်ရှင်းရေးနှင့် အဆောက်အဦးတချို့ကိုပြန်လည် ပြင်ဆင်မွမ်းမံမှု သည် ရုပ်ပုံများလူမှုစာမျက်နှာတွင် ပေါ်ထွက်လာခြင်းအပေါ် မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“မဲဆောက်ဘက်ခြမ်းတံတားပေါ်မှာ ထိုင်းလူကြီးတွေနဲ့ သန့်ရှင်းရေးသမားတွေ ရှင်းလင်းနေတာတွေ့တယ်။ မဲဆောက်ဘက်ကတော့ အမြဲပြင်ဆင် နေကြ တာပဲ။ ဖွင့်မယ်ဆိုတာက ပြောသံကြားတာကြာနေပြီးလေ။ မြဝတီဘက်ခြမ်းက တံတား မှာတော့ ဘယ်သူမှလာတာမတွေ့သေးဘူး။ အရင်လိုပဲ ဘေးပတ်ပတ်လည်မှာ သံဆူးကြိုး တွေခတ်ထားတုန်းပဲ။ ဒီဘက်က ဘာမှလှုပ်ရှားတာမတွေ့သေးဘူး”ဟု ကေအိုင်စီ သို့ ပြောသည်။

ထိုသို့ ထိုင်း−မြန်မာနယ်စပ် အမှတ်(၁)ချစ်ကြည်ရေးတံတားကို ဖွင့်လှစ်တော့မည်ဟု မကြာခဏဆိုသလို သတင်းများထွက်ပေါ်လျက်ရှိနေသော်လည်း ယခုအချိန်အထိ ဖွင့်လှစ်ခြင်းမရှိသေးကြောင်းလည်း တွေ့ရသည်။

အဆိုပါ မြဝတီ အမှတ် (၁) ချစ်ကြည်ရေး တံတား၏ မြန်မာဘက်ခြမ်းနေရာတွင် အကြီး စား မိုင်းပေါက်ကွဲမှုနှစ်ကြိမ်ခန့် ဖြစ်ပွားခဲ့သေးပြီး ပြီးခဲ့သည့် ဧပြီလ(၂၃)ရက်က ပေါက်ကွဲမှုတွင် လူနေအိမ်ဆိုင်ခန်းများအပါအဝင် ထိခိုက်ပျက်စီးမှုအများအပြား ဖြစ်ပေါ်ခဲ့သည်။

အလားတူ ပြီးခဲ့သည့် မေလ(၃)ရက်နေ့တွင်လည်း အမှတ် (၁)တံတားအား ပြန်လည်ဖွင့်လှစ်ရန် ထိုင်းနိုင်ငံအစိုးရက မေလ ၁ ရက်နေ့တွင် ပြင်ဆင်ဆောင် ရွက်မှုများပြုလုပ်ထားသလို မြန်မာဘက်အခြမ်း တံတားဂိတ် ပြန်လည်ဖွင့်လှစ်ရန် စစ်ကောင်စီဌာနဆိုင်ရာ ၀န်ထမ်းများကလည်း သန့်ရှင်းရေးများ ပြုလုပ်ခဲ့သေးသည်။

ယခုလကုန်တွင် တံတားဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နယ်စပ်အခြေစိုက် သတင်း အရင်းအမြစ်တချို့မှ ၎င်းတို့၏ ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဖော်ပြထားကြသော်လည်း လက်ရှိ အချိန်ထိ နှစ်ဖက်တာဝန်ရှိသူများ၏ တရားဝင် ထုတ်ပြန်ကြေညာမှုများမတွေ့ရသေးပေ။