Home သတင်း MOU အစီအစဉ် မသမာမှုရှိနေသဖြင့် အလုပ်သမားစာရွက်စာတမ်းအထောက်အထားရရန် စောင့်ဆိုင်းနေရသူ လူရာချီရှိနေ

MOU အစီအစဉ် မသမာမှုရှိနေသဖြင့် အလုပ်သမားစာရွက်စာတမ်းအထောက်အထားရရန် စောင့်ဆိုင်းနေရသူ လူရာချီရှိနေ

732
Photo: အလုပ်သမားသံရုံး

ဇွန်လ ၁၀ ရက်၊ ၂၀၂၂ ခုနှစ် ။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မြ၀တီဘက်အခြမ်း MOU အလုပ်သမားပို့ဆောင်ရေး အစီအစဉ်များတွင် အလုပ်သမား အေဂျင်စီဘက်နှင့် အလုပ်သမားဌာန၏ ရုံးလုပ်ငန်းစဉ်များတွင် မသမာမှုများရှိနေသဖြင့် ဗီဇာပတ်စ်ပို့နှင့် အလုပ် သမားအထောက်အထား စာရွက်စာတမ်းများရရှိရန် စောင့်နေရသူ လူရာချီရှိနေသည်ဟု သိရှိရသည်။

လက်ရှိတွင် အလုပ်သမားအထောက်အထား စာရွက်စာတမ်းများရရှိရန် မြ၀တီမြို့ အလုပ်သမားဌာနအနီး တည်းခို ဆောင်များတွင် ထိုင်းနိုင်ငံသို့ ၀င်ရောက်အလုပ်လုပ်ကိုင်လိုသူများ လူရာချီစောင့်ဆိုင်းနေထိုင်နေကြရကြောင်း ပဲခူးတိုင်း၊ ထန်းတပင် ကျေးရွာဘက်မှ ထိုင်းနိုင်ငံသို့ MOU အစီအစဉ်ဖြင့် အလုပ်လုပ်ရန် မြ၀တီ မြို့တွင် စောင့် ဆိုင်းနေရသူတစ်ဦးက ယခုလို ပြောသည်။

“MOU နဲ့ သွားဖို့ မြ၀တီ ရောက်နေတာကြာပြီ တစ်လကျော်ပြီပေါ့ ၊ နေ့တိုင်းပတ်စ်ပို့ ရုံးမှာ တန်းစီလိုက် ပြန်လာ တည်းခိုလိုက်နဲ့ အခုထိက မသွားရသေးဘူး၊ သူတို့ ပွဲစားနဲ့၀န်ထမ်းနဲ့ချိတ်ထားတဲ့ သူတွေကတော့ နေ့ချင်းပြီး ရတယ်၊ ပတ်စ်ပို့နေ့ချင်းပြီး စျေးက ၆ သောင်း၊ ၈ သောင်း၊ ၁ သိန်း ၊ ၁ သိန်း ၅ သောင်း အထိရှိတယ်၊ ကျနော်တို့ အုပ်စုမှာက ပတ်စ်ပို့ ဗီဇာနဲ့ အလုပ်သမား အချက်အလက်လက်ဗွေတွေ စာရွက်စာတမ်းအထောက်အထားတွေက ရုံးလုပ်ငန်းအတိုင်းပဲ သွားလုပ်တာဆိုတော့ တော်တော်နဲ့ မရတာကြောင့် ကြာနေကြတယ်၊ ကျနော်တို့လို တည်းခိုအဆောင်တွေမှာ စောင့်နေရတာ လူရာချီပြီးရှိတယ် ” ဟု ပြောသည်။

ထိုင်း-မြန်မာ MOU အလုပ်သမားပို့ဆောင်ရေး အစီအစဉ်အရ ထိုင်းနိုင်ငံအတွင်း အလုပ်သမား လိုအပ်ချက် ၁ သိန်း ၈ သောင်းခန့်ရှိနေကြောင်း သိရပြီး မြန်မာနိုင်ငံဘက်အခြမ်းမှ MOU အလုပ်သမား ပို့ဆောင်နေမှုမှာ ကရင်ပြည် နယ် မြ၀တီ အမှတ်-၂ တံတားနှင့် တနင်္သာရီတိုင်း ကော့သောင်းဆိပ်ကမ်းမှပို့ဆောင်ပေးနေသည့် အစီအစဉ်အရ မေလအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ထောင်ခန့်ပို့ဆောင်ခဲ့ပြီဟု အလုပ်သမားပို့ဆောင်ပေးသူများက ပြောသည်။

