Home သတင်း အမျိုးသမီးအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု ကေအဲန်ယူနယ်မြေတွင် စတင်

အမျိုးသမီးအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု ကေအဲန်ယူနယ်မြေတွင် စတင်

735

နိုဝင်ဘာလ ၂၇ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အစီအစဉ်ကို ကရင်အမျိုးသမီး အစည်းအရုံး-KWO မှ ဦးဆောင်ပြီး ကရင်အမျိုး သားအစည်းအရုံး-KNU၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကမားထကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်သည်။

နှစ်စဉ် နိုဝင်ဘာလ ၂၅ရက်နေ့တွင် ကျင်းပလေ့ရှိသည့် အဆိုပါ (၁၆) ရက်တာလှုပ်ရှားမှုသည် အနာဂတ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်စေရေးအတွက် ကေအဲန်ယူ နယ်မြေအတွင်းရှိ ဒေသခံ ပြည်သူလူထုများ သိကျွမ်းနားလည် စေရန်ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်ကြောင်း KWO ၏ ဖားအံခရိုင် ဥက္ကဌ နော်မစိန်ကျော်က ယခုလိုပြောသည်။

“အခု လက်ရှိ ကာလကို ကြည့်မယ်ဆိုရင် အမျိုးသမီးတွေအပေါ်မှာ အနိုင်ကျင့် စော်ကားတာတွေကို တော်တော်များများ မြင်တွေ့ရတုန်းပဲ။ ဒီလိုအမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်တဲ့ လှုပ်ရှားမှုနေ့ကအမျိုးသမီးတွေအတွက် အရမ်းကို အရေးကြီးတဲ့နေ့ပါ။ ကျမတို့ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်အခွင့်အရေးကို သိရှိနားလည်ဖို့ နဲ့ တစ်ခုခုဖြစ်လာပြီးဆိုရင် ကိုယ်တိုင် ဒါကို ဆန့်ကျင်ပြီး ရဲရဲဝံ့ဝံ့ပြောဆိုနိုင်ဖို့ ဒါတွေကို သိနိုင်ဖို့ အတွက်ဖြစ်တယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

၎င်းအပြင် ၁၆ ရက်တာ လှုပ်ရှားမှုအတွက် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စတင်လိုက်ပြီးနောက် လာမည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် KWO မှ ဦးဆောင်ပြီး ကေအဲန်ယူ ထိန်းချုပ်နယ် မြေအတွင်းရှိ ကျေးလက်ဒေသများထဲသို့ ဆင်း၍ အမျိုးသမီးအပေါ် အကြမ်းဖက်မှု ပပျောက်စေရန် အသိပညာပေး ဆွေးနွေးပွဲများကို လိုက်လံ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း နော်မစိန်ကျော်က ဆက်ပြောသည်။

ထိုနေ့ ပြုလုပ်သည့် (၁၆) ရက်တာ လှုပ်ရှားမှု ဖွင့်ပွဲ အစီအစဉ်ကို သက်ဆိုင်ရာ နယ်မြေခံ ကေအဲန်ယူ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းဆရာ၊ ဆရာမ များနှင့် ဒေသခံ ကျေးရွာသားများ စုစုပေါင်း ၃၀၀ နီးပါး ပူးပေါင်းပါဝင်ခဲ့ကြပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး အသိပညာပေး ပြောဆိုမှုများ၊ သရုပ်ပြအစီအစဉ်များ၊ ဂုဏ်ပြုသီချင်းသီဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

“ကျနော်တို့ လှိုင်းဘွဲမြို့နယ်ထဲမှာ အခုအမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံရတာတွေက အမျိုးသမီးတွေချည်းပဲ မကဘူး၊ ကလေး သူငယ်တွေ အမျိုးသားတွေပါခံရတယ်။ ဒါပေမဲ့ ကြီးကြီးမားမား ဖြစ်တာတော့ မတွေ့ရဖူးဘူး။ ဒါပေမဲ့ ဒီလို အစီအစဉ်မျိုးတွေက များများ လုပ်နိုင်လေ ကျနော်တို့ ဒေသခံကျေးရွာလူထုတွေက ဒီလိုအမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုင်ရာတွေကို ပိုပြီးတော့မှ နားလည်လာလိမ့်မယ်။ ”ဟု အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သူ ကေအဲန်ယူ၊ လှိုင်းဘွဲမြို့နယ်ရုံးထိုင်မှူး စောဘလက်က ကေအိုင်စီ သို့ ပြောသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုကို နှစ်စဉ် ကေအဲန်ယူ နယ်မြေအသီးသီးအပြင် နယ်စပ်ဒေသ ဒုက္ခသည် စခန်းများနှင့် နယ်စပ်မြို့များတွင် အမျိုးသမီးအဖွဲ့အစည်းများ ဦးဆောင်၍ ကျင်းပလေ့ရှိသော်လည်း လက်ရှိ ကေအဲန်ယူ၊ ဖားအံခရိုင်မှလွဲ၍ ကျန်နယ်မြေအများ စုတွင် စစ်ကောင်စီနှင့် နှစ်ဖက်တိုက်ပွဲများကြောင့် ကျင်းပနိုင်ခြင်းမရှိကြောင်းသိရသည်။

လွန်ခဲ့သည့် ၁၉၆၀ ခုနှစ်က ဒိုမီနီကန် သမ္မတ နိုင်ငံ၏ သမ္မတ Rafael Leonidas Trujillo Molinau က ၎င်းကို ဆန့်ကျင်တော်လှန်ခဲ့သော မေရာဘဲလ် ညီအစ်မ သုံးဦးကို လုပ်ကြံ သတ်ဖြတ်သည့်နေ့ကို အကြောင်းပြုပြီး ၁၉၉၉ ခုနှစ်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ ကုလသမဂ္ဂ၏ ၅၄ ကြိမ်မြောက် အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် အမှတ် (၅၄/၁၃၄) အရ နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။