ဇူလိုင်လ ၁၃ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ယခုရက် ပိုင်းအတွင်း မြို့တွင်းမြို့ပြင် ပတ်ကင်းနှင့် လှည့်ကင်းများ ပိုမိုလုပ်ဆောင်လာပြီး ဘုရားကုန်းများပေါ်တွင် ကင်းစခန်း ချကာ လုံခြုံရေး တိုးချဲ့လုပ်ဆောင်လာနေကြောင်း မြို့ခံပြည်သူများက ပြောသည်။
မြဝတီမြို့တွင်းရှိ မြေနီကုန်း၊ ကုန်သွယ်ရေးဇုန်၊ ဖားချောင်း၊ ရွာသစ် စသည့်နေရာများတွင် လုံခြုံရေးကင်းများတင်းကြပ် စွာချထားပြီး စစ်ကောင်စီတပ်များနှင့် (BGF)ပူးပေါင်းတပ်ဖွဲ့များက နေ့စဉ်မနက်တိုင်းလိုလို မြို့တွင်းမြို့ပြင်၌ ပတ်ကင်း လှည့််ကင်းများ အရင်လထက် ပိုမိုလုပ်ဆောင်လာသဖြင့် မြို့တွင်း ထိုးစစ်ဆင်မှုများ ရှိလာမည်ကို မြို့ခံများက စိုးရိမ်နေ ကြသည်။
မျက်မြင်တွေ့ရှိသူ မြို့ခံတစ်ဦးက “မြို့အနှံ့ပဲ ပတ်နေတာ။ လမ်းမှာတော့ ကားတွေအများကြီးပဲ သွားနေကြတယ်။ မနက်တိုင်း ကားတွေ ၆စီး၊ ၇စီးလောက် ရှိတယ်။ ပုံမှန်က ဓိဌာန်အောင်လမ်းကနေ သွားသွားကြတာ။ BGF နဲ့ စစ်တပ် တွေက အင်အားတိုးနေတာပဲဖြစ်မယ်။ အူးကရိထဘက်မှာ တိုက်ပွဲဖြစ်နေတော့ အဲ့ဒီဘက်ကို စစ်ကူပို့တာလည်းပါမယ်။ ကင်းစခန်းချထားတယ်။ သူတို့က အောင်မြေရွှေဘို ဘုရားကုန်းဘက်ရယ် ကျောက်လုံးကြီးဘက်မှာ ကင်းစခန်းချထား တယ်လေ။ မြေနီကုန်း၊ ကုန်သွယ်ရေးဇုန်၊ ဖားချောင်း၊ ရွာသစ်၊ ညီနောင်အထိ ပတ်နေတာ။ စမတ်တောင်ဘုရားကုန်း မှာရောပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။
ဝေါလေလမ်းတစ်လျှောက်တွင်လည်း ယခုရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲမှာ အရှိန်အဟုန်က ပြင်းထန်နေပြီး မြို့အ တွင်းသို့ ဝင်ရောက်တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြသည်။ ထို့အပြင် အမှတ် (၄)ရပ်ကွက်ရှိ အောင်မြေရွှေဘို ဘုရား ကုန်းနှင့် ဓိဌာန်အောင်ဘုရားကုန်းတို့တွင် ကင်းစခန်းချတပ်စွဲထားကာ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည့် လေးကေ့ကော်၊ ဝေါလေ၊ ဖလူးဒေသများတွင် စစ်ကောင်စီတပ်များက ၎င်းတို့တပ်စွဲထားသည့်နေရာများမှ လက်နက် ကြီးများဖြင့် ကူပစ်ပေးလေ့ရှိသည်။
ကော့ကရိတ်မြို့တွင်းမြို့ပြင် လုံခြုံရေး တင်းကြပ်လာမှု အခြေအနေများကြောင့် မြို့ခံများအနေဖြင့် မြို့တွင်း တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြပြီး နေ့စဉ် လက်နက်ကြီးပစ်သံ ကြားနေရသောကြောင့် တိုက်ပွဲသည် မြို့တွင်းသို့ ပိုမို နီးကပ်လာသလို ခံစားရကြောင်း မြို့ခံတစ်ဦးက ယခုလို ပြောသည်။
“စစ်ကားတွေပတ်နေတာဆိုတော့လေ နေရတာစိတ်ကမလုံဘူး။ ဘာဖြစ်ဦးမလဲလို့ စိတ်ပူနေရတာပေါ့။ အိမ်မှာက ကလေးတွေလည်း ရှိတယ်။ အဖေကလည်း ကျန်းမာရေးမကောင်းတော့ တစ်ခုခုဆိုရင် ပြေးရလွှားရဖို့ကလည်း မလွယ် ဘူးလေ။ မြို့ပြင်ဘက်တွေမှာဆိုလည်း အလုံးကြီးသံတွေ ရော လေယာဉ်လာပစ်တာရော တစ်ခါတစ်လေဆို သေနတ် သံတွေပါကြားရတော့ အခုမြို့ထဲဘက်ကို ပိုနီးလာမလားလို့ ကြောက်နေရတာ။ တကယ်တမ်းဖြစ်ကြပြီးဆိုရင် ဒီကလေးတွေ လူကြီးတွေနဲ့ ဘယ်ပြေးရမှန်းမသိဘူး။ ကြောက်ကြောက်နဲ့ အပြင်လည်း ထွက်မရဲဘူး။”ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၉ရက်နေ့ကလည်း မြဝတီမြို့၊ အမှတ် (၄)ရပ်ကွက်၊ အောင်မြေရွှေဘုံရပ်ကွက်၊ မချောလေးတောင် ကုန်းနေရာတွင် တပ်စွဲထားသည့် စစ်ကောင်စီ၊ BGF နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သေးပြီး မြို့ခံလူထုတချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။



















