ဇွန်လ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဝေါ်လေမြို့နယ်ခွဲရဲစခန်းကို ဇွန်လ (၁၃)ရက်နေ့က တိုက်ခိုက်သိမ်းယူစဉ် ဖမ်းဆီးထိန်းသိမ်းထားသည့် ရဲမိသားစုဝင်များကို ပြန်လွှတ်ပေးသွားမည်ဟု နယ်မြေခံ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့-KNDOက ပြောသည်။
အဆိုပါ ထိန်းသိမ်းထားသည့် ရဲမိသားစုဝင် အမျိုးသမီး(၃)ဦးနှင့် ကလေးငယ် (၂)ဦးကို အမျိုးသမီးနှင့် ကလေး သူ ငယ်အခွင့်အရေးအရ ကာကွယ်သောအားဖြင့် ပြန်လွှတ်ပေးသွားမည်ဖြစ်ပြီး ပြန်မလွှတ်ခင်တွင် သက်ဆိုင်ရာ အမျိုးသမီးအဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်တွေ့ဆုံပေးမည်ဖြစ်သည်ဟု KNDO မှ ဗိုလ်မှူးချုပ်စောနယ်ဒါးမြ ဘိုမြက ယခုလို ပြောသည်။
“မလွှတ်ပေးခင် အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မယ်။ အခုလောလောဆယ်တော့ မဆက်သွယ်ရ သေးဘူး၊ ချိတ်ဆက်ပြီးတော့ ပြန်ရဲမရဲ သူတို့တွေ မေးမြန်းရအုံးမယ်။ တကယ်လို့ ပြန်ဖို့သူတို့ဆန္ဒမရှိရင် ပြန်မရဲရင် သူတို့လုံခြုံရေးအတွက် နောက်တစ်မျိုးပြန်စဉ်းစားပြီး စီစဉ်ပေးရမှာပေါ့။”ဟု ဗိုလ်မှူးချုပ်စောနယ်ဒါးဘိုမြက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ထိန်းသိမ်းထားသည့် စစ်ကောင်စီ၏ ရဲမိသားစုဝင်များကို ပြန်လွှတ်ပေးမည်ဆိုသော်လည်း ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ရဲတပ်ဖွဲ့ဝင်(၅)ဦးကို စစ်ဆေးမေးမြန်းစရာများရှိနေသေး၍ ယခုအချိန်တွင်ပြန် လွှတ်ရန် အစီအစဉ်မရှိသေးကြောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြက ပြောသည်။
“ အရင်က စစ်သုံ့ပန်းတွေကို ကျနော်တို့ ဖမ်းဆီးထားတာရှိတယ်။ ဖမ်းဆီးထားတဲ့သုံ့ပန်းတွေကို ကျနော်တို့ မသတ်ဘူး။ သူတို့ကို စစ်ဆေးတယ်၊ မေးမြန်းတယ်။ အဲဒီအလုပ်ကိုပြန်မလုပ်ဖို့ ကျနော်တို့ ပြောတယ်။ နောက်ပြီး သူတို့ကို နေရာချပြီး သူတို့နဲ့သင့်တော်ရာအလုပ်တွေရှာပေးတယ်။ သူတို့လုပ်ချင်တဲ့အလုပ်ကိုပဲ ကျနော်တို့ ရှာပေးတယ်။ ”ဟု ဗိုလ်မှူးချုပ်စောနယ်ဒါးဘိုမြက ဆက်ပြောသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားနေသည့် စစ်ပြေပြင်ရှိ စစ်ကောင်စီလက်အောက်ခံ စခန်းအချို့တွင် တစ်ဖက်တပ်မှ ဝင်ရောက်တိုက်ခိုက်မှုမရှိစေရန်နှင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ မထွက်ပြေးနိုင်ရန်အတွက် မိသားစုဝင်အမျိုးသမီးနှင့် ကလေးငယ်များကို အကာအကွယ်ယူပြီး စခန်းထဲ၌ အသုံးချခေါ်ဆောင်ထားသည်ကိုတွေ့ရှိရကြောင်းလည်း ဗိုလ်မှူးချုပ်စောနယ်ဒါးဘိုမြက ထပ်လောင်းပြောဆိုသည်။
ရဲမိသားစုဝင် အမျိုးသမီးတစ်ဦးက “ကျမယောကျ်ားက တိုက်ပွဲမှာကျသွားတယ်လို့ ပြောတယ်။ သတင်း အတိ အကျတော့ မသိဘူး။ သူတို့ခေါ်လာတယ်ဆိုတော့ ကျမတို့ကလည်း ကောင်းကောင်းမွန်မွန်လိုက်လာတယ်။ သူတို့ လည်းကောင်းကောင်းမွန်မွန်ခေါ်တယ်။ ယောက်ျားနာမည်တွေ၊ ရာထူးတွေ လိပ်စာတွေတော့ မေးတာရှိတယ်။ ကျမတို့လည်း အမှန်တိုင်းပဲ ဖြေပါတယ်။ ပြန်လွှတ်ပေးရင် ရန်ကုန်က အမေဆီကိုပဲပြန်ပြီး လုပ်ကိုင်စား သောက်မယ်။ ကလေးလည်းရှိသေးတယ်ဆိုတော့”ဟု ကေအိုင်စီသို့ ပြောသည်။
ဝေါ်လေမြို့နယ်ခွဲ ရဲစခန်းအား KNDO ပူးပေါင်းတပ်ဖွဲ့များ တက်ရောက်တိုက်ခိုက်သိမ်းယူသည့်အချိန်တွင် ရဲတပ်ဖွဲ့ဝင် (၂)ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့နှင့် စစ်သုံ့ပန်း ရဲတပ်ဖွဲ့ဝင် (၅)ဦး၊ မိသားစုဝင် (၅)ဦး ဖမ်းဆီး သိမ်းဆည်းခဲ့သလို အဆိုပါ ရဲစခန်းတွင် ၃ လကျော်ကြာ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည့် CDM/PDF (၉)ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့သည်ဟု KNDO က ပြောသည်။
စခန်းမှူးရဲအုပ်လှသိန်းဦးစီးသည့် ဝေါ်လေမြို့နယ်ခွဲရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်အင်အား ၂၄ ဦးနှင့် မိသားစု (၄)စု နေထိုင်ပြီး စခန်းတက်ရောက်တိုက်ခိုက်သိမ်းယူသည့်အချိန်တွင် စခန်းစွန့်ခွာ ထွက်ပြေးရသည့် ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၁၆ ဦးမှာ ယခုအချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် သတင်းအရင်းအမြစ်များထံမှ သိရသည်။