Home သတင်း နိပွန်ဖောင်ဒေးရှင်းပေးသော ဆန်အိတ် ၈၀၀ ကို DKBA အဖွဲ့မှတဆင့် ဝေါလေဒေသစစ်ဘေးရှောင်ရွာ ၉ ရွာအား ဖြန့်ဝေပေးခဲ့

နိပွန်ဖောင်ဒေးရှင်းပေးသော ဆန်အိတ် ၈၀၀ ကို DKBA အဖွဲ့မှတဆင့် ဝေါလေဒေသစစ်ဘေးရှောင်ရွာ ၉ ရွာအား ဖြန့်ဝေပေးခဲ့

297
Photo: CJ

ဩဂုတ်လ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြ၀တီတောင်ဘက် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA ဗဟိုဌာနချုပ် ဆုံဆည်းမြိုင်ကျေးရွာသို့ နိပွန်ဖောင်ဒေးရှင်းမှပေးပို့လာသည့် ဆန်အိတ် ၈၀၀ကို စစ်ဘေးရှောင်နေရသည့် ကျေးရွာ ၉ ရွာမှ တာ၀န်ခံ များအား ဆင့်ခေါ်၍ သြဂုတ် ၁၃ ရက်က ဆန်အိတ်များ ဖြန့်ဝေထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

ဂျပန်အစိုးရ၏ နိပွန်ဖောင်ဒေးရှင်းမှ ပေးသော ဆန်အိတ်များအား ၎င်းတို့နယ်မြေအတွင်းရှိ ဆုံဆည်းမြိုင်၊ လေးဝေါ်၊ ဝါ့မီထာ့၊ ရွှေအေးမြိုင် ၊ ဥကရစ်ထ၊ ထီးသဲလယ်၊ ဝေါလေ၊ ဥဖို့ထာ့၊ လယ့်ဟော် စသည့်ကျေးရွာများမှ စစ်ရှောင်နေရသည့် အိမ်ထောင် ၁,၉၅၄ စုမှ လူဦးရေ ၇,၉၀၂ ဦးကို ဖြန့်ဝေပေးခြင်းဖြစ်သည်ဟု DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းက ကေအိုင်စီသို့ ပြောသည်။

ဗိုလ်မှူးကြီး စောစိန်ဝင်းက ” နိပွန်ဖောင်ဒေးရှင်းက ထောက်ပံ့တာကို ပြည်သူတွေကို ကျနော်တို့ ပြန်ထောက်ဝေပေးတာပေါ့နော်။ အိမ်ထောင်စု ၁၉၅၄ စု အတွက်ရတဲ့ ဆန်အိတ် ၈၀၀ ကို အကုန်ပြန်ပေးပါတယ်။ ” ဟု ပြောသည်။

အဆိုပါ ဆန်အိတ်ထောက်ပံ့မှုမှာ အိမ်ထောင်စုအချို့သာ ဖြန့်ဝေပေးနိုင်သည့်အခြေအနေကြောင့် လုံလောက်မှုမရှိ သေးဘဲ ဆန်ရိက္ခာမရရှိသည့် စစ်ရှောင်မိသားစုများကျန်ရှိနေသေးကြောင်း ဒေသခံ စစ်ဘေးရှောင်များကို ကိုယ်စားပြုဆန်ရိက္ခာ သွားရောက်ထုတ်ယူခဲ့သူ ဝေါလေရပ်ကွက် ဦးဆောင်သူက ယခုလို ပြောသည်။

” ကျေးရွာအစု အဖွဲ့ခေါင်းဆောင်ကို စုခေါ်လိုက်ပြီးတော့ သြဂုတ် ၁၄ ရက်က ကျေးရွာအိမ်ထောင်စုအလိုက် ပျမ်းမျှတစ်အိမ်ထောင် လူ ၃ ယောက်နှုန်းလောက်နဲ့တွက်ပြီး ၊ ဆန်အိတ်တွေ ဝေခွဲပေးလိုက်တယ်။ တချို့တော့မရ ကြဘူးဖြစ်တယ်၊ စစ်ဘေးရှောင်နေရတာက လူ ၈,၀၀၀ ထောင်လောက်ရှိနေရာမှာ အခုက ၂,၄၀၀ ကျော် စာလောက်တော့ရသွားတယ်။ “ဟု သူက ပြောသည်။

