Home သတင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် လေးကေရွာရှိ လူနေအိမ် ၂ လုံး ပျက်စီး

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် လေးကေရွာရှိ လူနေအိမ် ၂ လုံး ပျက်စီး

721
Photo: CJ

နိုဝင်ဘာ ၃၀ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေ၊ ဘီးလင်းမြို့နယ် လေးကေ ကျေးရွာတွင် နိုဝင်ဘာလ ၂၈ ရက်နေ့က ရွာအတွင်း စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်သည့်အတွက် လူနေအိမ် ၂လုံး ကျည်ထိမှန်ပျက်စီးခဲ့သည်ဟု ဒေသခံထံမှ သိရသည်။

လေးကေကျေးရွာတွင် ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGFတပ်များကို ယမန်နေ့က နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဘက်မှ တက်ရောက် ပစ်ခတ်မှုရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာထဲကို လက်နက်ကြီးလက်နက်ငယ်များနှင့် ပြန်လည်ပစ်ခတ်သည့်အပြင် ကမမောင်းရှိ စစ်ကောင်စီ အမြှောက်တပ်လည်း ညပိုင်းအချိန်ထိ ပြန်လည်ပစ်ခတ်မှု လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံများထိခိုက်မှုမရှိသော်လည်း လေးကေရွာရှိ စောကျော်ပွားအိမ်နှင့် ဆရာမနုနုဝေအိမ်တို့ ထိခိုက်ပျက်စီးသွားခဲ့ရသည်ဟု ကေအဲန်ယူ သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ကေအိုင်စီသို့ပြောသည်။

၎င်းက“မနေ့က နေ့ပိုင်းမှာတော့ ကမမောင်းဘက်က လက်နက်ကြီး ၅ လုံးပစ်တော့ လေးကေရွာပြင်ဘက်မှာ ကျတယ်။ ပြီးတော့ လေးကေစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ကလည်း ညပိုင်းမှာ ရွာထဲကို လက်နက်ကြီးနဲ့ ပစ်သေးတယ်။ အဲမှာလူနေအိမ် ၂ လုံးပျက်စီးသွားတယ်။ ပြီးတော့ တစ်လုံးက မီးလောင်တော့ ရွာမှာ ကျန်တဲ့လူတချို့က သွားဝိုင်းငြှိမ်းတော့ နည်းနည်းပဲလောင်သွားတယ်။ လေးကေရွာမှာ လူတွေက ၃ ပုံ ၁ ပုံလောက်ပဲကျန်တော့တယ်။ ” ဟု ကေအိုင်စီသို့ပြောသည်။

ကျေးရွာထဲကို စစ်ကောင်စီတပ်မှ လက်နက်ကြီးများနှင့်မကြာခဏပစ်ခတ်သည့်အပြင် လေယာဉ်နှင့် လာရောက် ပစ်ခတ်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်နေရသည့်အတွက် ရွာရှိဒေသခံများသည် နီးစပ်ရာဆွေမျိုးရှိရွာသို့ သွားရောက်တိမ်းရှောင်ကြသလို အချို့မှာ လေယာဉ်ဗုံးကြဲမှုဒဏ်ကို ကာကွယ်နိုင်မည့် တောင်ခြေနှင့် ဂူများထဲတွင်လည်း သွားရောက်တိမ်းရှောင်နေကြသည်ဟု သိရသည်။

“ လူတွေက ပြေးလိုက်ပြန်လိုက်ပဲ။ ရွာမှာအတည်ပြန်နေမရဲဘူး။ အခုလည်း ဂူထဲမှာသွား နေတဲ့လူကသွားနေတယ်။ မနေ့က လက်နက်ကြီးနဲ့ပစ်ခတ်ပြန်ပြီး။ ရွာမှာစခန်းရှိတော့ အေးဆေးမနေရဘူး။ အခုလည်း စားရေးသောက်ရေးအခက်အခဲရှိကြတယ်။”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ပြောသည်။

လေးကေကျေးရွာတွင် စစ်ကောင်စီ ခမရ(၄၀၆)တပ်ဖွဲ့ အင်အား ၅၀ ဝန်းကျင်နှင့် BGF(၁၀၁၄)တပ်ဖွဲ့ဝင်အင်အား အယောက်၂၀ ကျော် စခန်းချပူးပေါင်းနေထိုင်ကာ စခန်းပြန်လည်ပြင်ဆင်ရန်အတွက် ဒေသခံလူထုများကိုလည်း အတင်းအဓမ္မ ခိုင်းစေမှုများ လုပ်ဆောင်လေ့ရှိသည့်အပြင် သေနတ်ရမ်းသမ်းပစ်ခတ်မှုလည်း မကြာခဏပြုလုပ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလ(၁)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ လေးကေကျေးရွာထဲကို လေယာဉ်နှင့် ၂ ကြိမ်တိုင်တိုင်ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်သည့်အတွက် လူနေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံနေအိမ်များကိုလည်း စစ်ကောင်စီတပ်က နေအိမ်ဖောက်ထွင်း ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။