Home သတင်း Totalenergies မှ စစ်ကောင်စီကို ငွေကြေးလွှဲပြောင်းပေးမှုများ ရပ်တန့်စေရန် ပြင်သစ်သမ္မတနှင့်အစိုးရကို အရပ်ဖက်အဖွဲ့ ၄၅၉ ဖွဲ့တောင်းဆို

Totalenergies မှ စစ်ကောင်စီကို ငွေကြေးလွှဲပြောင်းပေးမှုများ ရပ်တန့်စေရန် ပြင်သစ်သမ္မတနှင့်အစိုးရကို အရပ်ဖက်အဖွဲ့ ၄၅၉ ဖွဲ့တောင်းဆို

799

ဇွန်လ ၂၁ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း(MOGE) မှတဆင့် ပြင်သစ်ကုမ္ပဏီ Totalenergies မှ စစ်ကောင်စီထံ သို့ ငွေကြေးလွှဲပြောင်းပေးမည်ကို ရပ်တန့်ပေးရန် ပြင်သစ်သမ္မတ မက်ခရွန်နှင့် ၎င်း၏အစိုးရအဖွဲ့ထံကို မြန်မာ အပါအဝင် နိုင်ငံပေါင်း ၂၀ မှ အရပ်ဖက်အဖွဲ့အစည်းပေါင်း ၄၅၉ ဖွဲ့က ဇွန်လ ၂၀ ရက် နေ့စွဲဖြင့် ပူးတွဲထုတ်ပြန် ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။

လာမည့် ဇူလိုင်လတွင် မြန်မာပြည်မှ ထွက်ခွာတော့မည့် ပြင်သစ်ရေနံ Totalenergies ကုမ္ပဏီအနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဥရောပသမဂ္ဂ (EU)မှ MOGEအပေါ် ချမှတ်ထားသောအရေးယူပိတ်ဆို့မှုတွင် ချွင်းချက်ဖြစ်သည့် ကင်းလွတ်ခွင့်ကို အသုံးပြု၍ စစ်ကောင်စီကို အမေရိကန် ဒေါ်လာသန်း ၂၅၀ ပေးသွားနိုင်ခြေ ရှိသည့်အပေါ် ပြင်သစ်သမ္မတနှင့် အစိုးရအဖွဲ့ဝင်များအနေဖြင့် ခွင့်ပြုချက်မပေးရန် တိုက်ရိုက် တောင်းဆိုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၏ ပြောခွင့်ရ ကိုကေတူး က ယခုလိုပြောသည်။

၎င်းက “ဒီ သန်း ၂၅၀ ကို သူက ပေးခဲ့မယ်ဆိုရင် ပြင်သစ်နိုင်ငံရဲ့ အစိုးရ ခွင့်ပြုချက်ပေးမှ အဲ့လိုမျိုး သန်း ၂၅၀ကို ပေးခဲ့ဖို့ရှိမယ်။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလက EU က MOGE အပေါ် ချမှတ်ခဲ့တဲ့ Sanction မှာပါတဲ့ Exception ဆိုတဲ့ အချက်အရ သူတို့က အဲ့လိုမျိုးပေးခဲ့မယ်ဆိုရင်သူတို့ နိုင်ငံရဲ့ အစိုးရ ပြင်သစ်အစိုးရရဲ့ ခွင့်ပြုချက်ကိုပေးမှ ရမယ်။

ဒါကြောင့် ကျနော်တို့ အဓိက တောင်းဆိုတာက Totalenergies ကုမ္ပဏီကို ဒီ Exception ကို အသုံးပြု ခွင့်မပေးဖို့ပေါ့။ ဒီ Exception ကို ပေးခြင်းအားဖြင့် Total ကုမ္ပဏီပေးလိုက်တဲ့ ပိုက်ဆံတွေက စစ်ကောင်စီ ဆီ ရောက်ရင် ဒီပိုက်ဆံတွေက ပြည်သူလူထုသတ်ဖို့ ဖြစ်သွားလိမ့်မယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဥရောပ သမဂ္ဂ(EU) အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ စစ်ကောင်စီ၏ ရေနံ နှင့်သဘာဝ ဓာတ်ငွေ့ ကုမ္ပဏီ MOGE အပါအဝင် လူပုဂ္ဂိုလ်တချို့ကို အရေးယူ ပိတ်ဆို့မှုများချမှတ်ရာတွင် စစ်ကောင်စီနှင့်ဆက်လက်လက်တွဲလုပ်ဆောင်ခြင်းမပြုရန်၊ ငွေကြေးပေးအပ်ခြင်း မပြုရန် စသည့်အချက်များ ပါဝင်သော်လည်း အရေးယူပိတ်ဆို့မှု၏ ချွင်းချက်အနေဖြင့် ကုမ္ပဏီမှ နိုင်ငံအတွင်း ထွက်ခွာလျှင် စစ်ကောင်စီ ကို ငွေကြေးပေးအပ်ခဲ့မည်ဆိုပါက သက်ဆိုင်ရာ ပြင်သစ်အစိုးရ၏ ခွင့်ပြုချက်ရလျှင် ပေးအပ်နိုင်ကြောင်း အချက် ပါရှိသည့်အပေါ် ယခုလို ဝိုင်းဝန်းကန့်ကွက် တောင်းဆိုကြခြင်းဖြစ်သည်။

