Home ဆောင်းပါး “မွန်းမတည့်မီ နေဝင်သွားခဲ့လေသည်”

“မွန်းမတည့်မီ နေဝင်သွားခဲ့လေသည်”

448
Photo: Internet

“မွန်းမတည့်မီ နေဝင်သွားခဲ့လေသည်”

ဒဿန မြစ်ဝကျွန်းပေါ်

၁၉၄၆ခုနှစ်၊ ဇွန်လ ၁၆ရက်နေ့ တိုင်းပြုပြည်ပြု လွှတ်တော်တွင် အနာဂတ်ပြည်ထောင်စု ဖွဲ့စည်းပုံကို
က – လွတ်လပ်သောနိုင်ငံ (Independence)
ခ – အချုပ်အခြာ အာဏာပိုင်နိုင်ငံ (Sovereignty)
ဂ – ဒီမိုကရေစီနိုင်ငံ (Republic)
ဃ – ပြည်ထောင်စုနိုင်ငံ (Union State)

ဟူ၍ မူလေးချက်အပေါ် အခြေခံဥပဒေကို ရေးဆွဲရန် ချမှတ်ခဲ့သော်လည်း အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးပြီး နောက် ၁၉၄၇ခုနှစ်၊ စက်တင်ဘာလ ၂၄ရက်နေ့တွင် ရေးဆွဲပြဌာန်း အတည်ပြုခဲ့သည့် အခြေခံဥပဒေသည် ပြည်ထောင် စုကို မျှော်မှန်းခဲ့သော်လည်း တစ်ပြည်ထောင်စနစ် ဖြစ်သွားခဲ့သည်ကို အခြေခံဥပဒေရေးဆွဲခဲ့သူ ဥပဒေပညာရှင် ဦးချန် ထွန်းကိုယ်တိုင် စစ်ကြီးပြီးချိန် တိုင်းပြည်ဘဏ္ဍာနည်း၍ ငွေကြေးပိုကုန်ကျမည်ဖြစ်ခြင်း၊ အချိန်ပိုယူရမည်ဖြစ်ခြင်း၊ အခြေခံဥပဒေမရှိက အဂလိပ်တို့ လွတ်လပ်ရေးပေးမည်မဟုတ်ခြင်း၊ ၂နှစ်အတွင်း လွတ်လပ်ရေးရလိုခြင်း၊ အခြေခံ ဥပဒေကို နှစ်လအတွင်း အပြီးရေးခဲ့ရခြင်းတို့ကြောင့် မိမိရေးသည့်အခြေခံဥပဒေသည် သဘောတရားအားဖြင့် ပြည်ထောင်စုဟု ယူဆနိုင်သော်လည်း လက်တွေ့တွင် တစ်ပြည်ထောင်စနစ်ဖြစ်နေကြောင်း ရှင်းလင်းပြောဆိုခဲ့သည်ကို ရန်ကုန်တက္ကသိုလ် ရာဇဝင်ပါမောက္ခ ဟူးတင်ဘာ ရေးသည့် (Union of Burma) စာအုပ်တွင် ဖော်ပြပါရှိသည်။

ထိုစာအုပ်၏ စာမျက်နာ ၃၀ တွင် –
The constitutional Adviser, Chan Htoon observed much later that “Our Constitution though in theory Federal, is in practice Unity” ဟူ၍ ရေးသားဖော်ပြခဲ့သည်။ သို့သော် ၁၉၄၇ခုနှစ် စက်တင်ဘာလ (၂၄)ရက် ပြဌာန်းခဲ့သည့် အခြေခံဥပ‌ဒေ အခန်း(၁၁)တွင် ပြင်ဆင်ခွင့် ပါရှိခဲ့သည်။
ထိုအချိန်က တိုင်းရင်းသားများ ဥပဒေဗဟုသုတ နည်းခြင်း၊ ဗမာနိုင်ငံရေးခေါင်းဆောင်များအား ယုံကြည်မှု
လွန်ကဲခြင်း၊ လွတ်လပ်ရေးလိုချင်ဇော ပြင်းထန်နေခြင်း၊ နိုင်ငံတော်ခေါင်းဆောင်ကြီးများ ကျဆုံးသည်မှာမကြာသေး
ခြင်း၊ အခြေခံဥပဒေ အခန်း(၁၁)အရ ပြင်ဆင်ခွင့် ပါရှိနေခြင်းတို့ကြောင့် နောင် သင့်တော်သည့်ကာလတွင် ပြန်လည်ပြင် ဆင်ခြင်းဖြင့် တိုင်းရင်းသားအချင်းချင်း နားလည်မှုရရန် မခဲယဉ်းဟု ယူဆခဲ့ကြပြီး အခြေခံဥပဒေကို လက်ခံခဲ့ကြသည်။

၁၉၆၀ခုနှစ် ရွေးကောက်ပွဲတွင် အာဏာရလာသော ပထစ(သန့်ရှင်း ဖဆပလ)အစိုးရသည် ရွေးကောက်ပွဲ ကတိ အတိုင်း အဖက်ဖက်က စည်းလုံးမှု ပျက်ပြားနေသော တိုင်းပြည်အား ပြန်လည်တည့်မတ်နိုင်ရေး ပြည်နယ်ခေါင်းဆောင် များနှင့် ညှိနှိုင်းကာ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရန် သဘောထားရှိသည်ဖြစ်ရာ ၁၉၆၁၊ ဇွန်လ (၆)ရက်နေ့ ရှမ်း ပြည်၊ တောင်ကြီးမြို့တွင် ပြည်နယ်ပေါင်းစုံမှ တိုင်းရင်းသားကိုယ်စားလှယ် ၃၃၀ဦး ပါဝင်သော ပြည်နယ်များညီညွတ်ရေး ညီလာခံကို ကျင်းပခဲ့ကြသည်။ ၁၉၆၁၊ ဇွန်လ (၁၆)ရက်နေ့တွင် အခြေခံဥပဒေ အခန်း (၁၁)ပါပြဌာန်းချက်အရ ပြင်ဆင် ရန် ဆုံးဖြတ်ပြီး ပြည်နယ်များညီညွတ်ရေးအဖွဲကို အဖွဲ့ဝင်၂၃ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

၁၉၆၂ ဖေဖော်ဝါရီလ ၂၄ရက်နေ့မှစ၍ ရန်ကုန်မြို့ပြည်လမ်း အသံလွှင့်ရုံတွင် ၁၉၄၇ စက်တင်ဘာလ ၂၄ရက်နေ့ ရေးဆွဲအတည်ပြုခဲ့သည့် အခြေခံဥပဒေ အခန်း(၁၁)ပါ ပြင်ဆင်ခွင့်အရ ပြည်ထောင်စုစစ်စစ်မူဖြင့် ပြန်လည်ပြင်ဆင်ရန် အစည်းအဝေးကျင်းပခဲ့ကြသည်။

