Home သတင်း ညစဉ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ ညအိပ်စက်မှုအခက်ကြုံ

ညစဉ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ ညအိပ်စက်မှုအခက်ကြုံ

660
Photo: CJ

ဒီဇင်ဘာလ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ ကျေး ရွာများအတွင်းသို့ စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ညစဉ်ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခြင်းကြောင့် ၎င်းဒေသရှိ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် ညအိပ်ညနေ အခက်အခဲများကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ကော့ကရိတ်တောင်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်တိုင် ကော့ကရိတ်ရှိ အမြှောက်ကုန်းရှိ စစ်ကောင်စီတပ်က ကျေးရွာများဘက်သို့ ညတိုင်း နီးပါးလက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေခြင်းကြောင့် ဒေသခံများ ယခုလို အခက်ကြုံနေရခြင်း ဖြစ်သည်ဟု မောင်းမရွာသစ်ဒေသခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက “အဓိကတော့ ကလေးငယ်နဲ့ သက်ကြီးပိုင်းတွေပေါ့။ အိမ်ပေါ်မှာ အိပ်မရဲတော့ အိမ်အောက်ဖြစ်ဖြစ်၊ ကျင်းဗုံးထဲဖြစ်ဖြစ် အိပ်ရတော့ အခုကအေးလည်းအေးတယ်။ ခြင်တွေ၊ မြွေတွေ၊ ကင်းခြေများတွေ၊ အခြားအကောင်တွေ ကိုက်ခံရမှာ‌လည်း ကြောက်နေရတယ်။ အိမ်အောက်မှာအိပ်တော့ ကလေးတွေ အဖုအနာ တွေလည်းဖြစ်တယ်”ဟု ကေအိုင်စီသို့ပြောသည်။

စစ်ကောင်စီတပ်သည် ဒေသခံတော်လှန်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲအနည်းငယ်ဖြစ်လျှင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်သကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း အမြဲတမ်းလိုလို ရမ်းသမ်းပစ်ခတ်မှု လုပ်ဆောင်သည့်အတွက် ကော့ကရိတ်မြို့ အနီးအဝန်းကျင် ကျေးရွာများရှိဒေသခံ လူထုများ၊ လူနေအိမ် အဆောက်အအုံးများနှင့် အိမ်မွေး တိရစ္ဆာန်များ ထိခိုက်ပျက်စီး သေဆုံးမှုများရှိခဲ့ကြောင်းလည်း အခြားဒေသခံ ရွာသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးက အမြဲလိုလိုပစ်တော့ လူဒါမှမဟုတ် အိမ်အဆောက်အအုံတစ်ခုခုလား၊ တိရစ္ဆာန်လား တစ်ခု မဟုတ်တစ်ခု၊ တစ်ခါမဟုတ်တစ်ခါတော့ထိတာပေါ့။ ကော့ကရိတ်မြို့နဲ့နီးတဲ့ရွာတွေတော့ လက်နက်ကြီးကြောင့် မပျက်စီးတဲ့အိမ် တစ်ရွာမှ မရှိဘူး။ လူတွေ ထိခိုက်တဲ့ရွာတွေလည်းရှိတယ်”ဟု ၎င်းဒေသခံက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကြီးကြောင့် ကော့ကရိတ်မြို့နှင့်နီးသော ကျေးရွာများဖြစ်သည့် မောင်းမကျေးရွာအုပ်စု၊ ကော့နွဲကျေးရွာအုပ်စုမှ ကျေးရွာများ၊ တောင်ကြာအင်း‌၊ မြောက်ကြာအင်း၊ ရန်ကုတ်၊ ကောင်းမှု အစရှိသည့် ကျေးရွာများသည် ထိခိုက်ပျက်စီးမှု အများဆုံးကြုံတွေ့ရပြီး ဒေသခံ ရွာသား အများစုမှာလည်း နီးစပ်ရာ ဆွေမျိုးကျေးရွာ နေအိမ်များသို့ စစ်ဘေးရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မောင်းမရွာသစ်ကျေးရွာ ဘကကျောင်းမှ ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသားတစ်ဦး ကျည်ထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။