သို့သော်လည်း ယခင်ကိုဗစ် ၁၉ ကူးစက်ရောဂါ ကာလအတွင်း MOU အစီအစဉ် ဆိုင်းငံ့ခံထားရသည့်အချိန်က အလုပ်သမားများအား ပြန်လည်ချိတ်ဆက်အလုပ်ခွင်ပို့ပေးသည့်ကိစ္စများ ပြန်မလုပ်ပေးနိုင်ကြသေးကြောင်းနှင့် ယခု လက်ရှိ အလုပ်သမားပို့ဆောင်သည့် အခြေအနေမှာ ပိုက်ဆံပိုကုန်ပါက မြန်မြန်ရောက်ပြီး ရုံးလုပ်ငန်းအတိုင်း သွားလျှင် ကြန့်ကြာမှုများ၊ မသမာမှုများ၊ အဂတိမှုများရှိနေသည့်အတွက် လုပ်ငန်းလိုအပ်ချက်များ ရှိနေကြောင်း မြ၀တီဘက်အခြမ်း အလုပ်သမားအရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

၎င်းက ” တချို့ အလုပ်သမား ပို့ဆောင်ရေးကုမ္ပဏီ အေ့ဂျင့်တွေက ရုံး၀န်ထမ်းအကြီး အကဲတွေနဲ့ ပေါင်း ထားပြီးတော့ သူတို့အလုပ်သမား အရင်ပို့ဆောင်ခွင့်ရရေးကို မသမာနည်း အဂတိလမ်း ကြောင်းတွေ နဲ့ လုပ်ဆောင်ကြတော့ မြန်မြန်သွားရတယ် ၊ ပုံမှန်ရုံးလုပ်ငန်းအတိုင်းသွားဖို့ လုပ်တဲ့ သူတွေကျတော့လနဲ့ချီပြီး ကြာနေတယ်၊ အဲ့ဒီတော့အခုက မြန်မြန်သွားချင်ရင် ပိုက်ဆံပိုပေး၊ ပုံမှန်သွားတဲ့ လူတွေကတော့ ကြာမယ်ပေါ့။”ဟု ပြောသည်။

ထိုင်း-မြန်မာ MOU အလုပ်သမား ပို့ဆောင်သည့် လုပ်ငန်းစဉ် အခြေအနေမှာ အလုပ်သမားတစ်ဦးလျှင် လုပ်ငန်းခွင်အရောက် ကုန်ကျငွေ ၁၅ သိန်း၊ သိန်း၂၀ မှ သိန်း၃၀ ခန့် အထိ မိမိလုပ်ကိုင်ရမည့် လုပ်ငန်း အခြေအနေပေါ် မူတည်၍ ကုန်ကျစရိတ် ရှိနေသည်ဟု အလုပ်သမားအေဂျင်ဆီများနှင့် နီးစပ်သူများထံမှ သိရှိရသည်။

သို့သော် မိမိချိတ်ဆက် ဆောင်ရွက်သည့် အလုပ်သမားပို့ဆောင်ရေး ကုမ္ပဏီများဘက်မှ ရုံးလုပ်ငန်း၊ စာရွက်စာတမ်းအထောက်အထားလုပ်ငန်းနှင့် ထိုင်းဘက် စက်ရုံအလုပ်ရုံ ၊အလုပ်ရှင် ချိတ်ဆက်သည့် အခြေအနေပေါ် မူတည်၍ ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်ရန် စောင့်ဆိုင်းရချိန် ၁ လ မှ ၃ လ အထိ ကြာ တတ်ကြောင်း ထိုင်းနိုင်ငံဘက်သို့ MOU အစီအစဉ် ဖြင့်အလုပ်လုပ်ရန် မြ၀တီမြို့တွင် တည်းခို၍ စောင့် ဆိုင်းနေသူများ ပြောသည်။