၎င်း Federal Seminar တွင် ရှမ်းပြည်နယ်ဥက္ကဌကြီး စဝ်ခွန်ချိုမှ ဖယ်ဒရယ်မူကို တင်သွင်းပြီး
၁။ ကချင်ပြည်နယ်မှ ဒူးဝါးဇော်လွန်း
၂။ ချင်းဝိသေသတိုင်းမှ ကပ္ပတိန် မန်းတုံးဒုံး
၃။ ရှမ်းပြည်နယ်ကိုယ်စားလှယ် ဦးထွန်းမြင့် (တောင်ကြီး)
၄။ ကယားပြည်နယ်ကိုယ်စားလှယ် ဦးစိန်တို့က ထောက်ခံဆွေးနွေးကြသည်။

ရှမ်းပြည်နယ်ဥက္ကဌကြီးစဝ်ခွန်ချိုမှ
ပင်လုံညီလာခံကြီးက
၁။ တန်းတူညီမျှ အခွင့်အရေး
၂။ တောင်တန်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့်
၃။ လွတ်လပ်ရေးရရှိပြီးနောက် ပြည်ထောင်စုက ခွဲထွက်လိုက ခွဲထွက်ခွင့် (မဖြစ်မနေ ခွဲထွက်ရန်မဟုတ်-စာရေးသူ) များကို ချမှတ်ခဲ့သည်။
Mr.Rees Willian ခေါင်းဆောင်ပြီး ပြည်မပြည်နယ်ခေါင်းဆောင်များ ပါဝင်သည့် စုံစမ်းရေးကော်မတီမှလည်း အထက်ပါအခြေခံမူ သုံးချက်အပေါ် ပြည်နယ်ပြည်မ ပူးပေါင်းရေး သဘောတူခဲ့ကြောင်း

လွတ်လပ်ရေးရပြီး ၁၄နှစ်ခရီးတွင် ပြည်ထောင်စုကြီးသည် ပြည်နယ်များအပေါ် ကိုယ်စားပြုလာခြင်းမဟုတ်ဘဲ
ပြည်မ ဗမာပြည်ဒေသများကိုသာ အဓိကကိုယ်စားပြုလာကြောင်း၊ ပြည်မ ဗမာလူထုအတွက် ပြည်နယ်တစ်နယ်ဖွဲ့စည်း ရေး မကြိုးစားဘဲ ပြည်မအာဏာနဲ့ ပြည်ထောင်စု အာဏာရောထွေးပြီး အုပ်ချုပ်လာသည့်အတွက် ပြည်ထောင်စုအမြင် က လျော့ကျလာပြီး တစ်ပြည်ထောင်စနစ် စိုးမိုးမှု ကူးပြောင်းလာကြောင်း
အခြေခံဥပဒေ ပုဒ်မ (၂၂၂)အရ ပြည်မဟာ အခြားပြည်နယ်များနည်းတူ ပြည်ထောင်စုအဖွဲ့ဝင်တစ်ခုဖြစ်သော် လည်း အခြေခံဥပဒေပုဒ်မ (ဂ)အရ အခြားသော ပြည်နယ်များအပေါ် ပြည်ထောင်စုအနေနဲ့ အာဏာလွှမ်းမိုးလာကြောင်း

ကျနော်တို့လိုလားတဲ့ ပြည်ထောင်စုဆိုတာ ပြည်နယ်တိုင်း တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေ ပြုတဲ့ ပြည်ထောင်စုမျိုးဖြစ်ကြောင်း ဥပမာအားဖြင့်
၁။ ပြည်မကို ပြည်နယ်တစ်နယ်ဖွဲ့စည်းရေး
၂။ လွှတ်တော်နှစ်ရပ် အာဏာတူပေးရေး
၃။ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်း ကိုယ်စားလှယ်တူညီပေးရေး
၄။ ပြည်နယ်များက ဆန္ဒအလျောက် လွှဲအပ်သော အာဏာများကို ပြည်ထောင်စုဗဟိုအစိုးရသို့ ကန့်သတ်ပေးရန် ကျန် အာဏာများကို ပြည်နယ်များတွင်ထားရှိရေးတို့ဖြစ်ကြောင်း အဆိုတင်သွင်းခဲ့သည်။

ကချင်ပြည်နယ် ကိုယ်စားလှယ် ဒူးဝါးဇော်လွန်းမှ
၁၉၄၇ ပင်လုံအမျိုးသားရေး ညီလာခံ၌ လွတ်လပ်ရေးရတဲ့အခါ တန်းတူညီမျှရေးကို အခြေခံလာသည့် ပြည် ထောင်စုဖွဲ့စည်းရေးဟု နားလည်ခဲ့ကြောင်း
၁၉၄၇ ဧပြီလ မေမြို့ Mr.Rees Willian ခေါင်းဆောင်သော နယ်စပ်ဒေသ စုံစမ်းရေးကော်မတီမှ ရှမ်း၊ ကချင် ကိုယ်စားလှယ်များက ပြည်ထောင်စုအတွင်း မိမိတို့ပြည်နယ်များလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရန်အတွက်နှင့်ဆိုင်သော ဌာနများကို ပြည်ထောင်စုအစိုးရသို့ လွှဲအပ်ရန် တင်ပြခဲ့ကြောင်း
၁၉၄၆၊ နိုဝင်ဘာ ၂၉ရက် မြစ်ကြီးနားမြို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်အမျိုးသားခေါင်းဆောင်များ တွေ့ဆုံရာ ၌ ဖဆပလ ပဏာမ ညီလာခံ အခြေခံလမ်းညွှန်ချက်များမှာ –
(၁) တိုင်းရင်းသားလူမျိုးများ တန်းတူရေး
(၂) လူမျိုးစုတိုင်းရပိုင်ခွင့် အပြည့်အဝရရှိရေး
(၃) လူမျိုးစုများရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရေး စတာတွေကို သိရှိလာရတဲ့အခါ ဗမာခေါင်း ဆောင်များကို ယုံကြည်အားကိုးလာခဲ့ကြောင်း
ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ကျဆုံးပြီးနောက် ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေဟာ ဗိုလ်ချုပ်အောင် ဆန်းချမှတ်ခဲ့တဲ့ အမျိုးသားရေးဝါဒနဲ့မညီ ပြည်ထောင်စု အနစ်သာရကွယ်ပျောက်ပြီး ပြည်ထောင်စုပြိုကွဲရန်ပင် ပူပန်ခဲ့ရ ကြောင်း အမျိုးသားစည်းလုံးရေးနဲ့ ပြည်ထောင်စုတည်တံ့ရေးအတွက် ဖယ်ဒရယ်ပြည်ထောင်စုအဆိုကို ထောက်ခံခြင်း သည်လည်း Confederation မဟုတ်ကြောင်း ဆွေးနွေးသွားခဲ့သည်။

