Home သတင်း မီးလောင်ပျက်စီးသွားသော သင်္ဃန်းညီနောင် လျှပ်စစ်ဓါတ်အားခွဲရုံ လာရောက်ပြင်ဆင်ခြင်းမရှိသေး

မီးလောင်ပျက်စီးသွားသော သင်္ဃန်းညီနောင် လျှပ်စစ်ဓါတ်အားခွဲရုံ လာရောက်ပြင်ဆင်ခြင်းမရှိသေး

1036
Photo: CJ

ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

အမည်မသိလက်နက်ကိုင်အဖွဲ့က ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့်မီးလောင် ပျက်စီးသွားသော မြဝတီမြို့နယ်အတွင်းရှိ သင်္ယန်းညီနောင် လျှပ်စစ်ဓါတ်အားခွဲရုံကို စစ်ကောင်စီဘက်မှ ပြန်လည် ပြင်ဆင်ရန် ညွှန်ကြားလာမှုမရှိသေးကြောင်းလျှပ်စစ်ဌာနနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

မြ၀တီမြို့အပါအ၀င် မြို့နယ်လေးမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများအား လျှပ်စစ် ဖြန့်ဖြူးပေးနေ သည့် (၂၃၀KV/၆၆KV)သင်္ဃန်းညီနောင်ဓါတ်အားခွဲရုံကို ဒီဇင်ဘာလ ၁၆ရက် ည ၁နာရီ ကျော် အချိန်က ဒရုန်းဖြင့် ဗုံးကြဲချသောကြောင့် မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ပြီး ၎င်းကို ပြန်လည် ပြုပြင်ပေးရန် ပြည်နယ် စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းမှ ပြည်နယ်လျှပ်စစ်ဌာနအား ပြင်ဆင်ရန်ညွှန်ကြားလာခြင်းမရှိသေး ကြောင်း စစ်လျှပ်စစ်ဌာနနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးက ယခုလို ပြောသည်။

“ဒရုန်းဗုံး ဗုံးသီး ၇ ကြိမ်ကြဲချ တိုက်ခိုက်တာခံရတယ်။ နောက်မနက်ပိုင်းမှာ ကော့ကရိတ် ကိုးတိုင် ကျုံဒိုးခွဲရုံလည်း တိုက်ခိုက်ခံရတယ်။ သူကတော့ လိုင်းတွေ မဖွင့်ရသေးတဲ့ လိုင်းခွဲရုံပေါ့ ။ သင်္ဃန်း ညီနောင် ခွဲရုံကတော့ ဒရုန်း ဗုံးသီး ၂ လုံး ပေါက်ကွဲတာကြောင့် Transformer ကြီး ၂လုံး ထိခိုက် ပျက် စီးပြီး မီးလောင်တာမှာ တစ်လုံးကတော့ သုံးမရအောင် ပျက်တယ်။ ကျန်အလုံး ကတော့ ပြန်ပြင်သုံးပြီး မီးပြန်လွှတ်ပေးလို့ရသေးတယ်။ ပြည်နယ်စစ်ကောင်စီကတော့ မီးမလာတာ၊ မီးခွဲရုံ ပျက်စီးတာနဲ့ ပတ် သက်လို့ ပြင်ဆင်ဖို့ ဘာမှညွှန်ကြားလာတာ မရှိသေးဘူးလို့တော့ သိရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လျှပ်စစ်ဓါတ်အားခွဲရုံ မီးလောင်ပျက်စီးမှုကြောင့် မြ၀တီ မြို့ပေါ်ရပ်ကွက်များ လျှပ်စစ်မီး ပြတ် တောက်နေပြီး ထိုင်းနိုင်ငံဘက်အခြမ်းမှ သွယ်တန်းထားသည့် ထိုင်းလျှပ်စစ်မီးဖြင့် စစ်ကောင်စီ ဌာနဆိုင်ရာ ရုံးများ၊ နယ်စပ်ကုန်သွယ်ရေးဇုန်နှင့် ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအမှတ် ၂ ရုံးလုပ်ငန်းများအား အသုံးပြုလည်ပတ်နေကြရပြီး ရပ်ကွက်နေပြည်သူများ အနေဖြင့် ရပ်ကွက် လမ်းဆုံများတွင် ထိုင်းမီးလိုင်းများဖြင့် ဖုန်းအားသွင်းခြင်း၊ မီးအားသွင်းခြင်းများ လုပ်ဆောင်နိုင်ရန် မြ၀တီ လျှပ်စစ်ဌာနမှ ယာယီ စီစဉ်ပေးထားကြောင်း မြို့ခံများက ဆိုသည်။

Photo: CJ

“မြန်မာမီးက တစ်လ မီတာဆောင်ရမှ ပိုက်ဆံ ၅ ထောင်လောက်ပဲကုန်တယ်။ အခုက မီးမလာတော့ မီးသွေး ၀ယ်သုံးရတာ ပိုပြီးငွေကုန်တယ်။ တစ်အိတ်ကို တစ်သောင်းခွဲ တစ်လ ၂ အိတ်လောက်ကုန် တယ်ဆိုတော့ ချက်ရေးပြုတ်ရေးက ပိုငွေကုန်လာတယ်။ ဒုက္ခပိုရောက်တယ်။ အခုတစ်နယ်လုံး ပျက်တဲ့ မီးဆိုတော့ ပြန်လာဖို့ အချိန်ဘယ်လောက်ကြာမလဲမသိဘူး” ဟု မြ၀တီမြို့နေ့ ဒေသခံ အမျိုးသမီး တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်အတွင်း လက်ရှိ မြို့နယ် ၇ ခုအနက် မြ၀တီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး နှင့် ကျုံဒိုးမြို့နယ်ခွဲ ကျေးရွာများတွင် လျှပ်စစ်မီးပြတ်တောက်နေပြီး အဆိုပါ ဒေသမြို့ရွာများ ဘက်တွင် စစ်ကောင်စီတပ်များနှင့် KNLA ပူးပေါင်း တပ်များနှင့် ပြောက်ကျားတိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်နေကြောင်းဒေသခံများက ပြောသည်။