၎င်းအပေါ် ဗိုလ်မှူးကြီး စောစိန်ဝင်းက “ဒါအရင်က ကျနော်တို့ တင်ပြခဲ့သလိုဆိုရင် ကျနော်တို့ အဖွဲ့အစည်း အတွက် သူတို့လာပေးမှာက ၃ ကြိမ်လာပေးမယ်ပေါ့နော်။ အားလုံးဆန်အိတ်ပေါင်း ၂၀၀၀၊ ၃ ရစ်ခွဲပြီး ပေးမယ်ပေါ့နော်။ ဒါက ပထမဆုံး အကြိမ်ဖြစ်တယ်ပေါ့နော်။ နောက်ထပ်ရရင် အခြားလိုအပ်တဲ့နေရာမှာ ပေးသွားမယ်ပေါ့နော်။ အမှန်က စစ်ရှောင်တွေ မရှိခင်ကတည်းက ရှိထားတဲ့အစီအစဉ်ဖြစ်ပါတယ်။ ဆန်အိတ်လည်းရောက်တော့ တိုက်ဆိုင်သွားတဲ့အခါ ဒုက္ခသည်တွေကို ပေးလိုက်တယ်ပေါ့နော်။ “ဟု ဆက်ပြောသည်။

Photo: CJ

စစ်ကောင်စီတပ်များ ဖလူး-ဝေါလေလမ်းပိုင်းအား နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးလုပ်ဆောင်နေမှုကြောင့် KNU-ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ ၆ ဒေသအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များ၊ KTLA -ကော်သူးလေတပ်မတော်ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေ သည့်အ တွက် လယ့်ဟော်၊ အူဟူးထ၊ ဝေါလေ၊ ထီးသဲလယ်၊ ဥကရစ်ထ၊ ရွှေအေးမြိုင်၊ ဝါးမီထ၊ တောင်နီ၊ ဆုံဆည်းမြိုင် စသည့်ကျေးရွာ ၉ မှ ဒေသခံစစ်ဘေးရှောင်နေရသူ အိမ်ထောင်စု ၂၀၀၀ ကျော်တွင် လူဦးရေ ၈,၀၀၀ ၀န်းကျင်ခန့်ရှိနေသည်။ ထို့အတူ ဝေါလေဒေသဧရိယာ ရပ်ကွက်များဘက်တွင်လည်း စစ်ဘေးရှောင် နေရသူ မိသားစု ၆၃၀ စုရှိပြီး ယခုအချိန် နေရာမပြန်နိုင်သေးကြကြောင်း သိရှိရသည်။

“တိုက်ပွဲက ရပ်နေပေမယ့် စစ်ကြောင်းတွေက သွားလာနေတာဆိုတော့ အချိန်မရွေးနေရာမရွေး ပြန်ဖြစ်နိုင်သေးတယ်၊ လက်နက်ကြီးက တစ်ခါတစ်လေ ပစ်ထုတ်နေတုန်းဆိုတော့ ကိုယ့်နေရပ်ကိုယ်ပြန် ဖို့ စိတ်တော့မချရသေးဘူး”ဟု အထက်ပါ ဒေသခံစစ်ဘေးရှောင်များအတွက် ကိုယ်စားပြုဆန်ရိက္ခာ သွားရောက်ထုတ်ယူခဲ့သူ ဝေါလေရပ်ကွက် ဦးဆောင်သူက ဆက်ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် ဆန်ရိက္ခာ ဖြန့်ဝေမှုလုပ်ဆောင်ရာတွင် စစ်ကောင်စီတပ်နှင့် KTLA တပ်များ နှစ်ဖက်စစ်ရေးတင်းမာနေသည့် လမ်းပိုင်းနေရာတွင်ရှိသည့် ဥကရစ်ထ စစ်ကောင်စီတပ်စခန်းမှ ဒေသခံဆန်ရိက္ခာ လာရောက်ထုတ်ယူကြသည့် ရွာသားကားများအား ဖြတ်သန်းသွားလာခွင့် ပိတ်ပင်တားမြစ်ထားသည့် အခြေအနေ ကြုံတွေ့ကြရသည့်အတွက် DKBA တပ်ဖွဲ့ဝေါလေဒေသ တာ၀န်ရှိသူများမှ ဒေသခံဆန်တင်သည့်ကားများ ဖြတ်သန်းသွားလာခွင့်ပြုရန် နှစ်ကြိမ်သွားရောက် ညှိနှိုင်းပြောဆိုမှသာ ဆန်သယ်ယူခွင့်ရခဲ့သည်ဟု သိရသည်။

ကေအဲန်ယူ ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ နယ်မြေ၊ မြဝတီတောင်ဘက် ဒေါနအရှေ့ခြမ်း စစ်ရှောင်နေရသူများအပါအဝင် ကေအဲန်ယူ နယ်မြေအတွင်း စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း ၃၅၆,၆၇၄ ဦးအထိရှိလာသည်ဟု ဩဂုတ်လ ၁၆ ရက်နေ့တွင် ကေအဲန်ယူက ထုတ်ပြန်ထားသည်။