ချင်းဝိသေသတိုင်း ကိုယ်စားလှယ် ကပ္ပတိန်မန်းတုံးဒုံး
၁၉၄၆ ဇွန်လ ၁၆ရက်မှာ ကျင်းပတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ပြည်ထောင်စု သဘောတရား သက်ရောက် တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တင်ပြစဉ်က ပြည်မခေါင်းဆောင်တွေအပေါ် ယုံကြည်အားထားမှုနဲ့ လွယ်လွယ် ကူကူ ထောက်ခံခဲ့ကြောင်း
လွတ်လပ်ရေးရပြီး ၁၄နှစ်ကာလမှာ ပြည်ထောင်စုအာဏာကို ချုပ်ကိုင်စိုးမိုးနေတာ ပြည်မသာလျင် ဖြစ်နေခြင်း ကြောင့် ပြည်ထောင်စုအဖွဲ့ဝင်အချင်းချင်း အငြင်းပွားစရာဖြစ်လာကြောင်း

ပြည်နယ်ပြည်မ မခွဲခြားဘဲ ပြည်နယ်အချင်းချင်း စုပေါင်းသည့်မူဖြစ်စေရန် ပြည်မကိုလည်း ပြည်နယ်တစ်ခုအ ဖြစ်ထားပြီး ပြည်နယ်အားလုံး စုပေါင်းသည့် ပြည်ထောင်စုကြီးဖြစ်ရန် ပြည်မခေါင်းဆောင်တွေကလည်း သဘောထား ကြီးမှုကို ပြသကြရန်လိုကြောင်း ဆွေးနွေးသွားခဲ့သည်။

ရှမ်းပြည်နယ်ကိုယ်စားလှယ် ဦးထွန်းမြင့် (တောင်ကြီး) မှ
ကျနော်တို့တင်ပြတဲ့ ပြည်ထောင်စုစစ်စစ်မူရဲ့ အနှစ်သာရဟာ တန်းတူရေးပဲ ဖြစ်ပါတယ်။ အရှင်းဆုံးစကားနဲ့ ပြောရရင် ကျနော်တို့တိုင်းရင်းသားတွေအားလုံး တန်းတူရည်တူ ဆက်ဆံကြပါစို့လို့ ဆိုလိုက်ခြင်းပါပဲ။ ကျနော်တို့ရဲ့ ပြည် ထောင်စုစစ်စစ်မူကို လက်မခံနိုင်ခြင်းဟာ မင်းတို့နဲ့ တန်းတူဆက်ဆံလို့ မဖြစ်ဘူးလို့ အဓိပ္ပါယ်ပေါက်ကြောင်း
ဗြိတိသျှအာဏာပိုင်များက လွတ်လပ်ရေးမပေးနိုင်ဘူးလို့ပြောလိုက်တိုင်း မြန်မာများခံစားရသလို ပြည်ထောင်စု စစ်စစ်နဲ့ပတ်သက်ပြီး ဗမာနောင်တော်များက ပစ်ပစ်ခါခါ ပြောလိုက်တိုင်း ပြည်နယ်များရဲ့စိတ်မှာ အလားတူ ခံစားရ ကြောင်း

ပြည်ထောင်စုစစ်စစ်မူကို တောင်းဆိုခြင်းဟာ အခွင့်အရေး ပိုတောင်းခြင်းမဟုတ်ဘဲ ပြည်နယ် ပြည်မ တန်းတူမှု ရှိအောင် တောင်းဆိုခြင်းဖြစ်ကြောင်း
ကျနော်တို့ဟာ လွတ်လပ်တဲ့ပြည်ထောင်စု တည်ဆောက်လိုဇောနဲ့ နယ်ချဲ့လက်အောက်ကလွှတ်ရင် သွေးချင်း တွေ အထူးပြောစရာမလိုဘူးလို့ ရိုးရိုးယူဆခဲ့ကြောင်း
ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးတစ်ခုမှာ “ဦးချန်ထွန်း ခင်ဗျား ဒီလိုနေလို့ ဘယ်ဖြစ်မလဲ။ (Grand Principles) ကျယ်ပြန့်တဲ့ သဘောတရားပါရင် တော်ရောပေါ့။ လွတ်လပ်ရေးရတဲ့အခါ နောက်
လိုအပ်တာတွေကို (By Act) ပါလီမန်မှာ ဥပဒေလုပ်ရင်ပြီးတာပဲ” လွတ်လပ်ရေးရပြီးနောက် အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး လိုသလို ဆောင်ရွက်သွားမယ်ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလခေါင်းဆောင်များကို အကြွင်းမဲ့ ယုံကြည်ခဲ့ ကြောင်း

လွတ်လပ်ရေးရပြီးနောက် အခြေခံဥပဒေကို လက်တွေ့ကျင့်သုံးလာတဲ့အခါ တိုင်းရင်းသားတွေဟာ ဗမာပြည်မ ရဲ့ (Vassel State) ပဏ္ဍာဆက်နိုင်ငံတွေလိုဖြစ်လာကြောင်း
အခြေခံကပဒေကို ပြင်ဆင်တဲ့နေရာမှာလည်း အချို့ပုဒ်မလောက်ပြင်ရင် ဖြစ်နိုင်ကောင်းလို့ ထင်ကြပေမယ့် ပုဒ် မတစ်ခုနဲ့တစ်ခု ဆက်စပ်နေခြင်းကြောင့် အခြေခံမူတွေကိုပါ ပြင်ဖို့လိုကြောင်း

ဗမာလူမျိုးတွေ ပြည်နယ်တစ်နယ်ရဲ့ဘဝကို မခံယူသမျှ တန်းတူမှုကိစ္စတွေမှာ အမြင်ကွဲနေမှာဖြစ်ကြောင်း
လူဦးရေအပေါ် အခြေခံတဲ့ ဒီမိုကရေစီ သဘောတရားတစ်ခုထဲထားလျှင် လူဦးရေများတဲ့ ပြည်နယ်ကခေါင်း ဆောင်တွင် စိတ်ထားမကောင်းလျှင် ပြည်နယ်ငယ်တွေအပေါ်မှာ အစဉ်အမြဲ အနိုင်ကျင့်နေမှာဖြစ်ကြောင်း

