Home သတင်း ထိုင်းစားသုံးဆီစျေးမြင့်တက်လာသည့်အတွက် ကရင်ပြည်နယ်ဒေသအတွင်း ကုန်စုံဆိုင်များတွင် ရောင်းအားကျ

ထိုင်းစားသုံးဆီစျေးမြင့်တက်လာသည့်အတွက် ကရင်ပြည်နယ်ဒေသအတွင်း ကုန်စုံဆိုင်များတွင် ရောင်းအားကျ

280
Photo: CJ

ဇွန်လ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာ ငွေလွှဲနှုန်းမြင့်မားနေမှုကြောင့် မြန်မာပြည်တွင်းစျေးကွက်သို့ ၀င်ရောက်လာသည့် ထိုင်းနိုင်ငံထုတ် စားသုံးဆီစားသောက်ကုန်များ အဆမတန်ကုန်စျေးနှုန်းမြင့်တက်လာနေသည့်အတွက် ကရင်ပြည်နယ် ဒေသအတွင်း ကုန်စုံဆိုင်များတွင် စားသုံးဆီများရောင်းအားကျဆင်းလာနေကြောင်း ကုန်စုံဆိုင်ရောင်းချသူများက ပြောသည်။

ထိုင်းထုတ်ကုန်ကို အဓိက မှီခိုနေရသည့် ကော့ကရိတ်၊ ကျုံဒိုးမြို့ဒေသများတွင် ယခင်က ထိုင်းနိုင်ငံမှ တင်သွင်း သည့် ဆီတစ်လီတာဗူးတစ်ဗူးလျှင် ၁,၅၀၀ ကျပ်မှ ယခု ၅,၅၀ဝ ကျပ်အထိစျေးနှုန်းမြင့်တက်သွားသလို ယခင်က ပုံးဝါဆီတစ်ပုံးကို ၂၀,၀၀၀ ကျပ်မှ ယခု ၆၀,၀၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်သွား၍ ရွာကုန်စုံဆိုင်များတွင် ၀ယ်စားသူတောင် သိပ်မရှိတော့ကြောင်း ကျုံဒိုးမြို့ရှိ ကုန်စုံဆိုင်ရောင်းချသူတစ်ဦးက ပြောသည်။

၎င်းက “ကော့ကရိတ်ကျုံဒိုးဘက်က ကုန်စုံဆိုင်တွေမှာ တောင်ပေါ်ကုန် (ထိုင်းစားသောက်ကုန် ) စားသုံးဆီ စျေးနှုန်းတွေ ထိုင်းဘတ်စျေးတက်တာ ၀ယ်မရောင်းနိုင်လောက်အောင် ဖြစ်နေတယ်၊ စျေးရင်းကြီးတော့ ပြန်ရောင်းရတာလည်း ခရီးစရိတ်၊ အတင်အချစရိတ်တွေ ပေါင်းလိုက်တော့ အမြတ်တင်မရောင်းရဲတော့ဘူး ၊ စျေးက အရင်စစ်အာဏာမသိမ်းခင်ကထက် ၃ ဆလောက် ကုန်စျေးနှုန်းက မြင့်လာတယ် ။ ရွာသားတွေတော်ရုံ တန်ရုံ ၀ယ်မစားကြတော့ဘူး”ဟု ပြောသည်။

ကရင်ပြည်နယ် ဒေသအတွင်း မြို့ရွာများတွင် စားသောက်ကုန်၊ ဒေသထုတ်ကုန်မရှိသည့်အတွက် သား၊ ငါး၊ အသီးအနှံနှင့် လူသုံးကုန်၊ စားသောက်ကုန်၊ ဆေးဝါးနှင့် အိမ်ဆောက်ပစ္စည်း၊ ယာဉ်စက်အပိုပစ္စည်း၊ စက်သုံးဆီ ၊ လောင်စာဆီတို့မှာ ထိုင်းနိုင်ငံထုတ်ကုန်များကိုသာ မှီခိုအားထား၀ယ်ယူအသုံးပြုကြရသည့် ပြည်နယ်ဖြစ်သည်။

ယခုအချိန်တွင် ဒေသတွင်းကုန်စျေးနှုန်း ကြီးမြင့်လာမှု၊ အလုပ်အကိုင်ရှားပါးလာမှု၊ ဒေသအတွင်း စစ်ကောင်စီ တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များ တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားဘ၀များ နိမ့်ကျလာနေပြီး ထိုင်းနိုင်ငံဘက်သို့ ရွှေ့ပြောင်းလုပ်သားအဖြစ် နေရပ်စွန့်ခွာသွားရောက်အလုပ်လုပ်ကိုင်သူနှုန်းမြင့်မားလာနေကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။