ဇူလိုင်လ ၁၄ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့ပေါ်တွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီများသည် ဇူလိုင်လ ၁၃ရက်၊ ယမန်နေ့က မြို့ပြင်ရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ရွာခံပြည်သူများမှာ စိုးရိမ်ထိတ်လန့်နေကြ သည်။
ယမန်နေ့၊ နေ့လည် ၁၂း၂၀နာရီအချိန်တွင် အမှတ် (၃)ရပ်ကွက်၊ ကော့ကရိတ်အခြေစိုက် ခလရ(၉၇)နှင့် အမှတ် (၁)ရပ် ကွက် ချောင်းတောင်အထက်တန်းကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ပြင်ကျေးရွာများ ဘက်သို့ လက်နက်ကြီးဖြင့် ၇လုံး ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ဒီလိုရမ်းပစ်တာ ကျနော်တို့ ပိုကြောက်ရတာပေါ့။ တိုက်ပွဲဖြစ်တာမဟုတ်တော့ ရှောင်ဖို့ သတိမရှိဘူး။ သူတို့ပစ်တဲ့ ကျည်တွေ ကျနော်တို့နေတဲ့ရွာမှာကျရင် အချိန်မရွေး ထိပြီးသေနိုင်တယ်။”ဟု ကော့နွဲရွာသားတစ်ဦးက ပြောသည်။
ယင်းစစ်ကောင်စီများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များမှာ ကော့ကရိတ်မြို့ တောင်ဘက်ရှိ ရွာသစ်ကုန်း၊ အံကလော်၊ ကော့နွဲကျေးရွာ အနီးအနားတစ်ဝိုက်နှင့် လယ်ကွင်းများထဲသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ပျိုးစပါးပင် အချို့ ပျက်စီးမှုရှိခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ထိုဒေသရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များသည် မည်သည့်အတွက်ကြောင့် ယင်းသို့ လက်နက်ကြီးများ ရမ်း သမ်းပစ်ခတ်ကြောင်းကို မသိရသော်လည်း ညဘက်လူအိပ်ချိန်တွင် ထပ်မံ ပစ်ခတ်လာမည်ကိုလည်း စိုးရိမ်ရကြောင်း အခြားရွာသားတစ်ဦးက ပြောသည်။
ကော့ကရိတ်မြို့၊ ချောင်းတောင် အထက်တန်းကျောင်းတွင် စစ်ကောင်စီများသည် ယခုနှစ်၊ ဇူလိုင်လ ၁ရက်နေ့မှစ၍ လာရောက်တပ်စွဲနေခြင်းဖြစ်ပြီး ကျောင်းဝင်းထဲမှ လက်နက်ကြီးများ ပစ်ခတ်နေခြင်းကြောင့် ကျောင်းသူ/သားများကို ကျောင်းဆင်းချိန်မတိုင်မှီ မိဘ/အုပ်ထိန်းသူများအား လာရောက်ကြိုခိုင်းကာ အိမ်ပြန်ခွင့်ပေးခဲ့လိုက်သည်ဟု သိရသည်။
ထိုနေ့ညနက်သန်းခေါင်ကျော် ဇူလိုင်လ ၁၄ရက် မနက် ၁နာရီခန့်တွင်လည်း တာလပတ်အပြည့် အုပ်မိုးထားသည့် စစ် ကောင်စီ၏ တပ်ကား ၉စီးမှာ ကော့ကရိတ်မှ မြ၀တီသို့မောင်းနှင်သွားကြောင်းကို မြင်တွေ့ကြားသိခဲ့ရသူများထံမှ သိရ သည်။




















