Home သတင်း တိုက်ပွဲဖြစ်ပွား၍ မြဝတီ-ကော့ကရိတ်လမ်းတလျှောက် ယာဉ်များပိတ်ဆို့နေ

တိုက်ပွဲဖြစ်ပွား၍ မြဝတီ-ကော့ကရိတ်လမ်းတလျှောက် ယာဉ်များပိတ်ဆို့နေ

858
Photo: CJ

ဒီဇင်ဘာလ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အနီးရှိ၊ တံတားကျိုးကျေးရွာတွင် ယနေ့ ဒီဇင်ဘာလ ၁၆ ရက် နံနက်(၅) နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေ၍ မြဝတီ-ကော့ကရိတ်လမ်းပိုင်းတစ်လျှောက် ယာဉ်များပိတ်ဆို့နေကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။

မြဝတီ−ကော့ကရိတ်အာရှလမ်း၊ သင်္ဃန်းညီနောင်အဝင်ဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားလမ်း အတက် အဆင်းများအားလုံးကို ပိတ်ဆို့ထားသလို တိုက်ပွဲဖြစ်ပွားနေသည့် တံတားဦးကျေးရွာ ကားလမ်း တစ်လျှောက်နှင့် ၉ တိုင်လမ်းအထိ ကုန်ကားများ၊ ခရီးသည်တင်ကားများ အစီးရေ (၂၀၀)ကျော်ခန့် ပိတ်ဆို့ လျက်ရှိနေကြောင်း ယာဉ်မောင်းတစ်ဦးက ယခုလို ပြောသည်။

“စစ်တပ်ကိုဝင်စီးတာ။ စစ်တပ်ဘက်က အထိနာနေတယ်လို့ ကြားတယ်။ လက်နက်ကြီးသံက အချက်ပေါင်း ရေမနိုင်ဘူး။ တံတားကျိုးရွာကနေစပြီးတော့ ကျုံဒိုးထိပဲ။ ၉ တိုင်တို့ ၇ တိုင်တို့ တောက်လျှောက် ကားတွေပိတ် နေတယ်။ ဦးတို့က အခြေအနေမကောင်းတော့ ပြန်လှည့်လာခဲ့တာ။ အဲ့မှာ ရှိတဲ့ကားတွေ အကုန်ပြန် လှည့်ကြ တယ်။ ကုန်ကားတွေလောက်ပဲ ရပ်နေတယ်။ ကားအစီး(၂၀၀) ကျော်လောက် ပိတ်မိနေတယ်။ သင်္ဃန်းညီ နောင်ဂိတ်မှာ ကားတွေမပေးဆင်းတော့ဘူး။ ဖားအံတက်လာတဲ့ကားတွေလည်း ပေးမဝင်တော့ဘူး။ စစ်တပ်က အကုန်ပိတ်ထားလိုက်ပြီး”ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုကြောင့် ယနေ့ နံနက်အစောပိုင်းတွင်လည်း စစ်ကောင်စီဘက်မှ လေယာဉ်(၂)စီးဖြင့် တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ လာရောက်ပစ်ခတ်ခဲ့သလို လေယာဉ်များလည်း တံတားဦးကျေးရွာအနီးရှိ ကောင်း ကင်ယံတွင် တောက်လျှောက်ဝဲပျံနေလျက်ရှိကြောင်းလည်း နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

Photo: CJ

“ဒီမနက်လည်း တိုက်ပွဲကြီးကျယ်ပဲ။ ၅ နာရီခွဲကနေပြီး ၉ နာရီထိုးမှပဲ ရပ်သွားတယ်။ ကိုးတိုင်လမ်းခွဲကြာအင်း လမ်းခွဲအောက်ကနေ ၇တိုင်အထိအလုံးကြီးကျတယ်။ ကျောင်းပါတုန်ခါသွားတယ်။ လေယာဉ် ၂ စီးနဲ့လာ ပစ်တယ်။ ကောင်းကင်မှာလည်း တောက်လျှောက်လေယာဉ်ဝဲနေတယ်။ ကော့ကရိတ်အာရှလမ်းက တောင်ပေါ် တက်တဲ့လမ်းတစ်ခုလည်း မိုင်းထိသွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များနှင့် (KNLA)တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အခြေအနေနှင့်ပတ်သက်ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု အသေးစိတ်ကိုမူ ဆက်လက်စုံစမ်း နေဆဲဖြစ်ပြီး နှစ်ဖက်အဖွဲ့အစည်းဘက်မှလည်း တရားဝင်ထုတ်ပြန်လာခြင်းမရှိသေးပေ။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့တွင်လည်း မြဝတီ−ကော့ကရိတ်အာရှလမ်း တောနော် ရေတံခွန်အနီးတွင် စစ်ကောင်စီတပ်များနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေ သောကြောင့် ကုန်တင်ကားများ၊ ခရီးသည်ယာဉ်များ စသည့် ကားများသည် သင်္ဃန်းညီနောင်အဝင်နှင့် ကော့ကရိတ်မြို့အဝင်ဘက်တွင် ကားများပိတ် ဆို့မှု ဖြစ်ပေါ်ခဲ့ဖူးသေးသည်။