Home သတင်း ရွှေဂွန်းတွင် ရွှေဆိုင်နှစ်ဆိုင် ဓားပြတိုက်ခံရပြီးနောက် ဒေသခံပြည်သူများ မိမိတို့လုံခြုံရေးအတွက် စိုးရိမ်နေ

ရွှေဂွန်းတွင် ရွှေဆိုင်နှစ်ဆိုင် ဓားပြတိုက်ခံရပြီးနောက် ဒေသခံပြည်သူများ မိမိတို့လုံခြုံရေးအတွက် စိုးရိမ်နေ

1517
Photo: CJ

စက်တင်ဘာလ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အနောက်ဘက်ရှိ ရွှေဂွန်းကျေးရွာတွင် ယမန်နေ့ သြဂုတ်လ ၃၁ ရက်နေ့၊ နံနက် ၉ နာရီဝန်းကျင် ရွာလယ်ဘုရားစျေးတွင်ဖွင့်လှစ်ထားသည့် ရွှေဆိုင်နှစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်စဉ်ဖြစ်ခဲ့ပြီးနောက် မိမိတို့လုံခြုံရေးအတွက် ပိုမိုစိုးရိမ်လာနေရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့က သေနတ်ကိုင်ဆောင်ထားသည့် အမည်မသိအရပ်ဝတ်နှင့်လူငါးဦးသည် သရဖူရွှေဆိုင်နှင့် ထွန်းရွှေဆိုင်တွင်းသို့ ဝင်ရောက်ပြီး ရွှေထည်များခင်းကျင်းထားသည့် မှန်အိမ်ကို သေနတ်ဒင်ဖြင့်ရိုက်ခွဲ၍ ရွှေထည်ပစ္စည်းများကို အကုန်ယူသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ဓားပြတိုက်မှုဖြစ်စဉ်ကြောင့် မိမိတို့အနေဖြင့် လုံခြုံမှုမရှိကြောင်း ၊ ယခုကဲ့သို့ အလားတူကိစ္စမျိုး မည်သည့် အချိန်တွင် မိမိတို့ထံသို့ ရောက်လာနိုင်သည်ကို စိုးရိမ်ပူပန်မှုများပိုမိုရှိလာကြောင်း အမည်မဖော်လိုသူ ရွှေဂွန်းဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ရွာမှာဒီလိုဖြစ်သွားတာ ဒါပထမဆုံးအကြိမ်ပဲ။ နောက်နောင် လူတွေကိုပါပစ်ခတ်တာ တွေရှိလာမှာစိုးရိမ်တယ်။ ဒီနေ့ဆိုဒူးပါတုန်တယ်။ သရဖူရွှေဆိုင်မှာကျတော့ သိန်း ၇၀၀ ဖိုးလောက်ပါသွားတယ် ပြောတယ်။ ထွန်းရွှေဆိုင်ကတော့ ပါသွားတာသူ့လောက်မများဘူးပေါ့”ဟု သူက ပြောသည်။

အဆိုပါဖြစ်စဥ်ဖြစ်ပွားနေသည့်အချိန်တွင် လူသွားလာမှုရှင်းနေချိန်ဖြစ်၍ ကြာချိန်အားဖြင့် ၁၅ မိနစ်လောက်သာရှိခဲ့ပြီး အခင်းဖြစ်ပွားပြီး မိနစ်အနည်းငယ်အကြာတွင် ရဲနှင့်စစ်ကောင်စီတပ်သားများက စစ်ဆေးမှုများ လာရောက် လုပ်ဆောင်ခဲ့ရာ စျေးဆိုင်အနီးတွင်မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးနှစ်လုံး တွေ့ရှိခဲ့သေးကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

“သရဖီရွှေဆိုင်ကို ခပ်ငယ်ငယ်ကောင်လေးငါးယောက် သေနတ်တွေနဲ့လာတယ်။ အဲ့ဒီမှာစတိုက်တယ်။ ပြီးတော့ ထွန်းရွှေဆိုင်ကို တစ်ယောက်သွားတယ်။ မှန်ကိုဖောက်ပြီးတော့ လက်တစ်ဖက်နဲ့သေနတ်ကိုထောင်ပြီးပစ်တယ်။ ကျန်လက်တစ်ဖက်နဲ့ ရွှေတွေကိုနှိုက်တယ်။ ပစ္စည်းတော့အရမ်းကြီးပါမသွားဘူး။ သရဖီရွှေဆိုင်မှာကျတော့ ရွှေကများတော့ပိုပါသွားတယ်။ သူတို့တွေအဲ့ဒီကနေပဲ ကမန်းကတန်း ကူးတို့ဆိပ်ကိုဆင်းပြီး တစ်ဖက်ကမ်း ကိုစက်လှေနဲ့ပြန်သွားကြတယ်”ဟု သူက ပြောသည်။

ထိုဓားပြတိုက်မှုစ်စဥ်ဖြစ်ပွားပြီးနောက် ဘုရားစျေးရှိ ဆိုင်ခန်းများနှင့် နေအိမ်များချိတ်ပိတ်ခဲ့ကြပြီး ရွာလမ်းမကြီးပေါ်တွင် သွားလာမှုများ မရှိသလောက်ဖြစ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။