Home သတင်း လေကြောင်းကင်းထောက်မှုများကြောင့် တစ်ကျော့ပြန်ဗုံးကြဲတိုက်ခိုက်ခံရမည့်အရေး သေ့ဘောဘိုး ဒေသခံများ စိုးရိမ်ပူပန်နေ

လေကြောင်းကင်းထောက်မှုများကြောင့် တစ်ကျော့ပြန်ဗုံးကြဲတိုက်ခိုက်ခံရမည့်အရေး သေ့ဘောဘိုး ဒေသခံများ စိုးရိမ်ပူပန်နေ

929
Photo: Crd.

မေလ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

သေ့ဘောဘိုး စစ်ကောင်စီစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်နိုင်ပြီးနောက် စစ်ကောင်စီဘက်မှ ကင်းထောက်လေယာဉ်များဖြင့် လာ ရောက်ထောက်လှမ်းမှုများ ရှိနေသေးသည့်အတွက် တစ်ကျော့ပြန် လေကြောင်းတိုက်ခိုက်မှုရှိ လာနိုင်သည့်အပေါ် စိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။

မေလ ၁၈ ရက်နေ့က KNLA ပူးပေါင်းတပ်ဖွဲ့၏ သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်မှလေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၃၀ ကျော်ပြုလုပ်ခဲ့ရာ ဗုံးကြဲတိုက်ခိုက်ခံထားရသည့် ကျေးရွာနေအိမ်များဘက်နှင့် သေ့ဘောဘိုးစစ်စခန်းဘက်သို့ စစ်ကောင်စီက ကင်းထောက် လေယာဉ် ငယ်များအသုံးပြု၍ လာရောက်ကင်းထောက်မှုများရှိနေသည့်အပေါ် သေ့ဘောဘိုး ဒေသခံ ရွာသား တစ်ဦးက ယခုလိုပြောသည်။

“ပြန်သိမ်းပိုက်နိုင်တဲ့ သေ့ဘောဘိုး စစ်ကောင်စီစခန်းကတော့ ကရင်ပူးပေါင်းအဖွဲ့တွေ စခန်းထိုင် ထားတယ်။ အဲ့ဒီနေ့က တိုက်လေယာဉ်က တစ်နေ့ကုန် ဗုံးကြဲထားတာ မြင်တွေ့ထားရတော့ ဒေသခံတွေ လေယာဉ်ထပ်လာမှာ ကြောက်နေတုန်းပဲ၊ အခုရက်တွေမှာလည်း ကင်းထောက် လေယာဉ်က လာလာ ပျံပြီးဝဲနေတာတွေက နေ့ရော၊ ညရောရှိနေတုန်းပဲဆိုတော့ သူတို့ ပြန်လာသိမ်းမယ့် စစ်ဆင်ရေးက ဆက်ဖြစ်မယ့် အခြေအနေကရှိနေသေးတယ်၊ တိုက်လေယာဉ်က အချိန်မရွေးလာပြီး ဗုံးကြဲမှာ ကြောက်နေ စိုးရိမ်နေကြတုန်းပါပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် လတ်တလောတွင်လည်း စစ်ကောင်စီဘက်မှ လမ်းသွားလမ်းလာများကို တားမြစ်စစ် ဆေးမှုများပိုမိုလုပ်ဆောင်နေသောကြောင့် ပူးပေါင်းတပ်ဖွဲ့ဘက်မှ အရပ်သားများကို ဝေါလေ နှင့် မြဝတီ ဘက်ခြမ်းသို့ သွားလာခွင့်မပေးသေးကြောင်းနှင့် မယ်ထော်သလေး၊ ကွင်းကလေး နှင့် ဝေါလေ ဒေသများတွင် စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်များက ဂိတ်များဖွင့်၍ လူစာရင်း၊ ကားစာရင်းများ တိုက်ဆိုင်စစ်ဆေးမှုများ တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေကြောင်းလည်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

ပြီးခဲ့သည့်မေလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် စစ်ကောင်စီ၏ သေ့ဘောဘိုးစခန်းအား KNLA ပူးပေါင်းတက်ဖွဲ့က တက်ရောက်တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ရာတွင် ဒေသခံများ၏ နေအိမ်တချို့နှင့် ကျေးရွာဘုရားကျောင်း၊ စာသင်ကျောင်းဆောင်များ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။

Photo: Crd.