အချို့ပုဂ္ဂိုလ်တွေဟာ ကျနော်တို့ တောင်းဆိုချက်တွေကို တည်ဆဲဥပဒေဘောင်အတွင်းက လုပ်လို့မဖြစ်ဘူးလို့ ဆိုကြတယ်။ ဥပဒေဆိုတာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလို (Telescope)လို နီးရင်လည်းရတယ် ဝေးရင်လည်းရ တယ်။ ဥပဒေဆိုတာ (Gospel Truth) ဘုရားဟော မဟုတ်ဘူး။ လူလုပ်တဲ့ဥပဒေ လူပြင်လို့မရဆိုတာ မဖြစ်နိုင်၊ ပြင်ချင် တဲ့စေတနာ ရှိ/မရှိ အရေးကြီးကြောင်း

ဗြိတိသျှပါလီမန်မှာ ဗမာပြည်ကို လွတ်လပ်ရေးပေးဖို့ တစ်ပိုဒ်တစ်ပါဒမှ ရေးမထားဘူး။ ဗမာပြည်ကို လွတ်လပ် ရေးပေးဖို့ ဖြစ်လာတဲ့အခါ ၁၉၃၅ခုနှစ် ဗမာပြည် အက်ဥပဒေအတွင်းကပဲ အာဏာအပြည့်အစုံရှိတဲ့ ကြားဖြတ်အစိုးရကို ဖွဲ့စည်းပေးခဲ့ကြောင်း
သို့ဖြစ်၍ ရှမ်းပြည်နယ်ဥက္ကဌ စဝ်ခွန်ချို တင်ပြတဲ့ ပြည်ထောင်စုစစ်စစ်မူမှာ (Fundamental Principles) အခြေ ခံမူကြီးပါနေခြင်းကြောင့် လက်ခံသင့်ကြောင်း ထောက်ခံဆွေးနွေးခဲ့ပါသည်။

ကယားပြည်နယ်ကိုယ်စားလှယ် ဦးစိန်
ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်များ သဘောတူချမှတ်ခဲ့တဲ့ ပင်လုံစာချုပ်ကြောင့် ပြည် ထောင်စုအခြေခံသဘောတရားများဟာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတဲ့ လောကပါလတရားနဲ့ ကိုက်ညီ ခဲ့သော်လည်း ကျနော်တို့ဖြတ်သန်းလာတဲ့ ၁၃နှစ်ခရီးမှာ ပြည်ထောင်စုကြီးဟာ ပုံသဏ္ဍာန်မစစ်မမှန်တော့ကြောင်း

ဗုဒ္ဓမြတ်စွာဘုရားဟာ သာသနာတော် ၂၅၀၀ ထိန်းသိမ်းလာခဲ့ပြီး သာသနာတော် ၅၀၀၀ တည်စေရန် သုတ်၊ ဝိနည်း၊ အဘိဓ္ဓမာ၊ ပဋိကတ်သုံးပုံတို့ကို သတ်မှတ်ပေးတော်မူခဲ့ပြီး ဘုရားရှင် ပရိတ်နိဗ္ဗာန် စံလွန်တော်မူတဲ့အခါ ရှင်မ ဟာကဿဖ ရဟန်းတော်မြတ်ကြီးက ရဟန်း ၅၀၀ နဲ့ ပထမ သံဃာယနာ တင်ခဲ့တာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အ ထိ ဆဌမ သံဃာယနာအထိ ရှိခဲ့ပြီဖြစ်ကြောင်း

ခရစ်ယာန်သာသနာမှာလည်း သမ္မာကျမ်းစာဟောင်းမှ သမ္မာကျမ်းစာသစ်သို့ မူရင်းမပျက် ထိန်းသိမ်းခဲ့ကြောင်း
အုပ်ချုပ်ရေးဘက်မှာလည်း သီရိဓမ္မာသောကမင်းလက်ထက်၊ မိလိန္ဒ မင်းကြီးလက်ထက် စတဲ့ မင်းကြီးများဟာ လည်း လောကပါလ တရားနဲ့အညီ အုပ်ချုပ်ခဲ့၍ တိုင်းပြည်အေးချမ်းသာယာလာခဲ့သလို ကျနော်တို့ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း ပြည်ပြည်ထောင်စုစစ်စစ်မူဖြင့် ပြန်လည်ပြင်ဆင်သင့်ကြောင်း ဆွေးနွေးသွားခဲ့ပါသည်။
ပြည်နယ်များညီညွှတ်ရေးအဖွဲ့မှ တင်သွင်းသော (ပြည်ထောင်စုစစ်စစ်မူ)အပေါ် ဗမာနိုင်ငံရေးပါတီများမှ တည် မြဲ ဖဆပလမှ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ပမညတ ဥက္ကဌ ဦးချစ်မောင်တို့မှ တုံ့ပြန်ကန့်ကွက်ဆွေးနွေးသွားခဲ့ကြသည်။

တည်မြဲ ဖဆပလ ဦးဗဆွေမှ
ဗမာပြည်မကို ပြည်နယ်တစ်ခုအဖြစ်ပေးမိရင် ဗမာပြည်မဟာ မိမိအင်အားကို အခြားပြည်နယ်တွေအတွက် ဝေမသုံးဘဲ မိမိပြည်နယ်တစ်ခုထဲ အလုံးစုံ ဖိသုံးပြီး ကျဉ်းမြောင်းတဲ့ လူမျိုးရေးစိတ်ဓါတ်တွေပေါ်လာနိုင်ကြောင်း အာဏာတွေ အစိပ်စိပ်အမွှာမွှာဖြစ်အောင် ခွဲစိပ်ပေးလိုက်ခြင်းအားဖြင့်လည်း ပြည်ထေင်စုတစ်ခုလုံးကို ခြုံငုံတာဝန်ယူရ တဲ့ ဗဟိုအစိုးရ အင်အားချိနဲ့ပြီး တိုင်းပြည်အောက်တန်းကျ ဘဝရောက်နိုင်ကြောင်း

ပြည်ထောင်စုကြီးတစ်ခုလုံး အင်အားတောင့်တင်းအောင် ဗဟိုအစိုးရကိုသာ အင်အားဖြည့်တင်းပေးသည့် တစ် ပြည်ထောင်စနစ်သာ ကျင့်သုံးသင့်ကြောင်း ဆွေးနွေးသွားခဲ့သည်။

