Home သတင်း စစ်ရေးအခြေအနေများကြောင့် ဝင်းရော်ဒေသ နယ်လုံးဆိုင်ရာ ကရင်နှစ်သစ်ကူးကျင်းပနိုင်ခြင်းမရှိသေး

စစ်ရေးအခြေအနေများကြောင့် ဝင်းရော်ဒေသ နယ်လုံးဆိုင်ရာ ကရင်နှစ်သစ်ကူးကျင်းပနိုင်ခြင်းမရှိသေး

1038

ဒီဇင်ဘာ ၂၂ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ် ) ဝင်းရော်ဒေသတွင် စစ်ရေးအခြေအနေများကြောင့် နယ်လုံးဆိုင်ရာ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ၂ နှစ်မြောက်လာသည့်အထိ စုပေါင်းကျင်းပနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် စတင်ကျင်းပလာခဲ့ကြသည့် ဝင်းရော်ဒေသနယ်လုံးဆိုင်ရာ နှစ်သစ် ကူးနေ့သည် ကျေးရွာအသီးသီးများက စုပေါင်းကာ အကြိမ်ရေ ၅ဝ နီးပါးခန့် စုပေါင်းကျင်းပလာခဲ့ခြင်းဖြစ်သည်။ သို့သော် ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ဒေသအတွင်း စစ်ကောင်စီမှ မကြာခဏလာရောက် ဗုံးကြဲတိုက်ခိုက်လာမှုများ လုပ်ဆောင်သောကြောင့် ကျင်းပနိုင်ခြင်းမရှိတော့ကြောင်း နှစ်သစ်ကူးကျင်းပရေးကော်မတီက ပြောသည်။

“ ၈၃ နှစ်မြောက်မှာ နောက်ဆုံးစုပေါင်းကျင်းပပြီးနောက်ပိုင်း ယနေ့အချိန်ထိ ပြန်လည်စုပေါင်း မပြုလုပ်နိုင် သေးဘူး။ မနှစ်ကလည်း မလုပ်နိုင်ခဲ့ဘူး။ အခြေအနေအမျိုးမျိုးကြောင့်ဆိုပေမယ့် လုပ်ငန်းစီမံချက်တွေ တွေ့ဆုံညှိနှိုင်းမှုတွေ မလုပ်နိုင်ခဲ့ကြဘူး။ နှစ်သစ်ရဲ့အနှစ်သာရပိုင်း ပြည့်ဝအောင်လည်း သိရှိမှုနည်းနေတယ်။ ဒေသတည်ငြိမ်မှုမရှိတော့ စုပေါင်းမလုပ်နိုင်ကြသေးဘူးပေါ့နော်” ဝင်းရော်ဒေသ နှစ်သစ်ကူးကျင်းပရေး ကော်မတီ ဝင်တာဝန်ရှိသူတစ်ဦးက ကေအိုင်စီ သို့ပြောသည်။

ဝင်းရော်ဒေသနယ်လုံးဆိုင်ရာ ကရင်နှစ်သစ်ကူးနေ့ကို ခလယ်-တံခွန်တိုင်၊ ကျုံခဝန်၊ ဖားပြနှင့် ဘုရားသုံးဆူမြို့တွင် အလှည့်ကျဖြင့် စုပေါင်းကျင်းပခဲ့ကြပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသောကြောင့် စုပေါင်းကျင်းပမှု မပြုလုပ်နိုင်သေးခြင်းဖြစ်သည်ဟု ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျရောက်သည့် ၈၅ နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ကို ဝင်းရေးမြို့နယ်ရှိ ကျေးရွာအချို့တွင် အလံတင်အခမ်းအနားလောက်သာ အကျဉ်းရုံးကျင်းပသွားကြပြီး ကျေးရွာ ဌာနေ လူထုအချို့တွင် ယနေ့ထိ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၁၉၈၈ ခုနှစ် ခလယ်ကျေးရွာတွင် စုပေါင်းကျင်းပခဲ့ကြသည့် ဝင်းရော်ဒေသ နယ်လုံးဆိုင်ရာ ကရင်နှစ် သစ်ကူးနေ့တွင် ခလယ်-တံခွန်တိုင်တိုက်နယ် ဇီးဖြူကုန်းနေရာတွင် တပ်စွဲနေထိုင်သည့် မြန်မာစစ်တပ်မှ နှစ်သစ်ကူးကျင်းပသည့်လူစုနေရာသို့အမြှောက်လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်ခဲ့သည့်အတွက် ဒေသခံလူထု ၁ဝ ဦးခန့် ကျည်ထိမှန်သေဆုံးခဲ့ကြရပြီး အများအပြားလည်းဒဏ်ရာရရှိခဲ့ကြသည်ဟု ကျေးရွာတာဝန်ရှိသူများက ပြောသည်။