Home သတင်း ကရင်ပြည်နယ်တွင် စစ်ကောင်စီ လေယာဉ်ပျံဝဲ ဖြတ်သန်းမှု ပိုများလာ

ကရင်ပြည်နယ်တွင် စစ်ကောင်စီ လေယာဉ်ပျံဝဲ ဖြတ်သန်းမှု ပိုများလာ

1414

အောက်တိုဘာ ၂၅ ရက်၊ ၂၀၂၂ ခုနှစ်၊၊ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံ၊ ကော့ကရိတ်နှင့် မြဝတီမြို့နယ်များတွင် ယခုတလော ညဘက်အချိန်မတော် လေယာဉ်များ ပျံဝဲဖြတ်သန်းသွားလာမှု ပိုများလာသောကြောင့် စိုးရိမ်ကြောက်ရွံ့မှုများဖြင့် နေထိုင်နေကြရကြောင်း ဒေသခံလူထုများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်နေ့က ကော့ကရိတ်မြို့အတွင်းသို့ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှုဖြင့် ပြန်လည် တုန့်ပြန်ခဲ့သည်။

လက်ရှိတွင်လည်း စစ်ကောင်စီလေယာဉ်ဝဲပျံ ဖြတ်သန်းသွားလာမှုများ ပိုမိုပြုလုပ်လာခြင်းကြောင့် ဖားအံမြို့ ခံများအနေဖြင့် စိုးရိမ်ကြောက်ရွံ့များဖြင့် နေထိုင်ကြရကြောင်း အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက “အရင်တုန်းကတေ့ာ တစ်ခါတလေ လေယာဉ်ပျံတွေ တက်တက်သွားတာတော့ တွေ့တယ်။ အဲ့ဒီ ကော့ကရိတ်တိုက်ပွဲဖြစ်တယ်လို့ ကြားတဲ့နေကျမှ လေယာဉ်ပျံတွေ ခဏခဏပဲ နေ့ကော ညကောတွေ့ရတယ်။ ဖားအံမြို့ထဲမှာလည်း နေရာစုံပဲ။ အဲ့လိုဖြစ်တော့ စိတ်ပူတာပေါ့ ဖားအံကိုပဲ ဗုံးကြဲမလား။ နောက်ပြီးကော့ ကရိတ်မှာ နေတဲ့သူတွေအတွက်လည်း စိတ်ပူတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကရင်ပြည်နယ် နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့တွင်လည်း အချိန်အခါမဟုတ် လေယာဉ် ပျံသန်းလာမှုအပြင် စစ်ရေးလှုပ်ရှားမှုများလည်း ပိုမိုတွေ့ရှိလာနေသောကြောင့် စိုးရိမ်ပူပန်နေရကြောင်းကိုလည်း မြို့ခံတစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည။

“လေယာဉ်ကတော့ မကြာခဏ ပျံတာတွေ့ရပေမဲ့ ကော့ကရိတ်တိုက်ပွဲဖြစ်တဲ့နေ့က တော်တော်များတယ်။ မြဝတီမြို့ထဲမှာက အခုရက်ပိုင်းကလည်းပေါက်ကွဲမှုဖြစ်လိုက်၊ ပြီးတော့မနေ့တနေ့ကဆို မြို့ထဲမှာစစ်ကြောင်းလှည့်တယ်လေ” ဟု ကေအိုင်စီ သို့ပြောသည်။

စစ်ကောင်စီတပ်မှ ကော့ကရိတ်မြို့အတွင်းသို့ သုံးညဆက်တိုက် လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ကျေးရွာပြည်သူများအနေဖြင့်လည်း လေယာဉ်ဗုံးကြဲမှုကြောင့် အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရသည်။ လတ်တလောတွင်လည်း ထိုစစ်ပြေးရှောင်နေရသော ဒေသခံများသည် စားနပ်ရိက္ခာနှင့်နေရာ ထိုင်ခင်း အခက်အခဲကြုံ တွေ့နေရကြောင်းကိုလည်း ဒေသခံများထံမှ သိရသည်။