တည်မြဲ ဖဆပလခေါင်ဆောင် ဦးကျော်ငြိမ်း
ဖယ်ဒရယ်မူကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူဖြစ်ပြီး ၁၉၆၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ရက်နေ့ ရန်ကုန်ခရိုင် ဖဆ ပလ လူငယ်အဖွဲ့ ဦးစီးညီလာခံမှာ (ဖယ်ဒရယ်မူဆိုတာ တောင်တန်းသားတွေက ဗမာကိုပြန်ချရအောင် ဆိုတဲ့ အဓိပ္ပါယ် ပဲ။ ဒီအရေးကို ထိန်းနိုင်ရင်ထိန်း မထိန်းနိုင်ရင်တော့ တိုင်းပြည်ပြိုကွဲဖို့ဘဲ) ရှိတော့တယ်ဟု ပြောကြားခဲ့သည်။

ပမညတ ဥက္ကဌ ဦးချစ်မောင်
ယနေ့ ပြည်တွင်းပြည်ပ အခြေအနေ၊ နယ်ချဲ့သမား အန္တရာယ်တွေကြောင့် ပြည်ထောင်စုစစ်စစ်မူကို ထူထောင် လျှင် (Confederation) ဖြစ်လာပြီး ပြည်ထောင်စု ပြိုကွဲရေးရောက်သွားနိုင်ကြောင်း

ပြည်ထောင်စုဖွဲ့စည်းခဲ့သည့် ၁၄နှစ်အတွင်း နယ်ခဲ့ပယောဂ၊ အုပ်စိုးသူများရဲ့ သဘောထားအမှားများကြောင့် လူမျိုးစုအတွင်း ပြည်သူအားလုံးနှင့်အတူ များစွာနစ်နာနေရကြောင်း ယခုပြည်ထောင်စုဖွဲ့စည်းပုံအတွင်းမှာပဲ အစွမ်း ကုန် လိုက်လျောညှိနှိုင်းပေးပြီး ဗမာပြည်ထောင်စု ဆိုရှယ်လစ်သမ္မတနိုင်ငံ ထူထောင်ရေးသို့ ချီတက်သင့်ကြောင်း
ယခု ညှိနှိုင်းဖလှယ်ပွဲကြီးကို တစ်ဦးနဲ့တဦး အကြပ်ကိုင်ဆုံးဖြတ်သည့် ပွဲမျိုးမဖြစ်ဘဲ ၁၉၆၃ခု၊ ပြည်ထောင်စုညီ ညွှတ်ရေးညီလာခံသဘင်တွင် ထပ်မံ ညှိနှိုင်းဆုံးဖြတ်သင့်ကြောင်း ဆွေးနွေးသွားခဲ့သည်။

Federal Seminar တစ်ခုလုံးအပေါ် တွေ့ရှိချက်
ဒေါက်တာဘဦး ခေါင်းဆောင်သည့် နိုင်ငံတော်အကြံပေးကော်မတီမှ ပြည်ထောင်စုစစ်စစ်မူကို ယေဘုယျအား ဖြင့် ဆန့်ကျင်ပြီး အစီရင်ခံစာ တင်သွင်းခဲ့သည်။
ဗမာပြည် နိုင်ငံရေးအစဉ်အလာ ကြီးမားသည့် ဗမာပြည်ကွန်မြစ်နစ်ပါတီမှ လူမျိုးစုများ၏ တန်းတူရေးနှင့် ကိုယ် ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုသည့် ပေါ်လစီကိုသာ ဆုပ်ကိုင်ထားခဲ့သည်။

လူမျိုးစုလက်နက်ကိုင် တော်လှန်ရေးအင်အားစုအားလုံး ဖယ်ဒရယ်မူကို လက်ခံကြကြောင်း ယေဘုယျ သတ် မှတ်နိုင်သည်။
ဖယ်ဒရယ်မူစာတန်းကို ချုပ်ကြည့်ပါက အခြေခံမူလေးချက် ပါရှိကြောင်း တွေ့ရသည်။
၁။ ဗမာပြည်နယ်ဖွဲ့စည်းရေး
၂။ လွှတ်တော်နှစ်ရပ် အာဏာတူပေးရေး
၃။ လူမျိုးစုလွှတ်တော်သို့ တူညီကိုယ်စားလှယ်ပေးရေး
၄။ ဗဟိုအစိုးရသို့ လွှဲအပ်သော အာဏာများမှအပ ကျန်အာဏာများကို ပြည်နယ်များတွင်ထားရှိရေး

ဗဟိုအစိုးရသို့ လွှဲအပ်မည့် အာဏာများမှာ
(က) နိုင်ငံခြားရေး
(ခ) ပြည်ထောင်စုကာကွယ်ရေး
(ဂ) ပြည်ထောင်စုဘဏ္ဍာရေး
(ဃ) ငွေဒင်္ဂါးနှင့် ငွေစက္ကူထုတ်လုပ်ရေး
(င) စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး
(စ) မီးရထား၊ ရေကြောင်း၊ လေကြောင်းဆက်သွယ်ရေး
(ဆ) ပြည်ထောင်စု တရားစီရင်ရေး
(ဇ) ပင်လယ်ဆိပ်ကမ်းကို ကောက်ခံရေး တို့ဖြစ်သည်။

တည်မြဲ ဖဆပလ ဦးဗဆွေ၏ ဆွေးနွေးချက်တွင်
အင်အားကောင်းသည့် ဗဟိုအစိုးရဖြစ်ရန် ပြည်နယ်များက ပံ့ပိုးရန်ဆိုခြင်းမှာ တစ်ပြည်ထောင်စနစ်သာဖြစ် သည်။
(A) ပြည်ထောင်စုဆိုသည်မှာ (Extrinsic) နဂိုအရှိတရားမဟုတ်ခြင်း ပြည်ထောင်ဆိုသည်မှာ (Existence) နဂိုမူလ အရှိ တရားရှိခြင်း တစ်နည်းအားဖြင့် ပြည်ထောင် (သို့မဟုတ်) Unit တစ်ခုခြင်းစီ စိတ်တူသဘောတူ Coming together ကြောင့်သာ ပြည်ထောင်စု ဖြစ်ပေါ်လာရခြင်း
(B) ပြည်ထောင် (ဝါ) ယူနစ်များသည် ကိုယ်ပိုင်ဥပဒေရေးဆွဲခွင့် Self Rule တစ်နည်းအားဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့် Self Determination ရှိခြင်း
(C) ပြည်ထောင်စုတွင် ပြည်ထောင် (ဝါ) ယူနစ်တိုင်း ဥပဒေပါဝင်ရေးဆွဲခွင့် (Share Rule) ရှိခြင်း
(D) ပြည်ထောင်(ဝါ)ယူနစ်များ ရေးဆွဲသည့်ဥပဒေနှင့် ပြည်ထောင်စု စုပေါင်းရေးဆွဲသည့် ဥပဒေ မဆန့်ကျင်စေရဆို သည့် ဖယ်ဒရယ်သဘောတရားကို သဘောမပေါက်ကြောင်း တွေ့ရှိရသည်။

