ဇွန်လ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြ၀တီမြို့ စျေးကြီးလမ်းမနှင့် မွန်ကျောင်းလမ်းသွယ် လမ်းထောင့်နေရာတွင်ရှိသော မြ၀တီမြို့ ကြံ့ခိုင်ရေးပါတီရုံး ခြံစည်းရိုးဘေးတွင် ဇွန်လ ၁၁ ရက်၊ ည ၁၀ နာရီ ၂၅ မိနစ်ခန့်က ဖျက်အားပြင်း ဗုံးပေါက်ကွဲ မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဗုံးပေါက်ကွဲ မှုတွင် လူထိခိုက်မှုတစ်စုံတစ်ရာမရှိသော်လည်း လမ်းဘေးဝဲယာ ဆိုင်ခန်းများနှင့်ခြံစည်းရိုး ပျက်စီးမှုများရှိခဲ့ကြောင်း မြို့ခံများ ပြောစကားအရ သိရသည်။
“ညက ၁၀နာရီကျော်မှာ အသံအကျယ်ကြီး ကြားရတယ်၊ အိမ်တွေတုန်ခါသွားတယ်၊ လမ်းမထွက်ကြည့်တော့ မြ၀တီစျေးကြီးစျေးကုန်နားက မီးခိုးတွေ ထွက်နေတာ တွေ့တယ်၊ အရင်တစ်ခါက အမှတ် ၁ တံတား ဗုံးပေါက် တုန်းကလိုပဲပေါက်ကွဲမှုက ပြင်းထန်တယ်၊ သွားလည်းမကြည့် ရဲဘူး ၊ ရဲတွေ တပ်တွေ BGF တွေတော့ အဲ့ဘက်ကို ကားတွေ နဲ့ ရောက်လာတာတွေ့တယ်၊ အခုမနက်တော့ စည်ပင်အဖွဲ့တွေ ပျက်စီးတာတွေ ရှင်းလင်းနေတယ်” ဟု မြ၀တီမြို့ခံ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
မြ၀တီမြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့တွင်းမြို့ပြင်နှင့် အမှတ် ၁ မြ၀တီ-မဲဆောက်တံတား မြန်မာဘက်ခြမ်း ဗုံးပေါက်ကွဲမှုအပါအ၀င် အကြိမ် ၂၀ ထက်မနည်းဖြစ်စဉ်ရှိခဲ့သော်လည်း လူထိခိုက်သေ ဆုံးမှုဖြစ်စဉ် မရှိသေးကြောင်း၊ စစ်ကောင်စီ လက်အောက်ခံ ကျောင်း၊ ထွေအုပ်ရုံး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်း၊ BGF ရုံး အနီးတို့တွင်သာ ပေါက်ကွဲမှုဖြစ်စဉ်ရှိခဲ့ပြီး ယခုကြံ့ခိုင်ရေးပါတီရုံးအနီး ဗုံးပေါက်ကွဲမှုအထိ မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမှ လုပ်ဆောင်ကြောင်း ထုတ်ပြန်မှုတစ်စုံတစ်ရာမရှိသေးပေ။



















