Home သတင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများတာဝန်မှနှုတ်ထွက်ရန်အပါအဝင် ညွှန်ကြားချက် (၇)ချက် ကေအဲန်ယူ ဆောထိမြို့နယ် ထုတ်ပြန်

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများတာဝန်မှနှုတ်ထွက်ရန်အပါအဝင် ညွှန်ကြားချက် (၇)ချက် ကေအဲန်ယူ ဆောထိမြို့နယ် ထုတ်ပြန်

878
ဇူလိုင် ၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
 
အာဏာသိမ်းစစ်ကောင်စီမှ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာလူကြီးများအားလုံး တာဝန်မှ နှုတ်ထွက်ပေးရန်အပါအဝင် ပြည်သူများ လိုက်နာရမည့် ညွှန်ကြားချက် ၇ ချက်ကို ကေအဲန်ယူ -ကရင်အမျိုးသား အစည်းအရုံး ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်( ရွှေကျင်မြို့နယ်)က ဇွန်လ ၂၉ ရက်နေ့စွဲဖြင့် အသိပေးကြေ ညာချက် ထုတ်ပြန်လိုက်သည်။
 
“ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဆောထိမြို့နယ်သည် နိုင်ငံတော် အာဏာအား မတရား သိမ်းပိုက်ထားသည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များအား ရှုတ်ချသကဲ့သို့၊ အကြမ်းဖက်စစ်ကောင်စီမှ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးအား လက်မခံပါ။ သို့ပါ၍ အကြမ်းဖက်စစ်ကောင်စီမှ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာလူကြီးများ အားလုံး မိမိတို့၏ တာဝန်မှ နှုတ်ထွက်ရမည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
 
ထို့အပြင် ကေအဲန်ယူ ဆောထိမြို့နယ်၏ စီမံအုပ်ချုပ်မှုနယ်မြေများအတွင်း ဆောင်ရွက်လိုသည့် မည်သည့် ကိစ္စကိုမဆို သက်ဆိုင်ရာမြို့နယ် ခွင့်ပြုချက်ကို ရယူပြီး သက်ဆိုင်ရာမှ သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကိစ္စများနှင့် စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများအား ဆောင်ရွက်လုပ်ကိုင်လိုပါက ဆောထိမြို့နယ်သို့ တရားဝင် တင်ပြတောင်းခံပြီး ခွင့်ပြုချက်ရမှသာလျှင် လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
ဆက်လက်၍ ဒေသခံ ပြည်သူလူထုများသည် မိမိတို့ ပိုင်ဆိုင်မှုမှန်သမျှကို တရားဝင် အသိအမှတ်ပြုနိုင်ရန်အတွက် ကေအဲန်ယူ ဆောထိမြို့နယ်ရုံးတွင် တရားဝင် စာရင်းသွင်းမှတ်ပုံတင်ရမည်ဖြစ်သလို မြေယာ၊ သစ်တော၊ ရေလုပ်ငန်း နှင့် သဘာဝသယံဇာတများအား ဆောင်ရွက်လုပ်ကိုင်လိုပါက ကေအဲန်ယူ ဆောထိမြို့နယ်နှင့် သက်ဆိုင်ရာ ဌာနများ၏ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းနှင့်အညီ ဝင်ရောက်လုပ်ကိုင်ဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြပါရှိသည်။
 
ထို့အတူ ဆောထိမြို့နယ်၏ စီမံအုပ်ချုပ်မှုနယ်မြေအတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစား များလုံးဝမပြုလုပ်ရန်နှင့် အများပြည်သူများ လက်ရှိရင်ဆိုင်နေရသည့် Covid-19 ကမ္ဘာ့ကပ်ရောဂါပျံ့ပွားမှု ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ဆောထိမြို့နယ် ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန၏ လမ်းညွှန်မှုအတိုင်း လိုက်ဆောင်ရွက်ရန်ကိုလည်း ကေအဲန်ယူ ဆောထိမြို့နယ်က ညွှန်ကြားထားသည်။
 
အဆိုပါ ညွှန်ကြားချက်များကို ပြည်သူလူထု တစ်ရပ်လုံး တိကျစွာလိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်ပါက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ချမှတ်ထားသော စည်းမျဉ်းဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဟုလည်း ကေအဲန်ယူ ဆောထိမြို့နယ်က ပြောဆိုထားသည်။