တည်မြဲ ဖဆပလ ခေါင်းဆောင် ဦးကျော်ငြိမ်း၏ ဆွေးနွေးချက်တွင် ပဒေသရာဇ်ခေတ်က လူမျိုးရေး ပဋိပက္ခ များကို အစဖော်ပြီး ညီညွှတ်သည့် ပြည်ထောင်စုတစ်ခု တည်ဆောက်ရန် အကြံပြုခြင်းမတွေ့ရှိရပါ။

ပမညတ ဥက္ကဌ ဦးချစ်မောင်၏ဆွေးနွေးချက်တွင်
(A) ဖယ်ဒရယ် ဆိုသည်မှာ ပြည်ထောင်များ စိတ်တူ သဘောတူ တန်းတူရည်တူ ပူးပေါင်းခြင်း Voluntary Association ဖြစ်ပြီး ပြည်ထောင်စုစနစ် Federalism သည် Renaissance ပြုပြင်ပြောင်းလဲရေးခေတ်ကတည်းကပင် လက်တင် စကားမှ စတင်ပေါ်ပေါက်ခဲ့ပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန် အသိအမှတ်ပြုခြင်းကိုလည်းကောင်း Confederation ဆို သည်မှာ လွတ်လပ်သည့်နိုင်ငံများ ပေါင်းစည်းခြင်း (ဥပမာ အာဆီယံနိုင်ငံများ-စာရေးသူ) ဆိုသည်ကို ကွဲကွဲပြားပြား မသိ ရှိခြင်း

မြန်မာပြည်ကဲ့သို့ လူမျိုးစုံနေထိုင်သော Multination State နိုင်ငံမျိုးတွင် နိုင်ငံချမ်းသာရုံနှင့်မပြီး လူမျိုးတိုင်း၏ ကိုယ်ပိုင်အမှတ်လက္ခဏာ (National Identity) တန်းတူညီမျှဖွံ့ဖြိုးသည့် နိုင်ငံဖြစ်မှ ပြည့်စုံသည်ကို ကွဲကွဲပြားပြား ပိုင်း ခြားခြင်း မပြုနိုင်ကြောင်း တွေ့ရှိရသည်။

ထိုကဲ့သို့ ဖယ်ဒရယ်ကိစ္စ အမြင်အမျိုးမျိုးနှင့် ဆွေးနွေးနေကြစဉ် နေးရှင်း၊ အထောက်တော်၊ ဗမာ့ခေတ့် သတင်း စာကြီးသုံးစောင်မှ (ရှမ်းပြည်နယ်ကြီးခွဲထွက်တော့မည် – ပြည်ထောင်စုပြိုကွဲတော့မည်) ဆိုသည့် ကောလဟလ သတင်း တွေကို အစီအစဉ်ရှိရှိ ရေးသားထုတ်ဝေခဲ့သည်။ ဦးကျော်ငြိမ်းခေါင်းဆောင်သည့် တည်မြဲ ဖဆပလအသံသည် အကျယ် လောင်ဆုံး ဖြစ်ခဲ့သည်။ ဖယ်ဒရယ်အစည်းအဝေးကြီးလည်း ၁၉၆၂၊ မတ်လ ည ၉နာရီမှာ ရပ်နားပြီး နောက်နေ့ မတ်လ ၂ရက်နေ့သို့ ဆက်လက်ဆွေးနွေးရန် ချိန်းဆိုခဲ့သည်။

အစည်းအဝေးပြီးသည့် ညအချိန်တွင် ရှမ်းပြည်နယ်ဥက္ကဌ စဝ်ခွန်ချိုနှင့် ကယားပြည်နယ်ဥက္ကဌ စဝ်တဏ္ဏတို့နှစ် ဦး ဦးနုအိမ်သို့လိုက်သွားပြီး (ရှမ်းပြည်နယ် ပြည်ထောင်ကြီးထဲက ခွဲထွက်တော့မယ်) ဆိုတဲ့ ကောလဟလ သတင်းတွေနဲ့ ပတ်သက်ပြီး (ကျနော်တို့ ၁၉၄၈-၄၉ တိုင်းပြည်အခြေအနေ အဆိုးဆုံးကတောင် အခြေခံဥပဒေ အခန်း ၁၀ ခွဲထွက်ခွင့်ကို မတောင်းဆိုခဲ့ကြောင်း ရှမ်း၊ ကချင်၊ ချင်း၊ ကယား တပ်ရင်းရှစ်ရင်းနဲ့ ပြည်ထောင်စုကို ကိုးကွယ်ခဲ့ကြောင်း ရှင်းလင်းပြော ဆိုသည်။

(ရှမ်းပြည်နယ်ခွဲထွက်တော့မယ်) ဆိုတဲ့ ကောလဟလ သတင်းကို ရှင်းရှင်းလင်းလင်း မသိကြပေမဲ့ အကွက် ကောင်းစောင့်နေသူ ဗိုလ်ချုပ်ကြီးနေဝင်း တစ်ယောက်တော့ ရှိနေသည်။ ၁၉၅၈ခုတွင် ဗိုလ်ချုပ်ကြီးနေဝင်းမှ အာဏာ သိမ်းရန် ကြံစည်ခဲ့ရာ ဦးနုမှ အာဏာသိမ်းလျှင် ၁၉၄၇ခုနှစ် အခြေခံဥပဒေပျက်မည်။ တပ်မတော်လည်း နာမည်ပျက် မည်။ အာဏာကို အိမ်စောင့်အစိုးရအဖြစ် ၂နှစ်ခန့် မိမိမှလွှဲပေးပြီး ရွေးကောက်ပွဲပြန်လုပ်ရန် နှစ်ဦးသဘောတူခဲ့ကြ သည်။