သေ့ဘောဘိုးစခန်းအား KNLA ပူးပေါင်းတပ်များ ပြန်လည်သိမ်းပိုက်ထားသည့်အခြေအနေတွင် ဒေသတွင်း စစ်ကောင်စီစခန်းများဖြစ်သော ဥုကရိထစခန်း၊ ဝေါလေစခန်းတို့ဘက်မှ လက်နက်ကြီး ပစ်ကူပစ်ခတ်၍ မယ်ထော်သလေး ၊ ဖလူးကြီး၊ လေးကေကော်ဘက်မှ မြေပြင်စစ်ကြောင်းများ၊ လေကြောင်းပစ်ကူများဖြင့် သေ့ဘောဘိုးစခန်းအား ပြန်လည်တိုက်ခိုက်လာနိုင်သည့်အတွက် KNLA ပူးပေါင်းတပ်များ စစ်ရေးအသင့်အနေအထားဖြင့် စောင့်ကြည့်နေကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့ စစ်ရေး သတင်းအရင်းအမြစ်ဘက်က ပြောသည်။

အလားတူ ယနေ့ နံနက်ပိုင်းတွင်လည်း သေ့ဘောဘိုး စခန်းသိမ်းအောင်ပွဲရ KNLA /KNDO ပူးပေါင်း (Cobra) စစ်ကြောင်းကို ဒေသခံရွာသားများက ဂုဏ်ပြုကြိုဆိုမှု ပြုလုပ်ခဲ့ပြီး သိမ်းပိုက်ရရှိထားသည့် စခန်းကို လုံခြုံရေးပိုင်း ပြန်လည်ပြင်ဆင်ရှင်းလင်းမှုများ လုပ်ဆောင်ထားကြောင်း စစ်ရေး သတင်းအရင်းအမြစ်အရ သိရသည်။

“ပြန်သိမ်းရတဲ့ သေ့ဘောဘိုးစခန်းမှာတော့ ကိုယ့်ကရင်အဖွဲ့တွေ လုံခြုံရေးပိုင်း ပြန်လည်ပြင်ဆင် ရှင်းလင်းတာတွေ လုပ်နေတယ်။ စစ်ကောင်စီ စခန်းတွေက စစ်သားတွေလည်း စိတ်ဓါတ်ပျက်ပြားနေပြီး ၊ သူတို့ ဆီဘယ်တော့ လာတိုက်ခံရမလဲဆိုတာတွေးပြီး စိတ်ဓါတ်ကျနေကြတယ်၊ သူတို့ စစ်ခေါင်း ဆောင်တွေကလည်း စစ်အင်အား ဖြည့်ပြီး သေ့ဘောဘိုးကို ပြန်တိုက်ခိုင်းနေတယ်ဆိုတာ သိရတယ်၊ ဘာပဲဖြစ်ဖြစ်အသင့်အနေအထားတော့ အမြဲပြင် ဆင်ထားတယ်၊ ပေါ့လို့ မရဘူးလေနော်” ဟု ပြောသည်။

KNU တပ်မဟာ ၆ နယ်မြေ၊ ဒေါနအရှေ့ခြမ်း မြ၀တီ-ဝေါလေဒေသအတွင်း စစ်ကောင်စီတပ်နှင့် (BGF) တပ်ဖွဲ့ဘက်မှ မေတ္တာလင်းမြိုင်၊ မယ်ထော်သလေး၊ လက်ခက်တောင် ၊ ထီးမယ်ဝါးခီး၊ ရပ်တော်မူ ဘုရားကုန်း၊ လေးကေကော်အမြှောက်ကုန်း၊ ဖလူးကြီး ဘုရားကုန်း၊ ဗိုလ်စလုံးစခန်းဟောင်းအပါအ၀င် ဝေါ်လေမြိုင် ဒေသဘက်တွင်လည်း စစ်ကောင်စီ အခြေစိုက်စခန်း ၁၀ ခု ၀န်းကျင်တပ်စွဲထားပြီး KNLA ပူးပေါင်းအဖွဲ့များအား နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေး အသွင်တိုက်ခိုက်မှုများကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး ယခု မေလ ၂၄ အထိ ၆လနီးပါးကြာမြင့်လာပြီးဖြစ်သည်။

လတ်တလောတွင်လည်း နှစ်ဖက်စစ်ရေး တင်းမာတိုက်ခိုက်မှုများရှိနေဆဲဖြစ်သလို ဒေသခံ စစ်ဘေးရှောင် တစ်သောင်းကျော်မှာလည်း နေရပ်ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးဘဲ မိုးရာသီ ကာလအတွင်း ခိုလှုံနေထိုင်စရာ အမိုးအကာများ၊ စားနပ်ရိက္ခာများ၊ ဆေးဝါး အကူအညီများ လိုအပ်နေကြောင်း ဒေသခံစစ်ဘေးရှောင် ကူညီစောင့်ရှောက်သူများထံမှ သိရသည်။