ဒီဇင်ဘာ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်ရှိကျေးရွာများအတွင်း ယခုနှစ် ပြာသိုလဆန်း(၁)ရက်တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော်အစီအစဉ်ကို အကျဉ်းရုံးဖြင့်သာ ကျင်းပပြုလုပ်သွားကြမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာမသိမ်းခင်နှစ်များက ကျုံပျော်ဒေသတွင် နှစ်စဉ်နှစ်တိုင်း ကရင်နှစ်သစ်ကူးနေ့တွင် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲများ၊ ရိုးရာပျော်ပွဲရွှင်ပွဲများ ပြုလုပ်လေ့ရှိ သော်လည်း ယခင်နှစ်အာဏာသိမ်းမှုနောက်ပိုင်း ကရင်နှစ်သစ်ကူးနေ့ကို နံနက်ပိုင်း ကရင်အမျိုးသားအလံအလေးပြုခြင်းသာ ပြုလုပ်တော့သည်ဟု လှည်းဆိပ်ကျေးရွာအုပ်စုမှ ဒေသခံ ရွာသားတစ်ဦးက ယခုလိုပြောသည်။
“အရင်က နှစ်ကူးနဲ့ခရစ်စမတ်ဆို ညဘက်စည်ကားနေတာလေ။ အခုတော့ အဲ့လိုမျိုး တွေမရှိတော့ဘူး။ ညမှောင်လို့ အပြင်ထွက်ရင်တောင် တစ်ခုခုဆိုချက်ချင်းပြန် လာရတယ်။ သူတို့ဘာသာသူတို့ပုဒ်မတပ်ပြီး ဖမ်းနေတာ ကျုံပျော်မှာ ပိုဖမ်းတယ်။ တစ်ခါတလေ ရွာဘက်တွေတောင် ဆင်းပြီးဖမ်းတယ်။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
စစ်အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ကျုံပျော်မြို့နယ် ကျေးရွာအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ၎င်းတို့ကို ဆန့်ကျင်ဆန္ဒပြသူခေါင်းဆောင်များကို လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခြင်းနှင့် ကျေးရွာအတွင်း လက်နက်များ ဖမ်းဆီးရမိကြောင်း အကြောင်းပြကာ လိုက်လံဖမ်းဆီးမှုများပြုလုပ်လျက်ရှိသည်။
ထိုသို့ လိုက်လံဖမ်းဆီးမှု လုပ်ဆောင်ရာတွင် ဒေသခံရွာသားများ နှင့် ထိပ်တိုက်တွေ့မှု ဖြစ်စဉ် ယမန်နေ့ဒီဇင်ဘာလ ၁၃ရက်နေ့က ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း အဆိုပါ ဒေသကို စစ်ကောင်စီမှ သတိထားကိုင်တွယ်ခြင်းကြောင့် ယခုလို ပွဲတော်များကို မပြုကြခြင်းဖြစ် ကြောင်း ဒေသခံများက ဆိုသည်။
၎င်းအပြင် ကျေးရွာအုပ်ချုပ်ရေးမှူးများက ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ခရစ်စမတ်နေ့ ပျော်ပွဲရွှင်ပွဲများကို ယခင်အခြေအနေကဲ့သို့ ပုံမှန်အတိုင်း ကျင်းပပြုလုပ်ခိုင်းသော်လည်း သက်ဆိုင်ရာကျေးရွာ အသင်းတော်မှ မပြုလုပ်ခြင်းဖြစ်ကြောင်းကို အခြားဒေသခံ ရွာသားတစ်ဦးက ပြောသည်။
သူက “ တချို့ပြေးလွှားနေရတဲ့လူတွေကို ကိုယ်ချင်းစာလို့ပါ။ ကိုယ်တွေကတော့ ပျော်ပွဲရွှင်ပွဲတွေလုပ်လို့ သူတို့မှာတော့ ငတ်တလှည့်ပြတ်တလှည့်နဲ့လေ။ ကျမတို့ရွာက
အုပ်ချုပ်ရေးမှူးကတော့ တိုင်းပြည်ကြီးသာယာ အေးချမ်းတာကိုပြချင်တော့ လုပ်ခိုင်း တာပေါ့။ ရွာကလူတွေက မလုပ်ကြဘူးဆိုတော့ လောလောဆယ် ဘာပြဿနာရှာတာမှ မရှိသေးပေမယ့် မသိနိုင်လို့သတိနဲ့နေနေရတယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ ကျုံပျော်မြို့ပေါ်တွင်လည်း နေ့ညမပြတ် ဆိုင်ကယ်များကို ဖမ်းဆီး စစ်ဆေးမှုများ ပိုမိုစစ်ဆေး ဖမ်းဆီး မှုများပြုလုပ်နေပြီး ဖမ်းမိပါကလည်း အနည်းဆုံး ဒဏ်ကြေးငွေကျပ်(၃)သောင်း ပေးဆောင်ရကြောင်း ဒေသတွင်း အရင်းအမြစ်များ၏ ပြောစကားအရ သိရသည်။



