အိမ်စောင့်အစိုးရကာလ ၁၉၅၉ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း အမိန့်ဖြင့် ဗိုလ်မှူးချုပ်အောင်ကြီးမှ ဆင့်ခေါ်သ ဖြင့် တောင်ကြီးမှ ရန်ကုန်သို့ လေယာဉ်ဖြင့် ရှမ်းပြည်နယ် ဒုဥက္ကဌ ပြည်ထဲရေးဝန်ကြီးဟောင်း မိုင်းရှူးစော်ဘွား စဝ်မာန်ဖ ရောက်ရှိခဲ့သည်။ ထိုမှတဆင့် အမှတ် ၁၀ ပြည်ထောင်စုရိပ်သာလမ်း (Helpen Avnue No.10) အိမ်တော်သို့ ရောက်ခဲ့သည်။ ည ၇နာရီခန့်တွင် ဂါးဒင်းယန်း သတင်းစာတိုက်ပိုင်ရှင် ဦးစိန်ဝင်း၏ ဘဲလ်အဲယား ဆလွန်းကားကို ဗိုလ် မှူးချုပ်အောင်ကြီးကိုယ်တိုင် မောင်းနှင်လာပြီး စားစရာ၊ သောက်စရာများနှင့်အတူ မယ်ဗမာမစိန်အေးနှင့် အဖော်တစ် ယောက် ပါလာသည်။

စားသောက်ပြီးကြသည့်အခါ ဗိုလ်မှူးချုပ်အောင်ကြီးမှ စဝ်မာန်ဖအား အခန်းတစ်ခုအတွင်းသို့ လက်တို့ခေါ် သွားပြီး ၎င်း၏ လက်ဆွဲသားရေအိပ်ထဲမှ စာရွက်တစ်ရွက်ကိုထုတ်ပြီး စဝ်မာန်ဖအား လက်မှတ်ထိုးရန် ပေးလိုက်သည်။ စာရွက်ပေါ်တွင် ရေးသားထားသည့်အကြောင်းမှာ (မြန်မာပြည်လွတ်လပ်ရေးရပြီး ဆယ်နှစ်ကျော်လျှင် ရှမ်းပြည်နယ် ပြည်ထောင်စုမှ ခွဲထွက်ခွင့်ရှိသည်ဟူသော ၁၉၄၇ အခြေခံဥပဒေ အခန်း ၁၀အား မိမိသဘောမတူကြောင်း လက်မှတ် ရေးထိုးခိုင်းခြင်း)ပင်ဖြစ်သည်။ ဆက်လက်၍ ဗိုလ်မှူးချုပ်အောင်ငြိမ်းမှ (စဉ်းစားပါ စော်ဘွားကြီး ခင်ဗျားကို အမေရိကန် ဒေါ်လာ တစ်သန်းပေးမယ်။ ကြိုက်တဲ့နိုင်ငံသွားနေခွင့်လည်း ပေးမယ်။ ဂျပန်ပြည်က ဂေရှားမယ်လေးတွေနဲ့ အတူတူ မနေချင်ဘူးလား)ဟု သိမ်းသွင်းချော့မြူလေသည်။ စဝ်မာန်ဖက စဝ်ဟုမ်ဖ သဘောကော ဘယ်လိုရှိသလဲ သူက ဥက္ကဌ (Head of state) ကျနော်က ဒုဥက္ကဌပါဗျား။ ပြန်ပြောလိုက်ရာ ဗိုလ်အောင်ကြီးက “သိန္နီစော်ဘွားကြီးက နိုင်ငံရေး သိပ် မကျွမ်းလို့ ခင်ဗျားကို အစစအရာရာ လွှဲပေးပြီးသားပဲ။ လက်မှတ်သာထိုးလိုက်ပါ။ ခင်ဗျားဘဝရဲ့ ရှေ့အားလုံး အဆင်ပြေ သွားမည်”ဟု ဆိုပြန်ရာ စဝ်မာန်ဖက “မူးနေတဲ့အချိန်မှာ လက်မှတ်ထိုးတာ တန်ဖိုးမရှိပါဘူး။ နောက်မှ သပ်သပ်ဆွေးနွေး ကြတာပေါ့”ဟု လိမ္မာပါးနပ်စွာ ပြောလိုက်သည်။

ထိုစဉ် ဗိုလ်မှူးချုပ်အောင်ကြီးက စဝ်မာန်ဖ၏ မျက်လုံးကို သေသေ ချာချာ စူးစိုက်ကြည့်လိုက်ပြီး “ကောင်းပြီး ကျနော်ပြန်လိုက်ဦးမယ်။ ကျနော့်ဧည့်သည်များကိုတော့ ထားခဲ့မယ်။ ကောင်းသောညနေခင်းပါ။”ဟု နုတ်ဆက်ထွက်ခွာ သွားခဲ့လေသည်။ ဤသို့ဖြင့် မိုင်းရှူးစော်ဘွား စဝ်မာန်ဖ၊ သီပေါစော်ဘွား စဝ်ကြာဆိုင်တို့နှစ်ဦးအား ဗိုလ်ချုပ်နေဝင်း အစီ အစဉ်ဖြင့် လက်မှတ်ထိုးခိုင်းပြီး မအောင်မြင်သည့်ကိစ္စကို ဗိုလ်ချုပ်နေဝင်း သည် ၁၉၆၂ခု၊ မတ်လ ၂ရက် ညသန်းခေါင်ယံ တပ်မတော်ကပွဲရုံမှာ ချစ်ကြည်ရေးလာရောက် ကပြဖျော်ဖြေသည့် တရုတ်ယဉ်ကျေးမှုအဖွဲ့ကို အိေြန္ဒမပျက် ကြည့်ရှု ရင်း စဉ်းစားနေသည်။ ဖျော်ဖြေမှုအပြီး ညသန်းခေါင်ယံ တရုတ်ယဉ်ကျေးမှုအဖွဲ့ကိုလည်း စင်ပေါ်တက်ရောက် လက်ဆွဲ နုတ်ဆက်ရင်း ဓါတ်ပုံများပါ အတူတူ တွဲရိုက်ခဲ့သည်။

