Home သတင်း ကတိုင်တိမြောက်ဘက် ကျေးရွာများထဲသို့ စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်

ကတိုင်တိမြောက်ဘက် ကျေးရွာများထဲသို့ စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်

567
Photo: CJ

စက်တင်ဘာလ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မူတြော်(ဖာပွန်)ခရိုင် ကတိုင်တိကျေးရွာအခြေစိုက် စစ်ကောင်စီတပ်လက်နက်ကြီးကုန်းမှ ယမန်နေ့ စက်တင်ဘာလ (၂၃)ရက်နေ့၊ ည (၆)နာရီအချိန်တွင် နို့ဖောထီးနှင့် တောင်သူရှမ်းရွာကျေးရွာထဲသို့ အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ကေအိုင်စီသို့ ပြောသည်။

KNU-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေ၊ ကတိုင်တိကျေးရွာ မြောက်ဘက်ပိုင်းရှိ နို့ ဖောထီးနှင့် တောင်သူရှမ်းကျေးရွာများထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဗျူဟာကုန်းက လက်နက်ကြီးအချက်ပေါင်း ၁၀ ကျော် အကြောင်းမဲ့ ပစ်ခတ်မှုပြုလုပ်ဆောင်သည့်အတွက် စိုးရိမ်ထိတ်လန့်ခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“နို့ဖောထီးနဲ့ တောင်သူရှမ်းရွာထဲကို ထုနေတာ။ အဲ့ဒီရွာတွေမှာက (BGF) ဂိတ်တွေလည်းရှိတယ်။ အချက်ရေ (၁၅)ချက်လောက်ရှိတယ်။ ဗျူဟာကုန်းကနေပစ်နေတာ။ ၆ နာရီလောက်ကနေပစ်တာ။ တစ်လုံးနဲ့တစ်လုံး (၄၅)မိနစ်လောက်တော့ခြားတယ်။ အိမ်တွေထိခိုက်တာတော့ မသိရသေးဘူး။ တိုက်ပွဲမဖြစ်ဘဲနဲ့ကို သူတို့ပစ်နေတယ်။ ဒီမှာက (KNU)အဖွဲ့တွေလည်းရှိတော့ တိုက်ပွဲဖြစ်မှာကို ရွာသားတွေကလည်း စိုးရိမ်နေကြတယ်”ဟု ပြောသည်။

လက်ရှိ တပ်မဟာ (၅)နယ်မြေတော်တော်များများတွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိသလို ပြီးခဲ့သည့် ဩဂုတ်လမှစ၍ မြိုင်ကြီးငူဒေသတွင် နယ်ခြားစောင့်တပ်-BGF က စစ်အင်အား အလုံးအရင်းဖြင့် နှစ်ကြိမ်ခန့် အင်အားဖြည့်တင်းထားပြီး တပ်မဟာ(၅)နယ်မြေသို့ စေလွှတ်ရန် လုပ်ဆောင်နေသည်ဟုလည်း KNU ဘက်က သတင်းထုတ်ပြန် ပြောဆိုထားသည်။