Home သတင်း ကျေးရွာထဲသို့ စစ်ကောင်စီတပ် ထပ်မံဗုံးကြဲချသဖြင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

ကျေးရွာထဲသို့ စစ်ကောင်စီတပ် ထပ်မံဗုံးကြဲချသဖြင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

210
ဇူလိုင် ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
 
မြဝတီတောင်ဘက် သေ့ဘောဘိုး-ဆုံဆည်းမြိုင် လမ်းကြောင်းပေါ်ရှိ ဆက်သွယ်ထားသော တံတားအနီးတွင် ယနေ့ ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲချမှုကြောင့် အရပ်သား ၃ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
 
ဒေသခံ အမျိုးသမီးတစ်ဦးက ” မွန်းလွဲ ၂ နာရီလောက်မှာ ကြဲချတာ ရွာသား ၃ ဦးထိပြန်ပြီ။ အမျိုးသမီး ၁ ဦးနဲ့ ကလေး ၂ ဦးထိမှန်တယ်။ ပြည်သူတွေကတော့ လန့်ဖြန့်ကုန်ကြပြီ”ဟု ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။
 
ထို့အပြင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်လာသည့်အတွက် လက်ရှိအချိန်တွင် ထိုဒေသရှိ ဒေသခံများသည် ရွာထဲ၌ မနေထိုင်ရဲကြတော့၍ ထိုင်းဘက်ခြမ်း ပြောင်းခင်းတဲများတွင် ဝင်ရောက်တိမ်းရှောင်နေကြသူများရှိသလို အချို့မှာ သောင်ရင်းမြစ်ကမ်းနံဘေးတွင် လာရောက်ခိုလှုံနေကြရသည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။
 
ယမန်နေ့ ည ၇ နာရီခန့်တွင်လည်း စစ်ကောင်စီတပ်က သေ့ဘောဘိုးကျေးရွာထဲသို့ လေကြောင်းဖြင့် လာရောက်ဗုံးကြဲချမှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သေးသည်။
 
ဧပြီလ ၂၆ ရက်နေ့တွင် စတင်သည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) ပူးပေါင်းတပ်တို့ စစ်ကောင်စီ ဥကရစ်ထ စစ်ဆင်ရေးခြေကုပ်စခန်းသိမ်းတိုက်ပွဲမှာ ယနေ့မွန်းလွဲပိုင်းအချိန် နှစ်ဘက် ထိတွေ့တိုက်ပွဲများမရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
 
သို့သော်လည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ထိုသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာတွင် ဒေသခံရွာသားများနေရာကျေးရွာကိုပါ ဗုံးကြဲတိုက်ခိုက်သည့်အတွက် ယခုဆိုလျှင် သံဃာတော် နှစ်ပါးအပါအဝင် အရပ်သား ၅ ဦး ကျည်ထိမှန် အသက်သေဆုံးခဲ့ရပြီးဟု စစ်ရှောင်ကူညီဆောင်ရွက်သူများက ပြောသည်။