သို့သော် ဗိုလ်ချုပ်ကြီးနေဝင်း စီစဉ်ထားသည့် အာဏာသိမ်းတပ်ဖွဲ့ဝင်များသည် မဂလာဒုံလေယာဉ်ကွင်းရှိ ဆက်သွယ်ရေးစခန်း၊ အသံလွှင့်ရုံ၊ ကြေးနန်းဌာန၊ ပါလီမန်အဆောက်အဦး၊ ရဲမင်းကြီးရုံး၊ စစ်ရဲတပ်၊ ပြည်ထောင်စုဘဏ် စသည့် အရေးကြီးနေရာအားလုံးကို သိမ်းပိုက်နေရာယူထားလိုက်သည်။ ဝန်ကြီးများနေထိုင်ရာ ဝင်ဒါမီယာ၊ ရွှေတောင် ကြားလမ်း၊ ပြည်ထောင်စုလမ်းသွယ်ရှိ ဝန်ကြီးချုပ်အိမ် ကုက္ကိုင်းလမ်းနှင့် ကွတ္တလစ်လမ်းထောင့်ရှိ နိုင်ငံတော်သမ္မတ ဟောင်း စဝ်ရွှေသိုက်အိမ်၊ ကမ္ဘာအေးဘုရားလမ်းရှိ တရားရေးဝန်ကြီး ဦးမြင့်သိန်းအိမ်၊ အပါအဝင် အရေးကြီးပုဂ္ဂိုလ် နေထိုင်ရာ လမ်း၊ ရပ်ကွက်၊ အိမ်အားလုံးကို ဝိုင်းရံထားပြီး စာရင်းပါသူအားလုံးကို တစ်ယောက်မကျန် ဖမ်းဆီးနိုင်ခဲ့ သည်။ သမ္မတဟောင်း စဝ်ရွှေသိုက်အိမ်ကို ဝင်ရောက်ဖမ်းဆီးရာတွင် အပြန်အလှန်ပစ်ခတ်မှုကြောင့် သမ္မတဟောင်း စဝ်ရွှေသိုက်၏သားငယ် ၈တန်းကျောင်းသား စဝ်မီမီသိုက် ကျည်ဆံထိမှန် သေဆုံးခဲ့သည်။

အာဏာမသိမ်းမီတစ်ရက်အလို သီပေါစော်ဘွားစဝ်ကြာဆိုင်သည် ပါလီမန်အစည်းအဝေးတက်နေစဉ် မကျန်းမ မာဖြစ်နေသည့် အစ်မတော်ရှိရာ တောင်ကြီးသို့ ရောက်နေခဲ့သည်။ မတ်လ ၂ရက်၊ နံနက် သီပေါသို့ပြန်ရန် ဟဲဟိုးလေ ဆိပ်သို့အသွား တောင်ကြီးမြို့မှအထွက် အာဏာသိမ်းတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ယနေ့တိုင် အစအနပင် မပေါ်ခဲ့ပြီ။ အာဏာသိမ်းစစ်တပ်မှာလည်း ၎င်းတို့ဖမ်းဆီးထားခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။ (သို့သော် လုံခြုံရေးအစောင့် ကချင် စစ်သားတစ်ဦး၏ အကူအညီဖြင့် အဖမ်းဆီးခံရသူ စဝ်ကြာဆိုင်မှ ဇနီး စော်ဘွားကတော် စဝ်သုစန္ဒီ(ခ)အင်ဂျီထံသို့ ပေးပို့ နိုင်ခဲ့သည့် စာနှစ်စောင်သည် စော်ဘွားကြီး ဗထူးမြို့၊ စစ်တပ်အချုပ်ခန်းတွင် အချုပ်ခံနေရကြောင်း အထောက်အထား ဖြင့် စဝ်သုစန္နီထံတွင် ယနေ့တိုင်ပင် ရှိနေသည်။ – စာရေးသူ)

အဖမ်းမခံရဘဲ လွတ်မြောက်သွားသည့် ပုဂ္ဂိုလ်နှစ်ဦးမှာ ငပလီရောက်နေသည့် ဗိုလ်မှူးအောင်နှင့် မြစ်ကြီးနား ခရိုင် ဘိုးဘွားဇာတိရွာရောက်နေသည့် နောင်သမ္မတအဖြစ် လျာထားခံရသည့် ဆမားဒူးဝါဆင်ဝါးနောင် ဖြစ်သည်။

မန်းဘဆိုင်၊ စဝ်ခွန်ကြည်၊ ဦးဘစော၊ ဦးဘမြိုင်၊ ဒေါက်တာစောလှထွန်း၊ ဦးဇာရဲလျှံတို့ကို ရန်ကုန်ပြန်ခေါ်သွား ပြီး ဒဂုံရိပ်သာတွင် ဗိုလ်ချုပ်ကြီးနေဝင်းက မှားယွင်းဖမ်းဆီးကြောင်းပြောပြီး ပြန်လွှတ်ခဲ့သည်။

တည်မြဲ ဖဆပလခေါင်းဆောင်များဖြစ်သော ဦးဘဆွေ၊ ဦးကျော်ငြိမ်း၊ သခင်လွင်၊ သခင်ကျော်ထွန်း၊ သခင်ပန်း မြိုင် ပမညတ ဥက္ကဌ ဦးချစ်မောင်တို့ကို ဖမ်းဆီးခြင်း မပြုခဲ့ပါ။
အာဏာသိမ်းမှု အထစ်အငေါ့မရှိ အောင်မြင်သွားပြီးနောက် ၁၉၆၂ခု မတ်လ ၂ရက်နေ့၊ နံနက် ၈နာရီ ၂၅မိနစ် မြန်မာ့အသံတွင် ဗိုလ်ချုပ်ကြီးနေဝင်းမှ နိုင်ငံတော်အာဏာကို ဗမာ့တပ်မတော်မှ တာဝန်ယူစောင့်ရှောက်လိုက်ကြောင်း ကြေငြာသံထွက်ပေါ်လာခဲ့သည်။ ၁၉၄၇ခုနှစ် အခြေခံဥပဒေနှင့် ပါလီမန် ဒီမိုကရေစီခေတ်လည်း နိဌိတံ သွားခဲ့သလို နယ်ချဲ့လက်အောက်က လွတ်မြောက်ပြီး လွတ်လပ်ရေးရသည့်အခါ အခြေခံဥပဒေအခန်း ၁၁ပါ ပြင်ဆင်ခွင့် ကတိက ဝတ်အား ညှိနှိုင်းဖြေရှင်းခြင်းဖြင့် တိုင်းရင်းသားအချင်းချင်း မဖြစ်နိုင်စရာမရှိဟု မျှော်လင့်ခဲ့သည့် တိုင်းရင်သားများ၏ (ပြည်ထောင်စုစစ်စစ်) အလင်းရောင်သည်လည်း (မွန်းမတည့်မီ နေဝင်သွားခဲ့လေသည်)။

ဒဿန (မြစ်ဝကျွန်းပေါ်)
ကျမ်းကိုးဆင့်
၁။ မောင်စင်ကြယ်
လူမျိုးစု ပြည်သူတွေရဲ့ ရင်ထဲကပင်လုံ
၂။ ဝင်းတင့်ထွန်း
အမှောင်ကြားက ဗမာပြည်
၃။ ဓမ္မအလင်းအိမ်စာပေ
ပင်လုံကတိကဝတ်များ
၄။ Burma Democracy
Naing Soe’s Facebook