အလားတူ Totalenergies ကုမ္ပဏီမှ ငွေကြေးပေးသွင်းမှုကို တားဆီးပေးရန်နှင့် ၎င်းတားဆီးမှုတွင် ပြင်သစ် အစိုးရ၏ ထောက်ခံပံ့ပိုးမှုသည် အရေးကြီးကြောင်းအပြင် စစ်ကောင်စီအနေဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့မှ ရရှိသည့် ဝင်ငွေများဖြင့် လက်နက်များဝယ်ယူကာ အရပ်သား ပြည်သူများကို သတ်ဖြတ်နေပြီး လူမျိုးတုံးသတ် ဖြတ်မှုကိုပါ ကျူးလွန်နေကြောင်းလည်း ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် လက်ရှိတွင် မြန်မာပြည်သူများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ မီးရှို့သတ်ဖြတ်ခြင်းကို နေ့စဉ် ကြုံတွေ့နေကြရပြီး စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ကဏ္ဍပေါင်းစုံမှ တိုက်ဖျက်ရာတွင် စစ်ကောင်စီ၏ စီးပွားရေး ထောက်တိုင်များကို ဖြိုချသည့် လမ်းကြောင်းသည်လည်း အရေးပါသောကြောင့် စစ်ကောင်စီအတွက် အထောက်အပံ့ဖြစ်နေသည့် သွေးစွန်ငွေများကို တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းဖြတ်တောက်ပါဝင်ပေးကြရန် လည်း ထုတ်ပြန်ချက်၏ ပြောခွင့်ရ ကိုတူးကေက တိုက်တွန်းပြောဆိုခဲ့သည်။

TotalEnergies အနေဖြင့်လည်း ဒေါ်လာသန်းပေါင်းများစွာကို ပြီးခဲ့သည့် အာဏာသိမ်းချိန် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလကတည်းက တရားမဝင် စစ်အုပ်စုကို ပေးအပ်နေခြင်းဖြစ်ပြီး အဆိုပါသွေးစွန်ငွေများကို စစ်ကောင်စီအနေဖြင့် ဆက်လက်အသုံးပြုခွင့် ရရှိခြင်းဖြင့် တိုင်းပြည်အတွင်း ရက်စက်ကြမ်းကြုတ်မှုကို ဆက်လက် ကျူးလွန်နေမည်ဖြစ်သလို မအောင်မြင်သော အာဏာသိမ်းမှုမှ နောက်ဆုတ်ချင်စိတ်ကို လျော့နည်းစေကြောင်းလည်း ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။

ယခုနှစ် ဇွန်လ ၄ရက်နေ့တွင်လည်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအတွင်းရှိ ပြင်သစ်သံရုံး များမှ စစ်တပ်၏ လုပ်ရပ်သည် တရားမဝင်သော အာဏာသိမ်းမှုတစ်ရပ်ဖြစ်သည်ဟု ကြေညာခဲ့ပြီး ပြင်သစ်၏ အထက်၊ အောက်လွှတ်တော်နှစ်ရပ်လုံးကလည်း အာဏာသိမ်းစစ်တပ်ကို တရားဝင်အသိအမှတ်မပြုထားဘဲ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုသာ တရားဝင်ကိုယ်စားလှယ်များအနေဖြင့် ပြင်သစ် အထက်လွှတ် တော်က အသိအမှတ်ပြုထားကြောင်း သိရသည်။

ယခု ထုတ်ပြန်လိုက်သည့် ပူးတွဲကြေညာချက်တွင် မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၀မှ ဒေသတွင်းနှင့် နိုင်ငံတကာ မှ အရပ်ဖက်အဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြု အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအဖွဲ့များ၊ အစိုးရမဟုတ်တော့ အဖွဲ့အစည်းများ၊ သပိတ်ကော်မတီများ၊ သမဂ္ဂများနှင့် အမည်မဖော်လိုသည့် အဖွဲ့အစည်းများပါဝင်ကြောင်း ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။